Thursday, February 3, 2011

ကြီးမြတ်လေသူ ကိုသူရသို့ ကျနော့် အမှတ်ရချက်များ (ဒုတိယပိုင်း)

ကြီးမြတ်လေသူ ကိုသူရသို့ ကျနော့် အမှတ်ရချက်များ (ဒုတိယပိုင်း)
ဒေါက်တာလွဏ်းဆွေ

၂၀၀၀ နှင့် ၂၀၀၂ ကြား အချိန်ကာလအတွင်းကဟု ကျနော်ထင်သည်။ တနင်္ဂနွေတညနေတွင် Living Color မဂ္ဂဇင်း၌ သတင်းဆောင်းပါးများ ရေးသားနေသည့် သက်တူရွယ်တူမိတ်ဆွေ ကိုဟန်ထက်မောင်က ကျနော့်ထံသို့ တယ်လီဖုန်းဆက်လာလေသည်။

“ဟဲလို ကိုလွဏ်းဆွေ ညနေ အားလားဗျ၊ အားရင် ဆရာလင်းက ကိုလွဏ်းဆွေကို သူ့ Living Color မဂ္ဂဇင်းတိုက်ကို လာခဲ့ဖို့ ချိန်းခိုင်းလို့။ အဲဒီကနေ ချီတက်ပြီး သူ ထိုင်နေကျ ကြည့်မြင်တိုင် ညဈေးနားက ဆိုင်မှာ ပြုစုချင်လို့တဲ့ ဟဲ ဟဲ” ဟု ကိုဟန်ထက်မောင်က နေညိုချိန်ကို ဖြတ်သန်းရန် ဆရာလင်းကိုယ်စား ကျနော့်အား ဖိတ်ကြားလေသည်။ ကျနော်က ငြင်းဆိုခြင်းအမှုကို အလျဉ်းမပြုတော့ဘဲ ကျနော် သွားရောက်လည်ပတ်လေ့ လည်ပတ်ထမရှိလှသည့် စမ်းချောင်း၊ မြေနီကုန်းရှိ Living Color မဂ္ဂဇင်းတိုက်ကို ရှာဖွေကာ အရောက်လာခဲ့မည့်အကြောင်း ကိုဟန်ထက်မောင်ကို ပြန်ကြားလိုက်လေသည်။

Living Color ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်းသည် ယခုအခါ ဆိုင်းငံ့ထောင်ဒဏ်ကျခံနေရသူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ သားအငယ် ဒေါက်တာရဲနိုင်ဝင်း (Bagan Cybertech တည်ထောင်သူ) ၏ နာမည်ဖြင့် ထုတ်ဝေခွင့်မှတ်ပုံတင်ရခဲ့ခြင်းဖြစ်သည်ဟု စာပေလောကတွင် အသိများကြပြီး မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့သည့် ဒေါက်တာနေ၀င်းမောင် (နအဖစစ် အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံရန် ရေးသားစည်းရုံးမှုများ လုပ်ဆောင်ခဲ့သူ) ဦးစီးဦးဆောင်အဖြစ် တာဝန်ယူထုတ်ဝေနေသော မဂ္ဂဇင်းဖြစ်သည်။ ယနေ့အထိလည်း ထုတ်ဝေနေဆဲဖြစ်သည်။ ပြည်တွင်း၌ ရှိစဉ်အခါက ထိုမဂ္ဂဇင်းတိုက်တွင် ရင်းနှီးသည့် မိတ်ဆွေတချို့ လုပ်ကိုင်နေကြလင့်ကစား စိတ်ထဲတွင် တစိမ်းပြင်ပြင်ကဲ့သို့သော အာရုံတခုရနေသည့်အတွက် ကျနော် အရောက်အပေါက်နည်းခဲ့သည်။

ကိုဟန်ထက်မောင် ဖုန်းထဲမှ အဖျားဆွတ် ခေါ်ဝေါ်သည့် ‘ဆရာလင်း’ ဆိုသည်မှာ အဆိုပါ Living Color မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဆရာလင်းဝေမြိုင် (ယခု ကွယ်လွန်) ဖြစ်သည်။ ဆရာလင်းသည် ကျနော်၊ ကိုဟန်ထက်မောင်တို့နှင့် မျိုးဆက်တဆက်မျှနီးပါး အသက်အရွယ် ကွာလှမ်းလှသည်။ ဆရာလင်းနှင့် ပတ်သက်၍ မကွယ်မ၀ှက် ပြောကြားရမည်ဆိုလျှင် ဆရာလင်းသည် Living Color လို စီးပွားရေးမဂ္ဂဇင်း၌ အယ်ဒီတာချုပ် လုပ်နေရသည်ကို ပျော်မွေ့လှသူမဟုတ်။ သူက ရသစာပေမဂ္ဂဇင်းမျိုးတွင်သာ အယ်ဒီတာလုပ်လိုသူဖြစ်ပြီး Living Color မဂ္ဂဇင်းမတိုင်မီက ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် နှစ်ရှည်လများ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ထို့အပြင် ကျနော် အမှတ်မလွဲပါက ‘ရွှေ’ ဟု အမည်ရသည့် မဂ္ဂဇင်း၌လည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သေးသည်ဟုထင်သည်။

သို့သော် ထိုစဉ်က ဆရာလင်း ရသည့် ရသမဂ္ဂဇင်း အယ်ဒီတာလစာမှာ မိသားစုစားဝတ်နေရေးအတွက် လောက်ငှသည့် အနေအထားမျိုး ရှိပုံမပေါ်။ ထိုသို့သော အချိန်အခါမျိုးတွင် Living Color မဂ္ဂဇင်းက အလျှံအပယ်မဟုတ်သည့်တိုင် မနည်းလှသော အယ်ဒီတာလစာ ချီးမြှင့်ကမ်းလှမ်းလာသည့်အတွက် အခြေအနေအရ အယ်ဒီတာချုပ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း စာနယ်ဇင်းလောကနှင့် ဝေးဝေးမနေလိုသူ ဆရာလင်းက တခါသားတွင် ကျနော့်အား ရင်ဖွင့်ဖူးလေသည်။ အင်္ဂလိပ်စာမေဂျာဖြင့် မဟာဝိဇ္ဇာဘွဲ့ရထားသူ ဆရာလင်းသည် မဂ္ဂဇင်းအယ်ဒီတာဘ၀အပြင် အင်္ဂလိပ်စာ ကျူရှင်ဆရာ၊ စာရေးဆရာ၊ ဘာသာပြန်ဆရာအဖြစ်နှင့်ပါ ဘ၀ကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းရုန်းကန်ခဲ့သူဖြစ်သည်။

ထိုစဉ်ကာလများတ၀ိုက်က နေညိုချိန်ဆိုလျှင် ဆရာလင်း၊ ကိုဟန်ထက်မောင်နှင့် ကျနော်တို့ သုံးဦး ရန်ကုန်မြို့ထဲ (၃၃) လမ်း အထက်ဘလောက်ရှိ လေထန်ကုန်းလက်ဖက်ရည်ဆိုင်၌ မကြာမကြာ ဆုံဖြစ်ကြသည်။ ထို့နောက် မှောင်ရီသမ်းသည်နှင့် (၃၈) လမ်း အထက်ဘလောက်ရှိ ‘ငွေလမင်း’ စားသောက်ဆိုင်သို့ သုံးယောက်သား ချီတက်လေ့ရှိကြသည်။

ထိုညနေကမူ ကျနော် လေးစားချစ်ခင်သည့် ဆရာလင်း မဖိတ်စဖူး အဖိတ်ထူးသည်ကတကြောင်း၊ တနင်္ဂနွေနေ့ဖြစ်သည်ကတကြောင်းကြောင့် Living Color မဂ္ဂဇင်းတိုက်သို့ ကျနော် တကူးတက အရောက်သွားဖြစ်ခဲ့သည်။ ကိုဟန်ထက်မောင်က ကျနော့်အရင် ကြိုရောက်နေသည်။ ထို့နောက် ဆရာလင်း အလုပ်လက်စသတ်ပြီးချိန် မှောင်ရီမပျိုးမီတွင် ကျနော်တို့သုံးဦး Living Color မဂ္ဂဇင်းတိုက်ပေါ်မှ ဆင်းခဲ့ကြလေသည်။

သုံးယောက်သား စကားတပြောပြောနှင့် လမ်းလျှောက်လာကြရင်း “ဘယ်ကို ချီတက်ကြမလို့တုန်း” ဟူသည့် ခပ်သြသြ၊ အသံလုံးကြီးကြီးနှင့် အပေါ်စီးမှ အော်ပြောသံတခု ကျနော့်နားထဲသို့ ၀င်ရောက်လာသည်။ အောင်မြင်ခံ့ညားသည့် အသံကြီးလာရာ ရှေ့တည့်တည့် လမ်းထိပ်ဆီသို့ ကျနော် မော့ကြည့်လိုက်သည်တွင် ခေါင်းတုံးပြောင်ပြောင် စွပ်ကျယ်လက်စက ၀တ်ထားသည့် ကိုသူရ (ကိုဇာဂနာ) က အထပ်တော်တော်မြင့်သည့် တိုက်ခန်းဝရန်တာမှနေ၍ ကျနော်တို့အား ပြုံးပြုံးကြီး ငုံ့ကြည့်နေသည်ကို တွေ့ရလေသည်။

တိုက်အောက်နားသို့ အရောက်တွင် ကိုသူရက “ဘယ်ကိုတုန်း၊ လာပါဦး၊ အပေါ်တက်ကြပါဦး” ဟု ထပ်ပြောသဖြင့် ကျနော်တို့ သုံးဦး ကိုသူရ၏ အခန်းသို့ တက်သွားကြသည်။ ဆရာလင်း၏ ရုံးခန်းနှင့် ကိုသူရ နေသည့် တိုက်ခန်းက တရပ်ကွက်တည်းလို ဖြစ်နေသဖြင့် လူချင်း မကြာခဏဆုံဖြစ်ပြီး ရင်းနှီးနေကြပုံပေါ်သည်။ အပေါ်သို့အရောက်တွင် ဆရာလင်းက ကိုသူရအား “အချိန်ရရင် လိုက်ခဲ့ပါလား၊ ကြုံတုန်း စကားလေးဘာလေး ပြောရတာပေါ့” ဟု ဖိတ်မန္တကပြုသည့်အတွက် ချက်ဆိုနားခွက်က မီးတောက်သော ကိုသူရက ကျနော်တို့ ဘယ်သွားမည်ကို ရိပ်စားမိသည်နှင့်အညီ “ကိုလွဏ်းဆွေတို့၊ ကိုဟန်ထက်မောင်တို့ကောပါတော့ ကောင်းတာပေါ့” ဟုဆိုကာ ၀မ်းသာအားရပင် အင်္ကျီလက်တိုတထည် ကောက်ဝတ်ပြီး လိုက်ပါလာခဲ့လေသည်။

ထိုမတိုင်မီက ကိုသူရနှင့် ကျနော် ကဗျာဆရာ ကိုစောဝေ၏ အဓိပတိထမင်းဆိုင် (ရှင်ပါကူ အထူးကုဆေးခန်းအနီး) တွင် တကြိမ်သာ ဆုံဖူးသေးသည်။ ထိုအချိန်သည် အရေးအခင်းပြီးနောက်ပိုင်း ကိုသူရ ထောင်ထဲဝင်ရပြီးနောက် ပြန်လွတ်လာချိန်ဖြစ်သည်။ အငြိမ့်ကခွင့် ပိတ်ပင်ခံထားရသော်လည်း ကြော်ငြာနှင့် ရုပ်ရှင်ဗွီဒီယိုနယ်ပယ်တွင် သရုပ်ဆောင်အဖြစ်နှင့်လည်းကောင်း၊ ဒါရိုက်တာအဖြစ်နှင့်လည်းကောင်း ကိုသူရ အထူးအောင်မြင်နေချိန်ဖြစ်သည်။ ကိုစောဝေ၏ မိတ်ဆက်ပေးမှုဖြင့် စကားစမြည်ပြောဆိုဖြစ်ရင်း မြားနတ်မောင်မဂ္ဂဇင်းကို သူ နှစ်သက်သည့်အတွက် လစဉ် ၀ယ်ယူဖတ်ရှုအားပေးသည်ဟု ထိုစဉ်က ကိုသူရ ကျနော့်ကို ပြောခဲ့ဖူးလေသည်။

*****

ကြည့်မြင်တိုင် ညဈေးရှိရာလမ်းအတိုင်း တက္ကစီကား ချိုးကွေ့ဝင်လာပြီး ကမ်းနားလမ်းအနီးသို့ အရောက်တွင် ဆရာလင်းက ကားသမားကို ရပ်ခိုင်းလိုက်သည်။ လေးယောက်သား ကားပေါ်မှ အဆင်းတွင် ကိုသူရက လက်ဦးမှုယူကာ တက္ကစီခကို ရှင်းလိုက်သည်။ ထို့နောက် တဖြေးဖြေး ပိကျလာနေသော အမှောင်ထုအောက်ထဲ လက်ဆွဲအိတ်ကလေး ဆွဲထားသည့် မျက်မှန်တ၀င်းဝင်းနှင့် ဆရာလင်းက ရှေ့မှ ဦးဆောင်လျှောက်လှမ်းလေတော့သည်။ ကိုသူရ၊ ကိုဟန်ထက်မောင်နှင့် ကျနော်တို့သုံးဦးမှာ မိမိတို့ တကြိမ်တခါမျှ ကန်ဖူးသည့် ကွင်းမဟုတ်သည့်အတွက် ဆရာလင်း၏ နောက်မှ ငြိမ်ငြိမ်ဆိတ်ဆိတ် လိုက်ပါလာကြသည်။

ကမ်းနားလမ်းပေါ်ရှိ ပလက်ဖောင်းနှင့်ကပ်လျက် တိုက်ခံနှစ်ထပ်အိမ်တခုရှေ့သို့ အရောက်တွင် ဦးဆောင်သူ ဆရာလင်းက သမင်လည်ပြန်အကြည့်ဖြင့် “လာကြ လာကြ” ဟုဆိုကာ ပလက်ဖောင်းပေါ်မှ ဆင်းပြီး ဆိုင်ထဲသို့ ၀င်သွားလေသည်။ ကျနော်တို့သုံးဦး နောက်မှလိုက်ဝင်သွားသည်တွင် ဆိုင်အခင်းအကျင်းကို ကြည့်ပြီး ကျနော် အတော်ပင် စိတ်အိုက်သွားမိလေသည်။

ဆိုင်ထဲရှိ စားပွဲဝိုင်းတိုင်းတွင် သောက်သုံးသူများဖြင့် ပြည့်နှက်နေပြီး ပြောဆိုနေကြသံများမှာ လက်ပံပင် ဆက်ရက်ကျသကဲ့သို့ ဆူညံပွက်လောရိုက်နေသည်။ သောက်သုံးနေသူအများစုမှာ ကမ်းနားတွင် ကာယအားပြုပြီး အသက်မွေးကြသည့် အလုပ်သမားများ ဖြစ်ပုံပေါ်သည်။ တချို့က ချွေးတလုံးလုံး၊ တချို့က အဆီပြန်မျက်နှာ၊ တချို့မှာ ကိုယ်အပေါ်ပိုင်း အင်္ကျီဗလာ …။ စားပွဲဝိုင်းများမှာလည်း တ၀ိုင်းနှင့်တ၀ိုင်း ကပ်လွန်းသည့်အတွက် လေးယောက်သား ပွဲခင်းထဲသို့ တိုးဝင်သွားမိသလိုမျိုး ခံစားနေရသည်။

ဒီကြားထဲ ကိုသူရကို မြင်သည်နှင့် သောက်နေသူတချို့ စားပွဲဝိုင်းမှ ထလာပြီး “ဟာ ကိုဇာဂနာကြီး” ဟုဆိုကာ ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်သူက နှုတ်ဆက်၊ ပွေ့ဖက်သူက ပွေ့ဖက်၊ “ကိုဇာဂနာ ကျနော်တို့နဲ့ တခွက်လောက် ချသွားပါဦး” ဟု အပျော်မျက်နှာတွေနှင့် ဖိတ်ခေါ်သူက ဖိတ်ခေါ်၊ “ကိုဇာဂနာရဲ့ ဟာသပြက်လုံးတွေကို အရမ်းကြိုက်တာပဲ” ဟုပြောရင်း ဖက်မနမ်းရုံတမယ် မိတ်ဆက်သူက မိတ်ဆက်နှင့် ကိုသူရမှာ သူ၏ ပရိသတ်စစ်စစ်များအကြား လက်မလည်နိုင်အောင် ဗျာများနေသည်ကို တွေ့ရလေသည်။ ပါဝါမျက်မှန်ထူထူနှင့် ကိုဟန်ထက်မောင်ကို လှမ်းကြည့်တော့ သူ ပြုံးပြသည့် အပြုံးက စိတ်ကျဉ်းကျပ်နေသည့် အပြုံးမျိုး …။

ဆရာလင်းကတော့ ကျနော်တို့ကို လှည့်မကြည့်အား၊ သူပိုင်ကွင်းမို့ နေရာထိုင်ခင်း ပြင်ပေးဖို့ စားပွဲထိုးကို လောဆော်နေသည်။ ကျနော့်စိတ်ထဲတွင် အေးအေးဆေးဆေး စကားပြောဖို့ ဘယ်လိုမှ မဖြစ်နိုင်ဟု သုံးသပ်မိပြီး စားပွဲဝိုင်းပြင်ပေးပြီးမှဆိုလျှင် အားနာစရာဖြစ်ကုန်တော့မည်ဟု တွေးမိကာ ဆရာလင်း အနားသို့ အလျင်အမြန်ကပ်၍ ပြောလိုက်လေတော့သည်။

“ဆရာလင်း ဒီအနေအထားနဲ့ဆို အေးအေးဆေးဆေး စကားပြောဖို့ မလွယ်ဘူး။ တခြားတနေရာကို ရွေ့ရင် ကောင်းမယ်နဲ့ တူတယ်။ ဟိုမှာ ကိုသူရ ပရိသတ်တွေ သဲသဲလှုပ်နေပုံနဲ့ မလွယ်ဘူးနော် ဆရာလင်း၊ ရွေ့ရအောင်” ဟု ကျနော် နားနားကပ်၍ ပြောလိုက်သည်။

“အဲဒါဆို ဘယ်ကို သွားမလဲ ဆရာလွဏ်း” ဟု ဆရာလင်းက ပြန်အမေးတွင် “လာပါ ဆရာလင်းရယ်၊ ဒီနားမှာ တခြားဆိုင်တွေ ရှိဦးမှာပေါ့” ဟု ပြောပြီး အလျင်အမြန် နောက်ကြောင်းပြန်လှည့်ရလေတော့သည်။ ကျနော်တို့သုံးယောက် ပြန်လည်ဆုတ်ခွာသည်ကို သိရှိသည့် ကိုသူရကလည်း သူ့ပရိသတ်များကို “မိတ်ဆွေတွေ ပါနေလို့ နောက်မှ တွေ့ဦးမယ်နော်” ဟု တောင်းတောင်းပန်ပန် နှုတ်ဆက်ကာ ကျနော်တို့နောက် ပြန်လိုက်လာလေ သည်။

အပြင်သို့ အရောက်တွင် လူငွေ့မိပြီး ချွေးပြန်နေသည့် ကျနော်၊ ကိုဟန်ထက်မောင်၊ ကိုသူရတို့ သုံးယောက်ကို ကြည့်ပြီး ဆရာလင်းက “ကျနော်က ခင်ဗျားတို့ သုံးယောက်ကို ဘီအီးကောင်းကောင်း တိုက်ချင်လို့ဗျ” ဟု မျက်နှာငယ်ငယ် အားနာသည့်လေသံဖြင့် ပြောလေသည်။

ကိုသူရက ဆရာလင်း၏ တိုက်ကျွေးလိုစိတ်ကို အသိအမှတ်ပြုသည့်အနေနှင့် “ဆိုင်က စကားပြောဆိုဖို့ လွယ်မယ်မထင်ဘူး ဆရာလင်းရဲ့။ နောက်တခေါက် လူရှင်းမှ ထိုင်ရအောင်။ အခုတော့ တခြားတနေရာ သွားကြတာပေါ့” ဟု ဆရာလင်းကို ပြောဆိုလေသည်။

ကျနော်ကလည်း ကိုသူရနောက်မှ သံယောင်လိုက်ကာ “ဟုတ်တယ် ဆရာလင်း၊ တခြားကြောင့်မဟုတ်ဘူး၊ ကျနော်တို့လည်း (၄၂) လမ်းက ဘီအီးဆိုင်တွေမှာ သောက်ဖူးတာပဲ။ အခု ဆရာလင်းဆိုင်က ဆူညံနေတော့ ဘယ်လိုမှ စကားပြောလို့ရမယ်မထင်ဘူး။ နားအေးပါးအေး ရှိတဲ့နေရာမှာ ထိုင်ရအောင်ပါ ဆရာလင်းရယ်” ဟု နှစ်သိမ့်ပြော ပြောလိုက်လေသည်။ နံဘေးမှ ကိုဟန်ထက်မောင်ကတော့ ခပ်ဖျော့ဖျော့အပြုံးနှင့် …။

ကျနော်တို့လေးယောက် လျှောက်မိလျှောက်ရာ ဆက်လျှောက်လာကြရင်း ကျနော်၏ စိတ်ထဲမှ ထိုဆိုင်မျိုးတွင် သိပ်မထိုင်ဖို့ ဆရာလင်းကို တားမြစ်ချင်စိတ်ပေါ်နေမိသည်။ အဆင့်အတန်း ခွဲခြားလိုသည့်သဘောကြောင့်မဟုတ်ဘဲ ဈေးပေါပြီး ကွာလတီမကောင်းသည့် အရက်များနှင့်တိုးကာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်သဖြင့် ဆရာလင်းကို တားမြစ်လိုခြင်းဖြစ်သည်။ သို့သော် ကျနော် ပြောမထွက်ခဲ့။ အားလုံး အတွေးကိုယ်စီနှင့် ဆက်လျှောက်နေခဲ့ကြသည်။

မိနစ်အနည်းငယ်အကြာတွင် ကမ်းနားလမ်း၏ ကမ်းနားဘက်အခြမ်း၌ ဘီယာစတေရှင်ကြီးတခုကို တွေ့သဖြင့် ကိုသူရက “ဒီမှာဆိုရင်တော့ စကားပြောဖို့ အေးအေးဆေးဆေး ရှိမယ်ထင်တယ်” ဟု အကြံပြုလေသည်။ သို့ နှင့် လမ်းကူးပြီး လေးယောက်သား ဆိုင်အတွင်းသို့ ၀င်ရောက်ခဲ့ကြလေသည်။ ဆိုင်မှာ စတိတ်ရှိုးစင်မြင့်နှင့် ဧည့်ခံဖျော်ဖြေသည့်ဆိုင်ဖြစ်ပြီး အချိန်စောသေး၍ထင့်၊ ကိုသူရ ခန့်မှန်းသည့်အတိုင်း စားပွဲဝိုင်းအားလုံး လူရှင်းနေသည်ကို တွေ့ရသည်။

ထိုညက လူရှင်းနေသည့် ဘီယာဆိုင်ကြီးအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနယ်မှ ကိုသူရနှင့် စာပေနယ်မှ ကျနော်တို့သုံးဦး နားအေးပါးအေး စကားတွေ တလှေကြီး ပြောဖြစ်ခဲ့ကြသည်။ စကားပြော၍ ၀သလောက်ရှိပြီး တေးဂီတအစီအစဉ် စတင်ချိန်တွင် ကာရာအိုကေပိုး ထကြွလာသည့် ကိုဟန်ထက်မောင်က စင်မြင့်ပေါ်သို့ အရင်တက်ကာ ဟဲလေတော့သည်။ ထို့နောက် ထိုစဉ်က စီးရီးတခွေ ထွက်နေပြီဖြစ်သည့် ကျနော့်အား ကိုသူရနှင့် ဆရာလင်းတို့က သီချင်းတပုဒ်ဆိုရန် တိုက်တွန်းပြန်သဖြင့် စင်ပေါ်တက်ကာ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” သီချင်း ကို ဟဲမိပြန်လေသည်။ ကျနော် ဟဲနေစဉ် ကိုသူရက စင်ပေါ်တက်လာပြီး ပန်းကုံးစွပ်သည်။ ထိုညက ပြန်ခါနီး ပိုက်ဆံရှင်းရာတွင် ပန်းကုံးဖိုးရော စားသောက်ထားသည့် ကျသင့်ငွေကိုပါ တက္ကစီခ ပေးတုန်းကကဲ့သို့ပင် ကိုသူရက လက်မြန်ခြေမြန် ရှင်းပြန်လေသည့်အတွက် ကျနော်တို့ သုံးဦးမှာ ကိုသူရအပေါ် အားလည်းနာတယ် ခင်လည်းခင်တယ် ဖြစ်ခဲ့ရချေတော့၏။

ထိုတခေါက် ကိုသူရနှင့် ဆုံပြီး မကြာမတင် အချိန်အတောအတွင်း ကျနော့်ထံသို့ ‘သူရဲလေးကောင်’ ၏ နို့တစ်စာ ရောက်ရှိလာခြင်းဖြစ်ပါလေသည်။

(ဆက်လက်ဖတ်ရှုပါရန်)

- ကြီးမြတ်လေသူ ကိုသူရသို့ ကျနော့်အမှတ်ရချက်များ (ပထမပိုင်း) click

2 comments:

Unknown said...

အလဲ့...
"အမှတ်ရချက်များ" ဆိုပဲ။
ဆရာလွဏ်းတို့ ကတော့ စာ စစ်နေပြီ၊
ဧကန္ဒ..ကျုရှင် ပြတော့မယ်နဲ့ တူတယ်။
ဘိုင်အိုဒေါက်တာလွဏ်းဆွေ ဇီဝဗေဒဘာသာအနီးကပ် ၁၀ ရက်ပြတ်။

mg said...

ဘာကို ကြီးမြတ်တာလဲ။ကြီးမြတ် မြင့်မြတ်တဲ့စကားလုံးဆိုတာ ဘုရား တရား သံဃာ တွေမှာပဲ သုံးတယ်။