Thursday, May 15, 2014

ထေရ၀ါဒအလွဲတွေကို ပြင်ကြရအောင် ...

ချိုတူးဇော်
(Cho Tu Zal ဖေ့စ်ဘွတ်ခ်မှ ...)

ဒီလောက် ပြည်သူအများစု ဆင်းရဲမွဲတေ၊
တချို့နေရာတွေမှာ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ တိုင်းပြည်ကြီး၊
လူ့အဖွဲ့အစည်းကြီးမှာ
တရားပွဲတွေ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းချီယူ ဟောတာ၊ ပွဲလုပ်တာ၊ နာကြတာ၊
ဘုန်းတော်ကြီးကျောင်းတွေ ဟီးဟီးထနေတာ၊
စေတီကျောင်းကန်ပုထိုးတွေပဲ တမျိုးပြီးတမျိုး မရိုးရအောင်
တည်နေ၊ ဆောက်နေ၊ လှူနေ၊ တန်းနေတာ
အဲဒီဘာသာ၊ အဲဒီလူ့အဖွဲ့အစည်းအတွက် ရှက်စရာလို့ မြင်ကြစေ့ချင်ပါတယ်။

အဲဒီ သိန်းရာချီ တရားပွဲနားက
တောင်းစားနေတဲ့ ကလေးလေးတွေကို ရှက်ကြပါစို့ရဲ့ဗျာ။
သီလရှိသောပုဂ္ဂိုလ်ကို လှူရင် ပိုအကျိုးများတယ်၊
သံဃာကို လှူရင် ပိုအကျိုးများတယ်ဆိုပြီး လှူမှတော့
အကျိုးမျှော်သော ဒါနကုသိုလ်သာဖြစ်ပါတယ်။
လောကီထဲ လာဘ်ပေး၊ လာဘ်ယူနဲ့လည်း သိပ်မကွာခြားပါဘူး။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက
ဒါနကို ရှင်းရာမှာ
လှူသူရဲ့ စေတနာကံကို မှီပြီးသာ အကျိုးပေးမှု တည်တယ်၊
လှူသောဝတ္ထုပေါ်လည်း မူမတည်၊
အလှူခံပုဂ္ဂိုလ်ပေါ်လည်း မူမတည်လို့ ရှင်းလင်းဟောကြားတော်မူပါတယ်။

ထေရ၀ါဒမှာ
နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သံဃာကိုသာလှူ ဆိုတာမျိုး လွဲနေတာ ရှိပါတယ်၊
အမှန်တကယ် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး လှူမယ်ဆိုရင်
ပါရမီဖြည့်သော အလှူဒါနမျိုးသာ စစ်မှန်တဲ့ဒါန ဖြစ်ပါတယ်။

သုမေဓသူဌေးသားဟာ
အယုတ်အလတ်အမြတ်မရွေး
မိမိပိုင်ဆိုင်သော ကုဋေကုဋာစည်းစိမ်ဥစ္စာတို့ကို
မျက်နှာလွှဲခဲပစ် လှူခဲ့လေရဲ့။
ထိုဒါနတို့ဖြင့်
သဗ္ဗေညုတဥာဏ်ကို ရ
နိဗ္ဗာန်ကို ကိုယ်တိုင်လည်း သွား၊
သတ္တ၀ါတို့ကိုလည်း ဆောင်ကြဉ်းနိုင်ခဲ့လေရဲ့။

ဒီတော့ ကျနော်တို့ လှူပုံလှူနည်းတွေကို
ဆင်ခြင်ပြင်ဆင်သင့်ပြီလို့
တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ထပ်ပြောပါမယ်။
ဒီလောက်ဆင်းရဲနိမ့်ပါးနေတဲ့
လူ့အဖွဲ့အစည်းမှာ
စေတီကျောင်းကန်ပုထိုးတွေကိုပဲ အသစ်အသစ်တည်၊
ဘုန်းကြီးတွေကိုပဲ လှူ
ကုသိုလ်ပိုရဖို့ဆိုတာ
လောကီထဲ အကျိုးအမြတ်အတွက်
လာဘ်ပေးလာဘ်ယူလုပ်တာနဲ့ အတူတူပါပဲ။

ဗုဒ္ဓဘာသာဝင်အပေါင်းတို့ရေ ...
သူတော်ကောင်းတို့နှလုံးသား
မိရိုးဖလာ တော်လှန်ရဲတဲ့
သတ္တိရှိရပါတယ်။

ကျနော်တို့ဘုရား
တော်လှန်ရေးသမားကိုးဗျ။

ချိုတူးဇော်

No comments: