Thursday, May 15, 2014

မျိုးစောင့်ဥပဒေကိစ္စ သမ္မတနဲ့ တွေ့ဆုံဖို့ လူမှုအဖွဲ့ ၁၅၀ ကျော် တောင်းဆို

Written By Aye Chan Mon on Wednesday, May 14, 2014 | 9:41 PM

အစိုးရက ပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးလိုကြောင်း မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ဒီကနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

ဒီအဖွဲ့အစည်းတွေအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့သဘောထားတွေကို ကိုယ်တိုင်ရှင်းလင်းတင်ပြလိုတဲ့အတွက် တွေ့ဆုံဖို့တောင်းဆိုရတာဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးအဖွဲ့ Triangle Women Support Group ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

"ကျမတို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၅ဝ က မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အပေါ်ကို ကျမတို့ရဲ့ အကြံပြုတင်ပြချက်တွေ ထွက်ထားတာရှိပါတယ်၊ အဲဒီဟာကို သမ္မတကြီးရော၊ ဦးရွှေမန်းကိုရော ကျမတို့က တွေ့ပြီးတဲ့အခါကျရင် ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ကျမတို့ ဘာကြောင့် ဒီစာလေး ထုတ်ရတယ် ကျမတို့ ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေပေါ့၊ ဒါလေးတွေကို သွားပြီးတော့ လူချင်းတေ့ဆုံပြီးတော့ ပြောပြချင်လို့ပါ"

ဒါ့အပြင် မျိုးစောင့်ဥပဒေတွေ ရေးဆွဲဖို့ သမ္မတက တာဝန်ပေးထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က တာဝန်ရှိသူတွေကိုလည်း ဒီအဖွဲ့တွေက တွေ့ဆုံလိုကြောင်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေ ရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေရေးဆွဲရေး ကော်မရှင်ကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေတွေထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်က ရေးဆွဲပြီးစီးနေပြီဖြစ်ပြီး မူကြမ်းကို အခုရက်ပိုင်းအတွင်း ထုတ်ပြန်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

No comments: