Saturday, May 24, 2014

မြန်မာ့အသံ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ။ ရေဒီယိုအားလုံးမှာ ဆင်ဆာရှိပါသည်။ သို့သော်…

ဝင်းနိုင်ဦး

၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကို စွမ်းအားမြင့်မြန်မာကျေားသားစစ်သည်များအဖွဲ့ (Vigorous Burmese Student Warriors -VBSW) က ဝင်စီးတဲ့သတင်းကို မိတ်ဆွေများမှတ်မိကြဦးမှာပါ။ မြန်မာတင်မက ကမ္ဘာမှာပါ အုတ်အော်သောင်းတင်းဖြစ်သွားတဲ့ သတင်းပေါ့။ သံရုံးအတွင်းဓားစာခံတွေထဲမှာ မြန်မာရော နိုင်ငံခြားသားတွေပါ ပါပါတယ်။ ၃၀ ကျော်လို့ အများကရေးပါတယ်း (တချို့သတင်းတွေမှာတော့ ၃၉ ဦး၊ ၈၉ ဦး စသဖြင့်ရေးကြတာလည်း တွေ့ရပါတယ်။) ကမ္ဘာ့အလယ်မှာ မြန်မာအစိုးရအကြီအကျယ် အခံရခက်၊ အရှက်တကွဲဖြစ်ခဲ့ရတဲ့ကိစ္စ။ နှပ်ပြစ်ခံရတဲ့ကိစ္စ။ ဒီမိုကရေစီရေးဘာရေးတွေ စိတ်ဝင်စားလေ့မရှိတဲ့ ကမ္ဘာသူကမ္ဘာသား အတော်များများတောင် 'ဘာဖြစ်တာလဲ' 'ဘာဖြစ်လို့လဲ'ဆိုပြီး ခေါင်းထောင်ထလာစေတဲ့ဖြစ်ရပ်။

ဦးဆောင်သူက ကိုဂျော်နီ(အခုတော့ အသတ်ခံလိုက်ရပါပြီ)။ သူတို့အဖွဲ့မှာ မောင်းပြန် အေကေ-၄၇နဲ လက်ပစ်ဗုံးတွေပါတယ်။ သူတို့တောင်းဆိုချက်က “မြန်မာစစ်အစိုးရအနေနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်။ ရွေးကောက်ပွဲအနိုင်ရ NLD နဲ့ စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရမယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြီး လွှတ်တော်ခေါ်ပေးရမယ်”ဆိုတာပါပဲ။ မလိုက်နာရင် ဓားစာခံတွေကို ၅ မိနစ်ခြားတစ်ဦး သတ်ပြစ်မယ်ပေါ့။ (သတ်သတ်ပေါ့။ မြန်မာနိုင်ငံသားပါပါ၊ ဘယ်နိုင်ငံသားပါပါ။ အရေးစိုက်လို့။ မြန်မာစစ်အစိုးရသဘောထား ပြောပါတယ်။) အဲဒီတောင်းဆိုချက်တွေကို သံရုံးထဲကနေ အပြင်သတင်းဌာနတွေကို ကိုဂျော်နီတို့က Fax နဲ့ ပို့ပါတယ်။

မြန်မာစစ်အစိုးရက ကိုဂျော်နီတို့ကို အကြမ်းဖက်သမားတွေလို့ ကြွေးကြော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဂျော်နီတို့လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ်ရှုံ့ချကြောင်း ကြေညာချက်ထုတ်ပါတယ်။

ဒါပေမယ့် ထိုင်းအစိုးရကတော့ သူ့အချုပ်အချာအာဏာကို ဒီလိုစော်ကားမော်ကားထိပါးရာကျတဲ့ ကိုဂျော်နီတို့တသိုက်ကို “သူတို့ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းလှုပ်ရှားနေတဲ့ကျောင်းသားတွေပါ”လို့ သတင်းထုတ်ပါတယ်။ နောက်ဆုံးမှာတော့ ကိုဂျော်နီတို့အုပ်စုက အဲဒီဓားစာခံတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ (ဘယ်ဓားစာခံမှ ထိခိုက်မှုမရှိ။ မရှိတဲ့အပြင် ဖေးဖေးမမနဲ့ လိုလေးသေးမရှိ ကိုဂျော်နီတို့က ကူညီလိုက်ပါသေးတယ်။) ကိုဂျော်နီဦးဆောင်တဲ့ သံရုံးစီးသူတွေကိုလည်း ထိုင်းအစိုးရက မဖမ်းဆီးတဲ့အပြင် သူတို့ပြန်ချင်တဲ့ ထိုင်း-မြန်မာနယ်စပ်ကို နောက်နေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ရဟတ်ယာဉ်နဲ့ လုံလုံခြုံခြုံ ပြန်ပို့ပေးခဲ့ပါတယ်။

ကျနော်ပြောချင်တာက ဂျော်နီတို့လူစု သံရုံးကို စီးမိပြီး သံရုံးထဲရောက်နေချိန် ထိုင်းနိုင်ငံအခြေစိုက်ဒီဗွီဘီသတင်းထောက် ကိုထက်အောင်ကျော်က ဂျော်နီနဲ့ အင်တာဗျူးရလိုက်တာကိုပါ။ သူက အဲဒီအင်တာဗျူးကို နော်ဝေးနိုင်ငံ ဒီဗွီဘီအော်စလိုရုံးချုပ်ကို လှမ်းပို့ပါတယ်။ အဲဒီတုန်းက ကျနော်က တာဝန်ခံအယ်ဒီတာ။ အင်တာဗျူးတော့ အသေးစိတ်မမှတ်မိတော့ပါဘူး။ မှတ်မိသလောက်က ဂျော်နီက…

“တောက်..လွဲသွားတယ်ဗျာ။ အဲဒီသံအမတ်ဆိုတဲ့အကောင် လွတ်သွားတယ်။ မိများမိလိုက်လို့ကတော့ ဒီမအေ…ကို နားထင်ကို သေနတ်နဲ့ တေ့ဖြုတ်လိုက်တယ်။ လူတွေကို ဒီလောက်ဒုက္ခပေးတဲ့ကောင်။ ဒီလို စစ်ခွေးတွေကို ဒီလိုမျိုးလုပ်မှ။ လူလိုသူလိုတွေ သွားလုပ်နေလို့ကတော့ ဘယ်တော့မှ နားလည်တာမဟုတ်ဘူး…” ဘာညာ စသဖြင့် ဂျော်နီက စိတ်ဆိုးမာန်ဆိုး ကြိတ်မနိုင်ခဲမရ ပြောတယ်။ ပြောရင်းက “ဒိုင်း..ဒိုင်း..ဒုံး.အုံး..ဆိုတဲ့ သံရုံးထဲ ပစ်တဲ့ခတ်တဲ့အသံတွေလည်း ကြားရတယ်။

သတင်းလောကရှုဒေါင့်အရကြည့်ရင် ဒီအင်တာဗျူးမျိုးက သတင်းဌာနတစ်ခုအတွက် 'ရွှေ'ပဲဗျ။ တစ်သက်မှာ တစ်ခါပဲ ရတတ်တဲ့အခွင့်အရေးမျိုး။ အားရစရာကြီး။ သတင်းဦး Scoop ဗျ။ Scoop မှ နည်းနည်းနောနောမဟုတ်တဲ့ Scoop ကြီးဗျ။ ဒါနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာနေတဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းကို အသံမလွှင့်ခင် ကျနော် လှမ်းဖုန်းဆက်ပြောလိုက်တယ်။

ဒီမှာ ဒေါက်တာစိန်ဝင်းက ကျနော့်ကို “ခဏနေဦး။ ဒီမှာ အစိုးရအဖွဲ့အစည်းအဝေးလုပ်နေလို့ တိုင်ပင်လိုက်ဦးမယ်”တဲ့။ ဟာ..ပြဿနာပဲ။ ဘာ တိုင်ပင်ရမှာလဲ။ နောက် ၁၅ မိနစ်လောက်ကြာတော့ ဒေါက်တာစိန်ဝင်း ကျနော့်ဆီဖုန်းဆက်လာတယ်။

“ကျနော်တို့ဝန်ကြီးအဖွဲ့ သဘောတူဆုံးဖြတ်ပြီးပြီ။ ဒီသတင်း မလွှင့်ပါနဲ့”

“ဟာ..မဟုတ်တာ”

“ခုချိန်က ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားရင်ကြားစေ့ရေးလုပ်နေချိန်လေ”

“ဘာဆိုင်လို့လဲ။ သူ့ဟာသူ စေ့စေ့ မစေ့စေ့။ ကျနော်တို့က သတင်းဌာန။ သတင်းဌာနက သတင်းဌာနအလုပ် လုပ်ရမှာပဲ။ သတင်းသမားကျင့်ဝတ်မဖောက်ရင် ပြီးတာပဲ။ ဒီလို ဂျော်နီနဲ့တိုက်ရိုက်ရတဲ့အင်တာဗျူးမျိုးကို သတင်းဌာနအားလုံး နိုင်ငံတကာသတင်းဌာနတွေကအစ လိုချင်လွန်းလို့”

“ကိုဝင်းနိုင်ဦးပြောတာ ကျနော်သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆုံးဖြတ်ချက်ကို နားထောင်ပါ။ မလွှင့်ပါနဲ့”

သေရောဗျာ။

ဒါနဲ့ ကျနော်လည်း မခံမရပ်နိုင်ဖြစ်ပြီး ဝန်ထမ်းတွေနဲ့ သတင်းအစည်းအဝေး လုပ်ပါတယ်။ ဒေါက်တာစိန်ဝင်းပြောတဲ့စကား အစည်းအဝေးမှာ ပြန်ပြောလိုက်တယ်။ ပြီးတော့ သူတို့ကို မေးတယ်။ ဘာလုပ်မလဲ။ ဒီအင်တာဗျူး လွှင့်မလား၊ မလွှင့်ဘူးလား။ ဟာ..ဘာပြောကောင်းမလဲ။ အားလုံးက တက်ညီလက်ညီ လွှင့်မယ်လို့ပြောတယ်။ လွှင့်ရင် ခင်ဗျားတို့အားလုံး အလုပ်ပြုတ်သွားနိုင်တယ်လို့ ကျနော်က သတိပေးတယ်။ အားလုံးက “ပြုတ်ပြုတ်”တဲ့။ ဒါနဲ့ကျနော်က “ငါခေါင်းခံမယ်။ ချဟာ”ဆိုပြီး အသံလွှင့်ပြစ်လိုက်တယ်။ အားရလိုက်တာ။

အသံလွှင့်ပြီးတော့ ဒေါက်တာစိန်ဝင်းဆီ ကျနော် ဖုန်းလှမ်းဆက်တယ်။

“ဝန်ကြီးချုပ်။ ကျနော်တော့ အဲဒီသတင်း လွှင့်လိုက်ပြီ”

“ခင်ဗျားဗျာ..”

“ဟုတ်တယ်။ သတင်းဌာနအလုပ်က နိုင်ငံရေးအလုပ်မဟုတ်ဘူး။ နိုင်ငံရေးက နိုင်ငံရေးလိုသွား၊ သတင်းဌာနက သတင်းဌာနလိုသွားရမယ်လို့ ကျနော်ယူဆတယ်။ ဝန်ကြီးချုပ်မကျေနပ်ရင် ကျနော့်ကို ဖြုတ်ပြစ်လိုက်။ ဒီ့ပြင်ဝန်ထမ်းတွေကိုတော့ သည်းခံလိုက်ပါ။ ကျနော်က တာဝန်ရှိတဲ့သူ”

“ခက်တာပဲဗျာ။ ခင်ဗျားကို ဘယ်သူက ဖြုတ်မယ်ပြောလို့လဲ။ သတင်းအလုပ်ဆိုတာက ခင်ဗျားနားအလည်ဆုံး။ ဒါပေမဲ့ နောင် မဖြစ်စေနဲ့ဗျာ”

ဒါပါပဲ။ ဒီဗွီဘီမှာလည်း ဆင်ဆာရှိပါတယ်။ ဒါပေမယ့် ဒေါက်တာစိန်ဝင်းဆင်ဆာက အဲဒီလိုမျိုး။

ကျနော် ဒီဗွီဘီကနေ အမေရိကန်နိုင်ငံ လွတ်လပ်တဲ့အာရှအသံ အာရ်အက်ဖ်အေ (RFA) ရောက်သွားတော့လည်း ဆင်ဆာနဲ့ တိုးရသေးတယ်။ ယေဘုယျအားဖြင့်တော့ သက်ဆိုင်ရာအကြီးအကဲများက မြန်မာနိုင်ငံသတင်းနဲ့ပတ်သက်လို့ ကျနော်တို့ လွှင့်ချင်တဲ့သတင်း လွှင့်ခွင့်ပြုထားပါတယ်။ သတင်းသမားကျင့်ဝတ်ကို ထိပါးနိုင်တဲ့၊ အတိမ်းအစောင်းမခံတဲ့သတင်းမျိုးကလွဲရင်ပေါ့။

ဒါပေမဲ့ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့က မိုးမျှော်အဆောက်အဦနှစ်ခု (Wrold Trade Center) ကို အကြမ်ဖက်သမားတွေက လေယာဉ်တွေနဲ့ ဝင်တိုက်ဖျက်ဆီးချိန်၊ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်တပ်တွေက အီရတ်နိုင်ငံတွေကို ဝင်တိုက်ချိန်တုန်းကတော့ အကြီးအကဲတွေ စိတ်ပြောင်းသွားပါတယ်။ အဲဒီတုန်းက မိုးမျှော်အဆောက်အဦနှစ်ခုပြိုကျသွားတဲ့ကိစ္စ၊ အီရတ်ကို ဝင်တိုက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့မူဝါဒတွေကို ဝေဖန်အပစ်တင်တဲ့ ဆောင်းပါးတွေကို သတင်းစာတွေက ဖော်ပြကြပါတယ်။

ကျနော်တို့ မနက်ဖက် ရုံးကိုရောက်သွားရင် ကျနော်တို့ ဖင်ထိုင်ခုံတွေပေါ်မှာ စာရွက် တစ်ရွက်မဟုတ်နှစ်ရွက် တွေ့ရတတ်ပါတယ်။ စားပွဲပေါ်တင်ထားရင် တခြားစာရွက်တွေနဲ့ရောပြီး မမြင်လိုက်ဖြစ်သွားမှာစိုးလို့ပါ။ အမေရိကန်အစိုးရပေါ်လစီကို ဝေဖန်ဆန့်ကျင် သုံးသပ်ရေးသားထားတဲ့ အမေရိကန်နိုင်ငံထုတ် နာမည်ကြီးသတင်းစာကြီးတွေက ဆောင်းပါးတွေပါ။ (RFA က တခြားဘာသာတွေနဲ့အသံလွှင့်တဲ့ဌာနအားလုံးလည်း ဒီအတိုင်းကြုံကြရတာပါပဲ။)

ခုလိုကော်ပီကူးပြီး လာတင်ထားတဲ့သဘောက ဒီဆောင်းပါးတွေကို အသံမလွှင့်နဲ့ဆိုတဲ့သဘောပါ။ ‘သတိ။ ဒီဆောင်းပါး အသံမလွှင့်ရ’လို့ စာရေးသတိပေးထားတာမျိုး မဟုတ်ပါဘူး။ လွှင့်ချင်လည်း လွှင့်နိုင်ပါတယ်။ ခွင့်ပြုပါတယ်။ ဒါပေမဲ့ မိတ်ဆွေအသံလွှင့်လိုက်လို့ကတော့ သူတို့က အရေးမယူပါဘူး။ မိတ်ဆွေနာမည်ကို မင်နီတားလိုက်ပါမယ်။ နောင် အလုပ်ထဲမှာ မိတ်ဆွေ တစ်ခုခုမှားလို့ကတော့ အထုတ်ပိုက် ‘ညောင်း’ပေတော့ပဲ။ သတင်းလွှင့်လိုက်တဲ့အတွက် အရေးမယူပါဘူး။ အလုပ်မှာ အမှားအယွင်းရှိလို့ပါ။ ရေဒီယိုအလုပ်ကလည်း စောင့်ဖမ်းလို့ကတော့ တစ်ခုမဟုတ်တစ်ခု အမှားတွေ့နိုင်တယ်မဟုတ်လား။ အမှန်တကယ်ကတော့ မိတ်ဆွေကို အဲဒီသတင်း အသံလွှင့်လိုက်လို့ အရေးယူတာပါပဲ။

(အဲဒီကာလတုန်းက ဒိတ်ဒိတ်ကြဲအမေရိကန်သတင်းစာဆရာ ပဂေး ၃ ဦးလောက် ထောင်နန်းစံလိုက်ရသေးတယ်။ ဂျော့ဘွတ်ရှ် ထည့်လိုက်တာ။ အစိုးရကလျှို့ဝှက်ထားတဲ့သတင်း ဘယ်သူ့ဆီကရတယ်ဆိုတာ-New Source-ထုတ်ဖော်မပြောလို့ပါ။ သတင်းရေးတဲ့အတွက် အရေးယူတာ မဟုတ်ပါဘူး။ အဲဒီသတင်းဖော်ပြခဲ့တဲ့ ဘယ်သတင်းစာကိုမှလည်း အရေးမယူပါဘူး။ အဲဒီသတင်းသမားတွေကလည်း သတင်းသမားကျင့်ဝတ်ကို စောင့်ထိမ်းလိုက်နာတဲ့အနေနဲ့ သတင်းပေးသူနာမည်ကို ထုတ်ဖော်မပေးပဲ ထောင်ကိုပဲရွေးလိုက်တာပါ။)

ဟုတ်ကဲ့။ ဗွီအိုအေလား..။ ဒါတော့ ကျနော် အဲဒီမှာမလုပ်ဘူးလို့ မသိပါဘူး။ ဒါပေမယ့် ဒီမယ်..မိတ်ဆွေ။ တစ်ခု စဉ်းစား။ RFA ရေဒီယိုဆိုတာက အစိုးရနဲ့ သဘောထားကွဲလေ့ရှိတဲ့၊ အတိုက်အခံတွေလွှမ်းမိုးထားလေ့ရှိတဲ့ အမေရိကန်ကွန်ဂရက်(Congress)က ဖွင့်ထားတာ။ VOA ရေဒီယိုက အမေရိကန်အစိုးရက ဖွင့်ထားတာ။ အစိုးရရေဒီယို။ VOA Charter သာ Website မှာ ရှာဖတ်ကြည့်ပါတော့။ ။

ဝင်းနိုင်ဦး
(အမှတ်တရများ - Win Naing Oo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

No comments: