Thursday, May 15, 2014

နာရေးသတင်း

မောင်မြတ်သူ
(Mg Myatthu ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

တပ်မတော်ဟာ သေခဲ့ပြီ
အထူးသဖြင့်
ပြည်သူ့တပ်မတော် တို့တပ်မတော် ဆိုတာပေါ့၊
တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဆိုရာမယ်
ငအတွေ ပေါ်လာခဲ့တော့
မင်းတို့ ငါတို့ဟာ ငွေလိုလို့ စစ်ထဲလိုက်ကြတယ်
တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီကြရာမယ်
တင့်ကားကြီးတွေ၊ လမ်းကြိတ်စက်တွေ၊ ကျောက်တွင်းနဲ့ လယ်ကွင်းတွေ ...
တင့်ကားကြီးတွေ ဖြတ်တိုက်
လမ်းကြိတ်စက်နဲ့ အကြိတ်ခံ
ကျောက်တွင်းပြိုကျ
လယ်ကွင်းတွေ အစာငတ်ခံ ဆန္ဒပြလို့
တပ်မတော်ကြီး သေခဲ့ရတာပါ။

တပ်မတော်ကြီး သေခဲ့တာ ၁၉၄၈ က
ဒါပေမယ့်
တပ်မတော်ကြီး သေတာကို လူမသိကြဘူး
၁၉၈၈ မှာ ၁၉၉၀ မှာ ၂၀၀၈ မှာ ၂၀၁၂ မှာ
အသေကောင် တပ်မတော်ကြီးကို ဖုတ်သွင်းကြတယ်
မသာဟာ မသာပဲ
တပ်မတော်ကြီး ပြန်ရှင်မလာဘူး
စားပိုးနင့်ပြီး သေခဲ့တဲ့
ရန်သူမျိုးငါးပါးစုံပြီး သေခဲ့တဲ့
၉၆ ပါးရောဂါသည်တွေ စုစည်းထားတဲ့ လက်နက်ကိုင်အင်အားစုကို
တပ်မတော်ကြီးလို့ ဘယ်သူမှ မထင်တော့ဘူး
ဒီလိုနဲ့
အာဇာနည်ကုန်း ဗုံးခွဲမခံရခင်
ဝါဒဖြန့် ရေဒီယိုတွေ လိုင်းပျောက်ကုန်တယ်။

ရေအိုးမခွဲဘဲနဲ့ တပ်မတော်ကြီး သေခဲ့တယ်
စိတ်နဲ့တောင် အပြစ်မှားမခံဘဲ တပ်မတော်ကြီး သေခဲ့တယ်
ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး သေခဲ့တယ်
အထူးကုမ္မဏီကြီးထောင်အပြီး
ရန်ကုန်ထောင်ကြီးကို ဖျက်ဆီးအပြီး
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်မိုးရေ ထိုးအပြီး
စည်းကမ်းပြည့်ဝသော မြန်မာ့ဒီမိုကရေစီ တော်သလင်းလမှာ
အမိန့်စာမပြန်ဘဲနဲ့ တပ်မတော်ကြီး သေသွားတာ...
ခေါင်ကစ မိုးမလုံတဲ့အခါ နမိုးနီးယား ထူလပျစ်နဲ့
တပ်မတော်ကြီး သေသွားတာပါ။

တပ်မတော် သေတာကို စုံစမ်းရေးကော်မရှင် ဖွဲ့ကြ
တပ်မတော် သေတာကို သတင်းစာရှင်းလင်းပွဲလုပ်ကြ
တပ်မတော် သေတာကို မဲခွဲဆုံးဖြတ်ကြ
စတဲ့ အော်သံတွေချီပြီး လူထုဟာ ရယ်သွမ်းသွေးတယ်
လူနည်းစု တိုင်းရင်းသားတွေ
ခြောက်အိပ်မက်မှန်သမျှ မြေချပြီး ပြောတာက
တပ်မတော်ဟာ သေခဲ့ပြီ
တပ်မတော် သက်တော်ရာကျော်ရှည်ပါလေသတည်းတဲ့ ။

မောင်မြတ်သူ
May 1, 2014 at 11:50 pm

No comments: