Thursday, October 10, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁၁)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

အောက်တိုဘာ ၈

“ရေးရကျိုးနပ်ခဲ့တဲ့ စာတပုဒ်”

မတ်လ ၆ ရက်နေ့က ကျနော့်ဆီကို စင်္ကာပူက ဖုန်းခေါ်သံတခု မ၀င်စဖူး အ၀င်ထူးလာတယ်။ ဖုန်းကို ကိုင်လိုက်တော့ အသံရှင်က ကျနော်နဲ့ ကိစ္စတခုကြောင့် အခင်အမင်ပျက်ခဲ့ရပြီး အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ အစ်မ အဆိုတော်ခင်ညွန့်ရည် ဖြစ်နေတယ်။ အစ်မက ကျနော် ဇန်န၀ါရီလဆန်းက ရေးခဲ့တဲ့ “ခိုးကူး အသံစီဒီခွေကြောင့် အခင်အမင်ပျက်ခဲ့ရတဲ့ ကျနော်နဲ့ အဆိုတော် ခင်ညွန့်ရည် ” ဆောင်းပါးကို စင်္ကာပူမှာရှိတဲ့ အမျိုးတွေဆီကတဆင့် ဖတ်ရကြောင်း၊ ဒေါ်မာမာအေး အမေရိကန်အပြန် စင်္ကာပူကို လိုက်လာပြီး သီချင်းလာဆိုတာဖြစ်ကြောင်း၊ ဦးသန်းမြတ်စိုးလည်းပါကြောင်း ပြောပြီး ကျနော့်ကို မြန်မာပြည် ဘယ်တော့ပြန်လာမှာလဲ လို့ မေးတယ်။ ပြီးတော့ ကျနော်နဲ့ တောင်ငူက ရှိုးပွဲတခုမှာ အတူဆိုခဲ့ကြဖူးတဲ့ အဆိုတော် ဦးသန်းမြတ်စိုးနဲ့ ဖုန်းပေးပြောတယ်။ စကားတွေ တ၀ပြောပြီး အစ်မ ဖုန်းချသွားတော့ ကျနော် အပျော်တွေနဲ့ ကျန်ခဲ့တယ်။ ဘာမဟုတ်တဲ့ ကိစ္စတခုကြောင့် အခင်အမင်ပျက်ပြီး ဝေးကွာခဲ့ရတဲ့ အစ်မခင်ညွန့်ရည်ရဲ့အသံကို ကြားရတော့ ကျနော် မပျော်ဘဲ မနေနိုင်ဘူးလေ။ ကျနော့်အပေါ် စိတ်ဆိုးပြေသွားတဲ့ အစ်မနဲ့ စကားပြောလိုက်ရတဲ့အတွက်ရော၊ ရေးရကျိုးနပ်တဲ့ စာတပုဒ်အတွက်ပါ ကျနော် ပီတိဖြစ်ခဲ့ရတဲ့ နေ့တနေ့ပေါ့။

အောက်တိုဘာ ၆
“သား ၃ သား” မပေါင်းစည်းမိခင် ...

တကယ်တော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတယောက် ကန်လန့်ကာနောက်ကွယ်ကို မ၀င်ချင်ဘဲ ၀င်သွားရတဲ့ လတ်တလော အကြောင်းအရင်းကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့်ပါပဲ။ ရွှေဝါရောင်တော်လှန်ရေးကြီးသာ မဖြစ်ခဲ့ရင် ဦးသန်းရွှေတယောက် ခုထိ မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်မှာ ဒူးနှန့်နေဦးမှာပါ။ သူ့ကို ဆန့်ကျင်သူတွေထဲ ပြည်သူ+ကျောင်းသားတင်မက ဘုရားသား (သံဃာ) တွေပါ အလုံးအရင်း ပါလာတာကို ဦးသန်းရွှေ ရှော့ခ်ဖြစ်သွားတယ်။ နောက်ထပ် “သား” တသားဖြစ်တဲ့ စစ်သားတွေပါ အလုံးအရင်းနဲ့ ပူးပေါင်းပါဝင် ဆန့်ကျင်လာရင် သူ့အတွက် ကိုယ်ကျိုးနည်းပြီလေ။ အဲဒါကြောင့် “သား ၃ သား” မပေါင်းစည်းမိခင် သူ ကြိုးဆွဲရာကတဲ့ ရုပ်သေးတွေကို ၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ နိုင်ငံရေးစင်မြင့်ပေါ် ထားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတယောက် ကန်လန့်ကာနောက်ကွယ်ကို အလျင်အမြန် ၀င်ရောက်ပျောက်ကွယ်သွားခြင်းပဲဖြစ်ပါတယ်။ စင်မြင့်ပေါ် ရုပ်သေးတွေ ထားခဲ့မှတော့ ကန်လန့်ကာနောက်ကွယ်မှာ ဦးသန်းရွှေကြီးတယောက် အေးအေးဆေးဆေး စာဖတ်နေတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား ... ဦးနှောက်ကလေးသုံးပြီး စဉ်းစားကြည့်ရင် အဖြေပေါ်မှာပါ။ :)

အောက်တိုဘာ ၆
“ပြည်တွင်းငြိမ်းချမ်းရေး ... ဝေလာဝေး”

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပြဿနာက စစ်တပ်က အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရင်တောင် တော်တော်ရှင်းယူရမှာ ... အခုတော့ စစ်တပ်က အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိရုံမက အနိုင်ကျင့်ဗိုလ်ကျနေရတာကို ရှက်ရကောင်းမှန်းမသိ လူပါးဝချင်သလိုဝနေလေတော့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာ ဝေလာဝေးပါပဲ။

အောက်တိုဘာ ၆
“လူပါးဝချင်သလိုဝနေတဲ့ လုပ်ရပ်”

လွှတ်တော်ထဲမှာ စစ်သားအမတ် တမတ်သားကို အနိုင်ကျင့် ဗိုလ်ကျပြီး ထည့်ထားရုံမက လွှတ်တော် တကြိမ် ကျင်းပတိုင်း စစ်သားအမတ်တွေကို လဲချင်သလို လဲထည့်နေတာကတော့ ပြည်သူကျွေးတဲ့ ထမင်းကို အခန့်သား စားပြီး ပြည်သူအပေါ် လူပါးဝချင်သလိုဝနေတဲ့ လုပ်ရပ်ပါပဲ။

အောက်တိုဘာ ၁
“အရေးမယူတဲ့ပုဒ်မနဲ့ ...”

တတိုင်းတပြည်လုံး ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒဖော်ထုတ်ရင်ကော ကိုကိုတာဝန်မယူရဲတို့ ပုဒ်မ (၁၈) နဲ့ ပြည်သူအားလုံးကို အရေးယူနိုင်ပါဦးမလား။ အဲဒီအခါကျမှ ပုဒ်မ (၁၈) နဲ့ ပြည်သူအားလုံးကို အရေးမယူရင် ကိုကိုတာဝန်မယူရဲတွေကို အရေးမယူတဲ့ပုဒ်မနဲ့ ပြန်တရားစွဲရမယ်။ :)

စက်တင်ဘာ ၂၄
“ညီညီညွတ်ညွတ် တောင်းရင် တိုက်ရင် အောင်ပွဲရတယ်ဆိုတာ ...”

- ဟုန်ရှင်းက နမူနာ
- လျှပ်စစ်မီးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်ပွဲက နမူနာ
- မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးခဲ့ရမှုက နမူနာ

နောက်ပြန်လှည့်မှာ စိုးရိမ်ကြောက်ရွံ့နေစရာ မလိုပါ။

တောင်းစရာရှိတာ တောင်းရမှာ၊ တိုက်စရာရှိတာ တိုက်ရမှာ။

ဘယ်အာဏာရှင်မှ ...၊ ဘယ်အလုပ်ရှင်မှ အလိုက်တသိ ပေးရိုးထုံးစံမရှိပါ။

စက်တင်ဘာ ၂၂
“အပြောင်းအလဲမဟာဇာတ်တော်ကြီး”

နေပြည်တော်မှာ စာဖတ်နေသူကြီး ဦးလေးသန်းရွှေက သူ့ရဲ့ “အပြောင်းအလဲမဟာဇာတ်တော်ကြီး” ကို ကြည့်ရှုအားပေးသူ ပြည်တွင်းနဲ့ နိုင်ငံတကာက ပရိသတ်ကြီး လုံးဝ လုံးဝ မပျင်းရလေအောင် ရုပ်သေးအဖွဲ့ ၄ ဖွဲ့ ခွဲပြီး ကပြအသုံးတော်ခံခိုင်းနေတယ်လို့ မြင်မိပါတယ်။

- ပထမရုပ်သေးအဖွဲ့ကတော့ ဦးလေးသိန်းစိန် ဦးဆောင်တဲ့ “သနားကမား” ရုပ်သေးအဖွဲ့

- ဒုတိယရုပ်သေးအဖွဲ့ကတော့ ဦးလေးရွှေမန်း ဦးဆောင်တဲ့ “အူတီးအူကြောင်” ရုပ်သေးအဖွဲ့

- တတိယရုပ်သေးအဖွဲ့ကတော့ ဦးလေးအောင်မင်းနဲ့ ဦးလေးစိုးသိန်း တို့ ဦးဆောင်တဲ့ “ပေါချာချာ” ရုပ်သေးအဖွဲ့

- စတုတ္ထရုပ်သေးအဖွဲ့ကတော့ ဦးလေးမင်းအောင်လှိုင် ဦးဆောင်တဲ့ “ဒိုင်းညှောင့်” ရုပ်သေးအဖွဲ့ ဖြစ်ပါတယ်။

နောက်ပြောတာ မဟုတ်ပါဘူး။ မြင်တဲ့အတိုင်း အတည်ပြောခြင်း ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂
“လွဲလွဲကြီး”

သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့တာ ကြားဖူးတယ်။ ဆိုက္ကားဆရာ ဆိုက္ကားနင်းတာ အမျိုးသားနိုင်ငံရေးပဲ၊ ကျောင်းဆရာ စာသင်တာ အမျိုးသားနိုင်ငံရေးပဲ၊ ဆရာဝန် ဆေးကုတာ အမျိုးသားနိုင်ငံရေးပဲတဲ့ ...။ ဆိုလိုတာကတော့ တိုင်းသူပြည်သားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာဟာ အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နေကြခြင်းပဲဖြစ်တယ် ဆိုတဲ့သဘော ဒေါက်တာသန်းထွန်း ပြောသွားခဲ့တာဖြစ်တယ်။

အခုတော့ သမ္မတရုံးဖောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကိုယ့်ကာကွယ်ရေးအလုပ်ကိုယ်မလုပ်ဘဲ နိုင်ငံရေးမှာ ၀င်ရှုပ်နေဆဲ တပ်မတော်ကို အမျိုးသားနိုင်ငံရေးလုပ်နေတာတဲ့။ လွဲလွဲကြီးပဲနော်။ :)

စက်တင်ဘာ ၂၂
“စစ်နဲ့ငြိမ်းချမ်းရေး”

သေနတ်
ပစ်ခတ်သံ
တောင်ကမ်းပါးယံတွင်
ပဲ့တင်မြည်ဟီး
စစ်မီးတောက်နေ။

ချိုးငှက်
သံလွင်တခက်
ချီလျက်ဝဲပျံ
တောင်ကမ်းပါးယံမှ
ဝေးရာဒေသဆီ။ ။

(ငယ်လက်ရာတပုဒ် ...)

စက်တင်ဘာ ၂၁
“ရာထူးအမည် ပြောင်းလဲခေါ်ဝေါ်ခြင်း”

(အမိန့်ကြော်ငြာစာ - အမှတ် အင်ဖနတီ/၂၀၁၃)

ယနေ့မှစ၍ ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ်၏ “သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ” ရာထူးအမည်ကို “သမ္မတရုံးဖောရေးဆိုခွင့်ရှိသူ” ဟု ပြောင်းလဲခေါ်တွင်စေရမည်။

ပုံ/
သမ္မတ ဘပြောင်

စက်တင်ဘာ ၂၁
“အာရုံပြောင်း”

၁၁ ဘီလျံကြောင့် ကချင်ကို ချက်ချင်းတိုက်တာ့မလိုလို သတင်းတွေ လွှင့်လိုလွှင့် ... ဗိုလ်ခင်ညွန့်ကပဲ ဒီပဲယင်းကိစ္စနဲ့ ဗိုလ်ချုပ်တင်ဦး လုပ်ကြံခံရမှုကို ဖော်တော့မလိုလို သတင်းတွေ လွှင့်လိုလွှင့် ... ဆီဒိုးနားဟိုတယ်က အပြာဇာတ်လမ်းကြီးအကြောင်း သတင်းတွေ လွှင့်လိုလွှင့် ...

အင်း ... ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အူရှီးကာ သေကြောင်းကြံ ဆိုတဲ့ သတင်းမျိုးကော လွှင့်ကြလေဦးမလား ... လား ... လား ...

စက်တင်ဘာ ၂၀
“အရင်လုပ်ဖို့”

အမျိုးသားပြန်လည်သင့်မြတ်ရေး မလုပ်မီ အမျိုးသားထပ်မံရန်မရှာရေး၊ အမျိုးသားထပ်မံရန်မစောင်ရေးတွေ အရင်လုပ်ဖို့ လိုမယ်ထင်တယ်။ :)

စက်တင်ဘာ ၁၇
“တတ်လည်း တတ်နိုင်ကြပါတယ်”

ဒီမိုကရေစီ မြှင့်တင်ဖို့ ပြည်သူ့အသံ ဦးစားပေးလို့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဦးရွှေမန်းက ပြောသတဲ့။ ပေးလည်းပေးရော ပုဒ်မ ၁၈ နဲ့ ထောင်ထဲပို့ပါလေရော။ တတ်လည်း တတ်နိုင်ကြပါတယ်။

စက်တင်ဘာ ၁၆
“မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ လုံးဝဥဿုံ ပပျောက်ရေး” အကြံပြုချက်”

အခုအချိန်အထိ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ မြန်မာပြည်နေရာအနှံ့ ရှိနေသေးချိန်မှာ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ တဖြေးဖြေး ပပျောက်သွားဖို့ ဆိုတာက ...

၁။ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်တိုက်ပွဲဝင်နေသူ %
၂။ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေအတွက် တိုက်ပွဲဝင်နေသူတွေကို အားပေးနေသူ %
၃။ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေအတွက် တိုက်ပွဲဝင်နေသူတွေကို ရပ်ကြည့်နေသူ %
၎။ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေအတွက် တိုက်ပွဲဝင်နေမှုကို ကိုယ်နဲ့မဆိုင်သလိုနေသူ % ... စတဲ့ အုပ်စုလေးစုရဲ့ % နည်းရာ များရာပေါ်မှာ မူတည်နေတယ်လို့ ယူဆပါတယ်။

၁ နဲ့ ၂ အုပ်စုမှာ % နည်းနေပြီး ၃ နဲ့ ၄ အုပ်စုမှာ % များနေသရွေ့ မြန်မာနိုင်ငံမှာ ဘယ်လိုပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်လုပ် မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး ၁ နဲ့ ၂ အုပ်စုမှာ % ပိုပိုများလာပြီး ၃ နဲ့ ၄ အုပ်စုမှာ % တဖြေးဖြေး နည်းသွားမှသာ မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ တဖြေးဖြေးမှသည် လုံးဝဥဿုံ ပပျောက်သွားမှာပါ။

အဲဒီတော့ အခုအချိန်မှာ ကိုယ် ဘယ်အုပ်စုထဲ ရောက်နေသလဲဆိုတာကို သုံးသပ်ကြည့်ကြရင်း မတရားဖိနှိပ်ချုပ်ခြယ်မှုတွေ လုံးဝပပျောက်ရေးအတွက် ဖြစ်နိုင်ရင် အုပ်စု ၃ မှ အုပ်စု ၂ သို့ တက်လှမ်းကြပြီး ထိုမှတဆင့် အုပ်စု ၁ ဆီသို့ ကျနော်တို့အားလုံး ရောက်ရှိအောင် တက်ညီလက်ညီ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ် (အုပ်စု ၄ နဲ့ ၃ ကိုတော့ တတ်နိုင်သမျှ ဝေးဝေးရှောင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျား ...)။

စက်တင်ဘာ ၁၆
“အနေအစားချောင်ရင်ပြီးရော ဆိုသူတွေအတွက် ...”

ကမ္ဘာပြား ဆရာငဖားရဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေက ဘာနဲ့တူလဲဆိုတော့ “ထွက်ပြီးသား ချဲနံပါတ်တွေအပေါ် သူ ထင်ရာမြင်ရာ တွက်နည်းတွေနဲ့ အတင်းကပ် (ပေါက်ဖော်လုပ်) ပြီး ချိုင်းဖော်ရောင်းစားတဲ့ ချိုင်းသမား” နဲ့ တူတယ်ဗျ။ မအူမလည် အလိမ်ခံချင်နေသူတွေကတော့ ၀ယ်လို့မဆုံး တပြုံးပြုံးပေါ့ဗျာ။ စစ်အုပ်စု လျှောက်သွားတဲ့ လမ်းကြောင်းနောက် မှေးလိုက်ပြီး စစ်အုပ်စုအကြိုက် သုံးသပ်ရေးသားပေးနေတော့ သူလည်း အနေအစားချောင် တွက်ချေကိုက်၊ မသိနားမလည်သူ အူတူတူတွေကလည်း အဟုတ်ထင်နဲ့ ကိုက်ပြီးရင်းကိုက်နေကြလေသတည်းပေါ့ ... အနေအစားချောင်ရင်ပြီးရော ဆိုသူတွေအတွက် နမူနာယူစရာတွေပေါ့ဗျာ။

စက်တင်ဘာ ၁၄
“မြန်မာ့နိုင်ငံရေးအရွေ့”

မြန်မာ့နိုင်ငံရေးအရွေ့ဆိုတာ တကယ်တော့ ပြည်သူသန်း ၆၀ ရွှေ့နေတဲ့ အရွေ့စုစုပေါင်းရဲ့ အကြွင်းရလဒ်ပါပဲ။

အရွေ့ထဲမှာမှ ဦးလေးသန်းရွှေတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့လို လူ့အဖွဲ့အစည်းကို များများရွေ့အောင်လုပ်နိုင်တဲ့ ပါဝါရှိသူတွေက အနည်းအကျဉ်းသာရှိပြီး သူလိုငါလို နည်းနည်းပဲ ရွေ့အောင်လုပ်နိုင်တဲ့သူတွေက များရာစုကြီးဖြစ်ပါတယ်။

တခါ အရွေ့ထဲမှာမှ ဘယ်သူတွေက အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့ဖြစ်အောင် ရွှေ့နေသလဲ၊ ဘယ်သူတွေက အနှုတ်လက္ခဏာဆောင်တဲ့ အရွေ့ဖြစ်အောင် ရွှေ့နေသလဲ ဆိုတာကိုလည်း ကြည့်ရပါမယ်။

ဦးလေးသန်းရွှေလို ကိုယ်ကျိုးစီးပွားပျက်စီးဆုံးရှုံးမှာစိုးတဲ့အတွက် အနှုတ်လက္ခဏာဆောင်တဲ့ အရွေ့ဖြစ်အောင် ရွှေ့နေတဲ့သူက များရာစုဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်လို အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့ဖြစ်အောင် ရွှေ့ချင်တဲ့သူတွေက နည်းရာစုဖြစ်နေရင် ဘယ်လောက်ပဲပြောင်းပြောင်း ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးအရွေ့စုစုပေါင်းရဲ့ အကြွင်းရလဒ်က အနှုတ်လက္ခဏာပြနေမှာပါပဲ။

အဲဒီတော့ တပ်မတော်ထဲမှာရော ရဟန်းရှင်ပြည်သူတွေထဲမှာပါ ဒေါ်အောင်ဆန်းစုကြည်လို အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့ဖြစ်အောင် ရွှေ့ချင်တဲ့သူတွေ များရာစုဖြစ်လာဖို့သာ စည်းရုံးလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ နောက်ဆုံးအရွေ့စုစုပေါင်းရဲ့ အကြွင်းရလဒ်က အပေါင်းလက္ခဏာပြလာပြီး တိုင်းပြည် ရှေ့ကို အမြဲတစေ ဆက်ရွေ့နေမှာပါ။

စက်တင်ဘာ ၁၄
“ပြောင်းလဲသလား ... မပြောင်းလဲသလား”

မြန်မာပြည် ပြောင်းလဲသလား ... မပြောင်းလဲသလား မြန်မာရုပ်မြင်သံကြားနဲ့ မြ၀တီရုပ်မြင်သံကြားသတင်းတွေကို ကြည့်ရင် သိနိုင်တယ်။ လူကြီးဆိုသူတွေကလည်း အရင်လို ငါသိ ငါတတ် (ရုပ်မြင် အသံမပါတဲ့) သြ၀ါဒတွေ အရှက်မရှိ ပေးနေဆဲ ...။ နားထောင်သူတွေကလည်း ကုလားထိုင်တွေမှာ အသေကောင်တွေလို တောင့်တောင့်ကြီးတွေ ထိုင်နေကြဆဲ ...၊ တချို့ကလည်း လူကြီးဆိုသူတွေရှေ့မှာ လက်အုပ်ချီလိုချီ၊ လက်ကလေးတွေ ရှေ့ပစ်လိုပစ် သနားစရာ ဖားသတ္တ၀ါတွေဖြစ် ...။

စက်တင်ဘာ ၁၂
“သူခိုးဖော်ထုတ်ရေး”

ဘဏ်အကောင့် ၅ ခု ဖော်ထုတ်ရေး ... (ဒို့အရေး)၂

သူခိုးဖော်ထုတ်ရေး စုံစမ်းရေးကော်မတီ ... (ချက်ချင်းဖွဲ့)၂

သူခိုးအားပေး သိန်းစိန်အစိုးရ ... (အလိုမရှိ)၂

စက်တင်ဘာ ၁၀
“ဆိုက်ရိုးဆိုက်စဉ်ဘူတာ”

ဦးလေးသိန်းစိန်တို့ ကြံ့ဖွံ့စစ်အစိုးရရဲ့ ရိုးသားမှုမရှိတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်က နောက်ဆုံးတော့ သွေးခွဲခြင်းဆိုတဲ့ သူတို့ ဆိုက်ရိုးဆိုက်စဉ်ဘူတာကို ဆိုက်တာပါပဲ။

စက်တင်ဘာ ၆
“မိတ်ဆွေတို့ ဘယ်လိုထင်လဲဟင်”

မြန်မာပြည်ကြီးကို ၂၀၀၈ နာဂစ်အခြေခံဥပဒေကြီးနဲ့ ချည်နှောင်ခွင့်ရပြီ ဆိုပြီးတော့များ ဦးလေးသန်းရွှေကြီး စိတ်အေးလက်အေး စာဖတ်နေမယ်လို့ မိတ်ဆွေတို့ ထင်ပါသလား။ ကျနော်ကတော့ မထင်ရေးချ မထင်။

သူ သေရင် ကျန်ရစ်ခဲ့မယ့် ဂျီးဒေါ်ကြိုင်ဘက်က ပါလာတဲ့ (မယားပါ) သားသမီးတွေနဲ့ လက်ထက်ပွား သားသမီးတွေအတွက်တမျိုး၊ ပြည်သူ့အချစ်တော် မျောက်လောင်းလေး ဖိုးလပြည့်အတွက်တဖုံ စိတ်မချမှုမျိုးစုံနဲ့ ရတက်မအေး ဖြစ်နေမယ်လို့ ကျနော် မုချဆိုရဲပါတယ်။

အဲဒီအတွက် ပက်လက်ကုလားထိုင်မှာ စာဖတ်ရင်း ဂဏှာမငြိမ်ဖြစ်နေမယ့် ဦးလေးသန်းရွှေကို (လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့) ဆေးကောင်းဝါးကောင်းလေး ပေးခွင့်ရဖို့ ဆန္ဒထုတ်ဖော်ချင်လာမိတယ်။

အဲဂလိုအကြောင်းကြောင့် ဆန္ဒထုတ်ဖော်ခွင့် တောင်းခံရင်ကော နေပြည်တော်ရဲစခန်းက ကိုကိုတာဝန်မယူရဲတွေက ခွင့်ပြုချက်ပေးမယ်လို့ မိတ်ဆွေတို့ ထင်သလားဟင်။

စက်တင်ဘာ ၆
“ထောက်ခံတယ်”

ကိုယ့်ပြည်သူကို လက်နက်အားကိုးနဲ့ အစွမ်းကုန် ဖိနှိပ်ရက်စက်နေတဲ့ ဆီးရီးယားအာဏာရှင် အာဆတ်သာမက ကမ္ဘာ့နေရာဒေသအသီးသီးမှာရှိတဲ့ ဘယ်အာဏာရှင်ကိုမဆို အင်အားကြီးနိုင်ငံတွေက အင်အားသုံး ဖြုတ်ချဖို့ ကူညီခဲ့တဲ့၊ ကူညီဦးမယ့် အစီအစဉ်မှန်သမျှကို ကျနော့်အနေနဲ့ အရင် (ပနားမား၊ အီရတ်၊ လစ်ဗျား) တုန်းကလည်း ထောက်ခံတယ်။ အခုလည်း ထောက်ခံတယ်။ နောင်လည်း ထောက်ခံနေဦးမှာဖြစ်တယ်။

စက်တင်ဘာ ၁
“ကျနော် ဆက်၍ မရေးဖြစ်တော့သော ဆောင်းပါး နိဂုံးပိုင်း”

ကျနော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ကို နောက်ဆုံးအကြိမ် ထောင်က မလွတ်ခင် အချိန်တွေတုန်းကရော ထောင်က လွတ်ပြီး ယခုအချိန်အထိကော ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းစွဲရှိလျက်ပါ။ ကိုသူရ နောက်ဆုံးအကြိမ် ထောင်က လွတ်မလာခင်လေးမှာ သူ့အကြောင်း အမှတ်တရဆောင်းပါး အပိုင်း ၂ ပိုင်း ရေးထားဖြစ်ခဲ့တယ်။ ကျနော့်စိတ်ကူးက ဆောင်းပါး နိဂုံးပိုင်းကို သူ ထောင်က ထွက်လာတဲ့အချိန်ကျမှ လှလှပပ ရေးဖွဲ့ပြီး ဇာတ်သိမ်းမယ်လို့ စိတ်ကူးထားတာ။

သူ နောက်ဆုံးအကြိမ် ထောင်က ထွက်လာပြီး သူ့စိတ်ထဲရှိတဲ့အတိုင်း ခရားရေလွှတ်သလို နန်းစတော့ပ် လွှတ်နေတာတွေကို နားထောင်နေရချိန်အထိ (ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ မကန်တော့မီအချိန်အထိ) လည်း ကျနော့်မှာ သူ့အကြောင်း နိဂုံးပိုင်းကို ဖွဲ့နွဲ့ဖို့ Mood တွေ တဖွားဖွား ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒါပေမယ့် ကိုသူရ ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ ကန်တော့ပြီး နောက်ပိုင်းမှာ သူ့ရဲ့နှုတ်ထွက်စကားတွေနဲ့ ရေးသားချက်တွေကို ကျနော် ခံစားလို့ မရတော့သလို သူ့အကြောင်း နိဂုံးပိုင်းကို ဖွဲ့နွဲ့ဖို့ စိတ်ကူးထားတဲ့ Mood (ဆရာမောင်သာနိုးအခေါ် မုဒ) တွေလည်း ပျောက်ချင်းမလှ ပျောက်ဆုံးကုန်ပါတော့တယ်။

အဲဒီလို ပျောက်ဆုံးခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ဆက်မရေးဖြစ်တော့တဲ့ ဆောင်းပါး နိဂုံးပိုင်းအတွက် လူရွှင်တော် ဇာဂနာ (ကိုသူရ) နဲ့ စာဖတ်ပရိသတ်များကို လေးစားစွာ တောင်းပန်သမှုပြုလိုက်ရပါတယ်။

အပိုင်း (၁)
အပိုင်း (၂)

သြဂုတ် ၂၉
“မှတ်ချက်တိုတို”

ကမ္ဘာပြားဆရာကျော်ဝင်း၏ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများကို ဖတ်ရှုရသည်မှာ “လူလိမ်တဦးက သုံးမရလောက်အောင် ဖင်ပွင့်နေသည့် ကြွေဇလုံကြီးအား ဖြန့်ပူးထားသည့် သူ၏ လက်ဖ၀ါးနှစ်ဘက်ပေါ် တင်၍ အတည်ပေါက် သယ်ဆောင်လာသည်ကို ကျကွဲမှာစိုးလို့ ဆိုပြီး နံဘေးမှ လိုက်၍ မနေနိုင် မထိုင်နိုင် လက်နှစ်ဖက်နှင့် ကာပေးရင်း ၀န်းရံပေးနေသူတဦး အမြီးနှန့်နေပုံနှင့် တူလွန်းလှသည်” ဟု ခပ်တိုတို မှတ်ချက်ပြုလိုပေသည်။ ကျနော်၏ မှတ်ချက်အပေါ် သဘောမတွေ့သူများ အချိန်ကုန်ခံကာ ဖတ်ရှုသုံးသပ်ကြည့်ကြစေခလို …။

ကမ္ဘာပြားဆရာကျော်ဝင်း၏ ဆောင်းပါးများ

သြဂုတ် ၂၄
“သောက်ကျင့်ဆိုး”

အုပ်စုဖွဲ့တာကတော့ ရုပ်ရှင်အစည်းအရုံးတခုတည်း ဟုတ်မယ်မထင် ... နေရာတကာ တွေ့ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သောက်ကျင့်ဆိုးများပင် ...။

သြဂုတ် ၂၄
“မတောင်းဘဲ စစ်အာဏာရှင်တွေ ပေးတဲ့အရာ”

- တပြည်လုံး အလွှာအသီးသီး တက်ညီလက်ညီ တောင်းဆိုလို့ မြစ်ဆုံစီမံကိန်း ရပ်သွားတယ်။
- မီးရရှိရေး မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးအချို့မှာ ဆန္ဒပြတောင်းဆိုလို့ မီးအချို့ ပြန်လင်းလာတယ်။
- လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှ စစ်ခရိုနီတွေက သိမ်းဆည်းလယ်ယာမြေအတွက် လျော်ကြေးပေးဖော်ရလာတယ်။

အဲဒီတွေအားလုံးဟာ ဆန္ဒထုတ်ဖော် တောင်းဆို တိုက်ပွဲဝင်လို့ ရလာတာ။ မတောင်းဘဲ ထိုင်နေရင် ရပါ့မလား ...။

အဲ ... မတောင်းဘဲ စစ်အာဏာရှင်တွေ ပေးတဲ့အရာတော့ ရှိတယ်။ ဘာတွေလဲဆိုတော့ ... (၁) မီးလောင်ဗုံး (၂) စွမ်းအားရှင်တွေရဲ့ အကြမ်းဖက်မှု

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

3 comments:

ywarthar said...

ဒေါ်အောင်ဆန်းစုကြည်ကို ဦးချတာ အပြစ်တစ်ခုလား
ကိုယ့်ယုံကြည်ချက်နဲ့ ကို လုပ်ခွင့်မရှိဘူးလား။

ကိုလွဏ်းဆွေ ကော ကိုယ့်ထက်ကြီး ပြီး ကိုယ်လေးစား တဲ့ သူတွေကို ဦးချပြီး မကန်တော့ဖူးဘူးလား။
နေရာတိုင်းတော့ ကိုယ့်စိတ်တိုင်းကျဖြစ်မှာ မဟုတ်ဘူး။
စိတ်တိုင်းမကျတိုင်း ထင်ရာပြောနေရင်တော့ ကိုယ့်လူလည်း ပေါတာ ကြီး အဆင့်ဖြစ်နေပါ့မယ်။

ဒေါက်တာလွဏ်းဆွေ said...

ywarthar ခင်ဗျား ...

ရေးထားတဲ့ စာကို သေချာဖတ်ရှုစေလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးချတာ အပြစ်လို့ ကျနော် လုံးဝ ရေးမထားပါ။ ywarthar အနေနဲ့ ကိုဇာဂနာ နောက်ဆုံးအကြိမ် ထောင်က ထွက်လာချိန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ်ချီ မကန်တော့မီအချိန်အထိ ဘာတွေ ပြောခဲ့တယ်၊ ကန်တော့ပြီးနောက်ပိုင်း ဘာတွေပြောပြီး ဘယ်လိုပြောင်းသွားတယ် ဆိုတာကို ဂဃနဏ မသိလို့တာ ကျနော် ရေးတာကို ဇာတ်ရည်မလည်ခြင်းဖြစ်မယ်လို့ ယူဆပါတယ်။ ကျနော့်အပေါ်လည်း ကြိုက်သလို ထင်မြင်နိုင်ပါတယ်။ ဘယ်လိုမှ သဘောမထားပါခင်ဗျား ...

လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

ဇင်မွန် said...

good reaction, right action.