Sunday, June 1, 2014

သိပါလေစ ဦးသိန်းစိန်

အောင်မျိုးထွန်း
(Aungmyo Tun ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။)

သမ္မတ ဗိုလ်သိန်းစိန် လေလှိုင်း/ကေဘယ်လိုင်းပေါ်က လစဉ် ထွက်ပြောနေကျ မိဘပြည်သူများ အစချီပြီး ဗုံမဟုတ်ပတ်မဟုတ် စကားတွေကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတွေ စိတ်ဝင်စားမှု မပြကြပါဘူး။ အာဏာရှင် ဗိုလ်သန်းရွှေ ရေငုံနှုတ်ပိတ် ၀စီပိတ်သလောက် သူ့ တပည့်ကျော်ကြီး ဗိုလ်သိန်းစိန်ကတော့ ပျော့ပျော့လေးနဲ့ နံလှတဲ့ မိန့်ခွန်းတွေကို တလတခါ ပုံမှန်မှုတ်ထုတ်လေ့ရှိပြီး နိုင်ငံရေးသမား ဦးသိန်းစိန်ဘ၀ မရောက်ရောက်အောင် စစ်ဗိုလ်ချုပ်ကြီး အရေခွံကို အစွမ်းကုန် ကြိုးစားချွတ်နေရှာတယ်။ ဗမာပြည်သမိုင်းမှာ ထိပ်တန်းစစ်အာဏာရှင် အရာရှိကြီးတယောက်အဖြစ်က အထိုက်အလျောက် လူထုနှစ်ခြိုက်လက်ခံသူတဦးဖြစ်လာသူဟု ဗွေဆော်ဦး မှတ်တမ်းထိုးနိုင်အောင် အာဏာ၊ ငွေ၊ လုပ်ပိုင်ခွင့်တွေကို ကန့် လန့် ကာနောက်ကွယ်မှာ ပရောက်စီများခံပြီး ဗုံးပေါလအော ထုတ်သုံးသလို တဖက်မှာလည်း စည်းရုံးရေးအရ “ပြည်သူကို မဆန့် ကျင်သူ” အခေါ်ခံရအောင် နေ့ စဉ် အပတ်စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်ပြီး သူ့ အဖို့ ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်း အထာနပ်လာပုံရပါတယ်။

ဒီနေ့ ပြောသွားတဲ့ ရေဒီယိုမိန့် ခွန်းမှာ ဗိုလ်သိန်းစိန်ရဲ့ နိုင်ငံရေး ပါးနပ်မှုကို တစွန်းတစ သိရှိခွင့်ရခဲ့တယ်။ သေမင်းတမန်လမ်းမကြီး လို့  အများသူငါ ခေါ်ဝေါ်နေတဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က ကားမတော်တဆဖြစ်ရပ်တွေမှာ ခရီးသွားပြည်သူ အမြောက်အများ မယုံကြည်လောက်အောင် သေကြေကျိုးကန်း ဒုက္ခရောက်နေကြတဲ့ကိစ္စအပေါ် သမ္မတရဲ့  နိုင်ငံရေးအမြတ်ထုတ်မှုကို ဒီလမိန့် ခွန်းထဲမှာ နားထောင်လိုက်ရတယ်။ ရုပ်ပျက်ဆင်းပျက် ကားတိုက်၊ ကားမှောက်မှုတွေ ဖြစ်ပေါ်လာတိုင်း ပြန်ကြားရေး၊ ဆောက်လုပ်ရေးနဲ့  ပြည်ထဲရေးဌာန အပါအ၀င် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မော်တော်ယာဉ်၊ ဒါရိုင်ဘာနဲ့  ရာသီဥတုကို ပါးစပ်က စက်သေနတ်ပစ်သလို တဒိုင်းဒိုင်း ပုံချတတ်ပြီး အမြန်ကားလမ်းမကြီးရဲ့ စံချိန်မမီ ချို့ ယွင်းချက်တွေနဲ့  ၄/၅ ရာခိုင်နှုန်းခန့်သာ သက်ဆိုင်တယ်လို့ အကြောင်းပြလေ့ရှိကာ မီဒီယာတွေနဲ့ ကားမောင်းသူတွေဘက်က အကြီးအကျယ် လက်ညှိုးထိုးပြတဲ့ လမ်းပြစ်ချက်အပေါ် အာဏာပိုင်များက ခပ်ထန်ထန် ငြင်းဆန်နေကျဖြစ်တယ်။ ကားမှောက်/တိုက် လူသေမှုတွေ ဖြစ်လာပြီဆို ဟိုဘက်ဒီဘက် စကားလုံးတိုက်ပွဲတွေ ပေါ်လာပြီး ဘယ်တော့မှလည်း အဖြေတခုဆီ မရောက်တဲ့အပြင် နှစ်ဘက်အမုန်းပွားမှုတွေသာ ထပ်တိုးလာတာကို အကဲခတ်မိတဲ့ သမ္မတဟာ အမြန်လမ်းပေါ်က နာမည်ကျော်နေရာများသို့  ကိုယ်တိုင်သွားကာ ပြည်သူလူထု ဝေဖန်အပြစ်တင်မှုများတဲ့ လမ်းပိုင်းဆိုင်ရာ အနာအဆာကဏ္ဍကို အထူး ဦးစားပေး စစ်ဆေးပြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့  လမ်းညွှန်လိုက်တယ်။ လူတွေရဲ့ အပြစ်ကြောင့်ပါ ဆိုတဲ့ စကားလုံး လုံးဝမပါအောင် ရှောင်ကွင်းပြီး “ခင်ဗျားတို့ ဝေဖန်တာကို ကျုပ် နားထောင်တယ်” လို့  မပြောရုံတမယ် ကျွမ်းကျင်စွာနဲ့  နိုင်ငံရေးသမား ပုံပန်းစရိုက် ပေါ်လွင်အောင် ဖမ်းပြသွားတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလထဲမှာ နောက်တခု ထင်ထင်ရှားရှား ဖြစ်ထွန်းလာခဲ့တဲ့ ဖွဲ့ စည်းပုံစာအုပ်ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေးလှိုင်းလုံးနဲ့ ပက်သက်ပြီး ဗိုလ်သိန်းစိန် သဘောထားဆိုတာထက် ဒီ လှိုင်းလုံးအပေါ် ဘယ်လို တက်စီးရမလဲ ဆိုတဲ့ နိုင်ငံရေးသမားညာဉ်ကို တစွန်းတစ ထပ်ပြလာတယ်။ ထိပ်သီးအတိုက်အခံ နိုင်ငံရေးအင်အားစုရဲ့  လေးပွင့်ဆိုင်တွေ့ ဆုံရေးကိစ္စမှာ ဗီလိန်နေရာက သရုပ်ပြ ပွဲထွက်ပေးလိုက်ရတဲ့ ဗိုလ်သိန်းစိန်ဟာ ဒီချုပ်ပါတီ ခေါင်းဆောင်ရဲ့  နောက်တကြိမ် ထလာတဲ့ ၄၃၆ လှုပ်ရှားမှုနဲ့ အတူ ပြည်သူလူထု ပါဝင်လာမှုအပေါ် သူ့ အနေနဲ့ “စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေပါတယ်”လို့  ထည့်သွင်းပြောခဲ့တဲ့အပြင် လတ်တလော ကောက်ယူနေတဲ့ ပြင်ဆင်ရေးထောက်ခံမှု လက်မှတ်များရဲ့ ခရီးဆုံး ချော်တောငေါ့ လည်ထွက်မသွားအောင် လွှတ်တော်ဘက်မှ ဖွဲ့ စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့ စည်းထားပြီး ဥပဒေနဲ့ အညီ ပြင်ဆင်ကြဖို့ လုပ်ငန်းတွေကိုလည်း ပါလီမန်အမတ်တွေက ကြိုးစားလုပ်ဆောင်နေပါတယ် လို့ ၀မ်းသာအဲလဲ ထွက်ပြောလာခြင်းဖြင့် “ရွှေမန်း - သိန်းစိန် ပွတ်တိုက်နေကြပြီ” ပြဇာတ်ကြီးကို ဒီနေရာမှာတော့ ချောင်ထိုးပစ်လိုက်ပါတော့တယ်။

ဒါတင်မက ပြည်သူလူထုရဲ့ ဆန္ဒ ကောက်ယူနေတာနဲ့ ပက်သက်ပြီး သမ္မတ ဗိုလ်သိန်းစိန်က “ကျနော့်အနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံရေးအင်အားစုများအနေနဲ့  အချင်းချင်း ချိတ်ဆက်ပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူတရပ်လုံးနှင့် နိုင်ငံသားတဦးချင်းစီအတွက် လက်တွေ့ ကျတဲ့ ကောင်းမွန်တဲ့ ရလဒ်များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင်ကြပါ” ဆိုပြီး ရက်ပေါင်း ၆၀ (နှစ်လ) ကြာမျှ အုံးအုံးကြွက်ကြွက် ကောက်ယူကြမယ့် ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲများကို အားတက်သရော ထောက်ခံသွားပါတယ်။

ဒါပေမယ့် စစ်အုပ်စု ဆတ်ဆတ်ထိ မခံနိုင်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကဏ္ဍမှာ ဗိုလ်သိန်းစိန်ဘက်က ၄၃၆ ပြင်ဆင်ရေးလို တက်တက်ကြွကြွ ရှိမနေတော့တာ တွေ့ ခဲ့ရတယ်။ ခြံစည်းရိုးပေါ် ခွထိုင်သလို မတင်မကျ စကားလုံးတွေ ပြောပြီး နိုင်ငံရေးသမားတယောက်ရဲ့  ပရိယာယ်ကြွယ်ဝမှုမျိုးကို ပြသခဲ့ပြန်တယ်။ ပြည်သူအများစု သမ္မတဖြစ်စေလိုတဲ့ (အခု ဗိုလ်သိန်းစိန် ထိုင်နေတဲ့ခုံမှာ ၀င်ထိုင်စေလိုတဲ့) ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ရေးလမ်းမှာ အတားအဆီး အပိတ်အဆို့ သဖွယ် ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို နေမြဲအတိုင်း ရှိလိုကြောင်း ရိပ်ဖမ်းသံဖမ်း ထုတ်ပြောသလို မည်သည့်နိုင်ငံသား တိုင်းရင်းသားတဦးတယောက်ကိုမျှ သမ္မတဖြစ်ရေးကိစ္စမှာ ပုဂ္ဂိုလ်ကြောင်းအရ တားမြစ်ခြင်းမျိုး သူ့ ဘက်က မရှိစေရပါဘူးလို့ လည်း စကားအသုံးအနှုန်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ခွချက် လုပ်သွားပါတယ်။ ဖွဲ့ စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ကြရာမှာလည်း ငြိမ်းချမ်းရေးလုပ်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားများရဲ့  သဘောထားလည်း အရေးကြီးကြောင်း (ဒီချုပ်ခေါင်းဆောင်ရဲ့  နိုင်ငံရေးအာသီသနဲ့တင် မလုံလောက်သေးကြောင်း) ကို ဥပယ်တမျဉ် ထုတ်ပြောသွားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရေးမှာ မဖြစ်မနေလိုအပ်လာပြီလို့  ယူဆရတဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေး အချက်အလက်များကို တွေ့ လာတဲ့အခါ တိုင်းရင်းသားများနဲ့ သဘောတူညီချက် ယူပြီး ပြင်ဆင်သွားမယ်လို့  ဗိုလ်သိန်းစိန် ရည်ညွှန်းတဲ့အချက်ဟာ ၅၉ (စ)ကို တို့ ထိကြရာမှာ တိုင်းရင်းသားအဖွဲ့ တွေရဲ့ အသံကို ဂရုစိုက်နားထောင်မယ် လို့ ဆိုလိုပုံရတယ်။ အချက်အလက်အရ ခွဲပြောခဲ့ပေမယ့် ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့ ပက်သက်ပြီး သမ္မတရဲ့ သဘောထားခေါင်းစဉ်အောက်မှာ ထည့်သွင်းတာဖြစ်လို့ အချက် ၃ ချက်စလုံးကို အနှစ်ချုပ်ကြည့်တဲ့အခါ ဒီ ဆိုလိုရင်းကို ရောက်စေတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်းတယောက်ရဲ့  အခေါ်အပြော၊ အဝေအပစ်များဟာ သမ္မတရာထူး လက်ခံစ အချိန်များနဲ့ မတူကွဲပြားသွားပြီး မြွေအလမ္ပာယ်ဆရာတဦးလို နိုင်ငံရေးသမားအလုပ်ကို အလုပ်နဲ့ တူအောင် လုပ်လာနိုင်ပြီလားလို့ မေးခွန်းထုတ်ရမယ့်အဆင့် ရောက်လာပါပြီ။

ဒီနေရာမှာ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ ဗမာစကားပုံကို မေ့ထားလို့ မဖြစ်နိုင်ကြောင်းကို ဗိုလ်သိန်းစိန်ရဲ့  မိန့်ခွန်းမှာ သတိပေးသလိုဖြစ်နေတာလည်း တွေ့ ရပြန်တယ်။ ဒီမိုကရေစီတွေ၊ ငြိမ်းချမ်းရေးတွေ၊ မိဘပြည်သူများတွေ၊ ပြင်ကြရအောင်တွေ ဘယ်လောက်တောင် ပြောနေပေမယ့် သူ့ ရေဒီယိုမိန့် ခွန်းရဲ့ နောက်ဆုံးမှာ တရားဥပဒေစိုးမိုးရေး အမည်ရတဲ့ “တည်ဆဲဥပဒေလိုက်နာရေး” လမ်းညွှန်ချက်ကိုတော့ မဖြစ်မနေ ထည့်သွင်းပြောခြင်းဟာ အာဏာရှင်ခေတ် ဗမာပြည်အနှံ့  မြို့ ကြီးများက လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတွေမှာ ပြူးတူးပြဲတဲ စိုက်ထူထားခဲ့တဲ့ “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုင်းဘုတ်ကြော်ငြာများကို အမှတ်ရစေပါတယ်။ ဗိုလ်သိန်းစိန်အစိုးရသစ်လက်ထက်မှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ် တိုးတက်လာသလား၊ ပိုဆိုးသွားသလား ဆိုတာ လမ်းတွေပေါ် နေ့ တဓူဝ သွားလာနေတဲ့ အောက်ခြေပြည်သူများကြား သမ္မတကိုယ်တိုင် ရုပ်ဖျက်ပြီး မေးမြန်းစူးစမ်းကြည့်တဲ့အခါ အဖြေပေါ်ပါလိမ့်မယ်။ ဒါတောင် စစ်အုပ်စုအကြိုက် ရေးဆွဲထားတဲ့ ဥပဒေများကို ဆိုလိုရင်းမျှဖြစ်ပြီး ပြည်သူလူထု လက်သင့်မခံနိုင်တဲ့ ဥပဒေများသာ ဖြစ်ပါသေးကြောင်း အမှတ်ယူပဏ္ဍာရှာနေတဲ့ ဦးသိန်းစိန်ဆိုသူ တယောက်များ သိပါလေစ …။ ။

No comments: