Sunday, December 23, 2012

နောက်မှာ ရပ်နေတဲ့လူ (သို့) မရည်ရွယ်တဲ့ ပြစ်မှု (ဖြစ်ရပ်မှန် ၀တ္ထုတို)

နောက်မှာ ရပ်နေတဲ့လူ (သို့) မရည်ရွယ်တဲ့ ပြစ်မှု (ဖြစ်ရပ်မှန် ၀တ္ထုတို)
ဒေါက်တာလွဏ်းဆွေ

တမနက်မှာ ကျနော် ‘မင်းသားကြီး’ လက်ဖက်ရည်ဆိုင် အပြင်ဘက်က ကျောက်စားပွဲလေးမှာ ထိုင်ပြီး နံနက်အစောစာ စား၊ လက်ဖက်ရည်သောက်ရင်း ဆရာစိန်သံလုံး၊ ဆရာနေမျိုးအေး၊ ဒီဇိုင်းဆရာ ကိုသီဟမောင်မောင် ဇနီးမောင်နှံတို့နဲ့ စကားလက်ဆုံကျနေမိတယ်။ သူတို့ပြောတာ နားထောင်လိုက်၊ ကျနော်က ပြောလိုက်၊ ဟိုပြော ဒီပြော သောင်းပြောင်းထွေလာ ဆိုပါတော့။

ဆိုင်က ထခါနီး ကျနော် ပြောနေတဲ့အလှည့်မှာ ကျနော့်အနောက်မှာ လူတယောက် လာရပ်တာကို နောက်လှည့်မကြည့်ဘဲ ရိပ်ကနဲ ကျနော် သိလိုက်တယ်။ ကျနော် လှည့်မကြည့်မိဘဲ ပြောလက်စ စကားကို ဆက်ပြောနေမိတယ်။ အနောက်မှာ ရပ်နေတဲ့သူဆီကလည်း ဆိုင်ထဲကို လက်ဖက်ရည်ပါဆယ်မှာသံ၊ အစားအသောက်ပါဆယ်မှာသံ၊ ဘာသံဆို ဘာသံမှ မကြားရဘူး။ ဒါနဲ့ စကားဆက်ပြောနေတဲ့ ကျနော့်စိတ်ထဲမှာ ကျနော်တို့ဝိုင်းနား လူတယောက် လာရပ်ပြီး ပိုက်ဆံတောင်းနေတာ ဖြစ်မှာပဲလို့ တွေးလိုက်တယ်။

ကျနော် စကားဆက်ပြောနေတယ်။ နောက်က ရပ်နေတဲ့လူလည်း ပြန်လှည့်ထွက်သံ မကြားရဘဲ ဆက်ရပ်နေတယ်။ ဒါနဲ့ ကျနော်လည်း စကားပြောအပြီးမှာ နောက်လှည့်မကြည့်မိဘဲ ဂျင်းဘောင်းဘီအိတ်ထဲက အကြွေစေ့တစေ့ကို နှိုက်လိုက်တယ်။ ပြီးတော့ ပေးမယ်လို့ လက်ရွယ်လိုက်စဉ်မှာ “မယူပါဘူး” ဆိုတဲ့ အသံကြီး ကြားရပြီး ကျနော့်လက်ကို တွန်းထုတ်တာ ခံလိုက်ရတယ်။ အဲဒီအခါကျမှ ကျနော် အနောက်ကို သေချာလှည့်ကြည်မိလိုက်တယ်။ ကျနော့်နောက်မှာ နွမ်းဖတ်ဖတ် အ၀တ်အစားနဲ့ အဘိုးအိုတယောက် ဆိုင်ထဲက တီဗွီဖွင့်ထားတာကို ငေးကြည့်နေတာ တွေ့လိုက်ရတယ်။

ကျနော် အရမ်းလည်း အားနာ၊ ပျာပျာသလဲဖြစ်သွားပြီး “ကန်တော့နော် အဘိုး၊ ကျနော် လှည့်မကြည့်မိလိုက်လို့ပါ” လို့ အလျင်အမြန် တောင်းပန်စကားဆိုလိုက်တယ်။ အဘိုးအို စိတ်ဆိုးသွားလို့လား၊ သူ့မာနကို ထိပါးခံရလို့ ရှက်သွားလို့လားမသိ၊ ကျနော့်ကို “ရပါတယ်” “ကိစ္စမရှိပါဘူး” ဆိုတဲ့ စကားတွေ တခွန်းမှ ပြန်မပြော။ ကျနော် ဘယ်လို တောင်းပန်ရမှန်းမသိအောင် မျက်နှာတွေရော ခေါင်းတွေရော ထူပူပြီး ၀ိုင်းဘက်ပြန်လှည့်လိုက်မိတယ်။ ပြီးတော့ ခေါင်းကုတ်ရင်း စဉ်းစားနေမိတယ်။

ဝိုင်းမှာထိုင်နေတဲ့ ဆရာသမားတွေလည်း ဘာပြောရမှန်းမသိဘဲ မှင်သက်မိသလို ဖြစ်နေကြတယ်။ မကြာဘူး။ ကျနော် အဘိုးအိုကို ထပ်တောင်းပန်ဖို့ ပြန်ထလိုက်တယ်။ အဖိုးအို သူရပ်နေတဲ့နေရာမှာ မရှိတော့ဘူး။ ဒါနဲ့ ကျနော်လည်း မျက်နှာငယ်လေးနဲ့ “ပြန်ကြရအောင်” လို့ ဆရာတွေကို ပြောလိုက်တယ်။ ဆိုင်ကယ်နဲ့ ပြန်အထွက်မှာ လမ်းကြားထဲ ဟိုဟိုဒီဒီ ရှာကြည့်သေးတယ်။ အဖိုးအိုကို လုံးဝမတွေ့တော့။

ကျနော် အဲဒီနေ့ တနေ့လုံး မရည်ရွယ်ဘဲ ပြစ်မှုတခုကျူးလွန်ထားမိသလို ခံစားခဲ့ရတယ်။ အခုလည်း အဲဒီဖြစ်ရပ်ကို ပြန်တွေးမိတိုင်း အဘိုးအိုရဲ့ မျက်နှာကို မြင်ယောင်ဆဲ၊ စိတ်ထဲမှာလည်း အပြစ်ရှိသလို ခံစားနေရဆဲ။

ဒေါက်တာလွဏ်းဆွေ

4 comments:

Soe Nyunt said...

ဖြစ်ရပ်မှန်တွေက က္ဈန်တော် အကြိုက် ဆုံး ပါဘဲ ။
က္ဈန်တော်တို့ ငယ်ငယ်ကလည်း ဆရာ လင်းယုန်
မောင်မောင် ဆရာ မြသန်းတင့် အခု နောက်ဆုံး
ဗိုလ်မှုးချုပ် ကျော်ဇော် တို့ရဲ့ အထ္တုပတ္တိ ဘာသာပြန်
တွေကို အကြိုက်ဆုံး ပါဘဲ , ပွင့်ပွင့်လင်းလင်း ပြောရရင်
စိတ်ကူးယဉ် ၀ထ္တု တွေကို ဖတ်ရတာ အချိန်ကုန်တယ်
အကျိုးမရှိဘူး လို့ ခံစားရတယ် ။ ဆရာ လင်းယုန်
မောင်မောင်ရဲ့ နာဇီ တွေနဲ့ ပတ်သတ်တဲ့ ဘာသာပြန်
ဖြစ်ရပ်မှန်တွေက သင်ခန်းစာ ယူဘို့ အလွန်ကောင်းပါ
တယ်။ ဒီလို လူတော်တွေ မရှိတော့တာ မြန်မာပြည်
အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမူ လို့ မြင်ပါတယ် ။

kyawthusukyi said...

yes

yoo said...

ပြစ်မှုတခုကျူးလွန်ထားမိသလို ခံစားခဲ့ရလေသော
မိတ်ဆွေကြီးအား..ပြောကြားလိုသည်မှာ..
မိတ်ဆွေကြီး၏ မျက်နှာချင်းဆိုင် ထိုင်နေသော
စိန်သံလုးံသည်ကား..
မိတ်ဆွေကြီးကို ဘာ ဘာ ဘာမှ
ကြိုတင် တားဆီးခြင်း မရှိပဲ
ရေငုံနှိုက်ပိတ် ခြင်းဟူသော
ချောဆီ ပေးလိုက်သည့် သူ၏စိတ်သဘာဝကို
မိတ်ဆွေကြီး အမြတ်တစ်ခုလဲ ရလိုက်သည်ဟု
သိစေလိုပါ၏။ ။

ko ko said...

ဆရာလွမ်းဆွေ.ရေ..ကိုသီဟ..ကိုပြောပေးပါ.. အက်စ်အေအီးက မိတ်ဆွေကြီးကို သတိရသေးလားလို့.. ၃၉ လမ်းအောက်ဘလောက် က မိတ်ဆွေဆို သူသိပါလိမ့်မယ်..