ဟာဂျူလီ (ကသာ)
သေချာတာတခုက ကျနော် NLD မဟုတ်ပါ။ နောက်ပြီး နိုင်ငံရေးသမားလည်း မဟုတ်ပါ။ သောင်းကျန်းသူ လည်း မဟုတ်ပါ။ နောက်ပြီး ဖောက်ခွဲရေးသမားလည်း မဟုတ်ပါ။ သာမာန် ကာတွန်းဆရာတယောက် ရိုးရိုး သတင်းသမားတယောက်ရယ်ပါ။
သို့သော် ရယ်စရာလို့ ပြောရမလား၊ မောစရာလို့ပဲ ပြောရမလားမသိ။ န၀တခေတ် တခေတ်လုံး သွားလေရာ တကောက်ကောက်လိုက်ခံခဲ့ရသူတော့ ဖြစ်ခဲ့ရပါသည်။ အာဏာပိုင်တွေကလည်း မေတ္တာထားကြပါသည်။ မ ကြာခဏ တောခြောက်ခံခဲ့ရသည်။ ဒီတော့ ကိုယ့်အိမ်နှင့်ကိုယ် အေးအေးနေရသည်ကို မရှိလှ။ မန္တလေး ပြေး ရ။ ရန်ကုန် ပြေးရ။ နည်းနည်းတည်ငြိမ်ပြီဆိုလျှင် ကသာ ပြန်နေလိုက်ရနှင့် အတော်ပင် ခြေကုန်လက်ပန်းကျ ခဲ့ရပါသည်။ အစစ်အဆေး အမေးအမြန်းကလည်း စုံနေအောင် ခံရဖူးသည်။
ထောက်လှမ်းရေးခေတ်ကဆို ရယ်သလို မောသလိုနှင့် တညလုံး ငရုတ်မှုန့် ညှော်တိုက်ခါ အစစ်ဆေးခံခဲ့ရဖူး ပါသည်။ သေနတ်ဒင်နှင့်ရိုက်တာ ခံခဲ့ရဖူးသည် (အရှောင်ကောင်းလို့ မထိခဲ့)။ ကျနော်ကလည်း ကျနော်ပင် ..။ ဟာသဓာတ်ခံကြောင့်လားမသိ၊ လူမသိသူမသိ လမ်းနဘေးကနေ ခေါ်ယူခံရပြီး ငရုတ်သီးညှော်တွေ ထောင်း ထောင်းထအောင် အစစ်ခံနေရသည်ကိုပင် စကားလုံးအသစ်အဆန်းများနှင့် ဖြေနိုင်ခဲ့သေးသည်။ မှတ်မိတာ လေး ပြန်ရေးပြပါဦးမည်။
ထောက် ။ ။ ခင်ဗျားကို UG (ထိုအချိန်က ထိုစကားလုံး ရေပန်းစားသည်) လို့ စွပ်စွဲရင် ဘာပြောမလဲ။
ဖြေ ။ ။ ခင်ဗျားတို့ အဲဒီလို စွပ်စွဲမှာစိုးလို့ ကျွန်းပင်တွေ စုစုရှိတဲ့အောက်တောင် ဖြတ်မလျှောက်ပါဘူး။
ထောက် ။ ။ ခင်ဗျား ကျနော်တို့စစ်တပ် အုပ်ချုပ်တာ ကြိုက်လား။
ဖြေ ။ ။ မကြိုက်ပါဘူး။
ထောက် ။ ။ ဘာဖြစ်လို့လဲ။
ဖြေ ။ ။ ရှင်းပါတယ်။ စစ်တပ်အုပ်ချုပ်တာမကြိုက်လို့ စစ်ထဲမ၀င်တာပေါ့ဗျာ။ အရပ်သားအုပ်ချုပ်တာ ခံချင် လို့ အရပ်ထဲနေတာပေါ့။
... .. စသဖြင့် ကျန်တာတွေလည်း အများကြီးမေးပါသည်။ ၁၉၈၉ ခုနှစ်လောက်ကဆိုတော့ ကျနော့်ကို စစ်တဲ့ စစ်ချက်တွေ အသိမ်းအဆည်း ကောင်းရင် သူတို့ဆီမှာ ရှိဦးမှာပါ။ ကျနော် မလိမ်ဘူး။ အဲဒီအတိုင်း ဖြေခဲ့တာ။
နောက်နေ့ လင်းအားကြီးတွင် ကျနော့်ကို ပြန်လွတ်ပေးခဲ့သည်။ အကျယ်ချုပ်အနေဖြင့် ကသာမြို့လည်ရှိ ကွပ် ကဲရေးစခန်း (စစ်တပ်က ဖွင့်ထားသည်) ၌ ခြောက်လလောက် နေ့စဉ် လက်မှတ်သွားထိုးလိုက်ရသည်။ ထိုသို့ အပြောအဆို ဆန်းသစ်လို့လားတော့မသိ။ ကသာမြို့မှာ နာမည်စာရင်းနဲ့ ပေါ်တာဆွဲတော့ ကျနော့်နာမည်က နံပါတ် ၂၊ အိမ်တိုင်ရာရောက် (အိပ်ခန်းထဲအထိ) လာဆွဲသည်။ ကံကောင်းချင်တော့ ကျနော်က ခရီးထွက်နေ သည့်အချိန်။ ကျနော့်ကိုမမိသဖြင့် အစ်ကိုအကြီးဆုံး (နိုင်ငံတကာဓာတ်ပုံဆုရ) မာဃစန်ဝင်း (ကသာ) ကို ဆွဲ ခေါ်သွားသည်။ နေမကောင်းလို့ အိပ်ရာထဲက မထနိုင်သူ အစ်ကိုစန်ဝင်းမှာ စစ်တပ်မှာ ညအိပ်လိုက်ရသည်။ နောက် လမ်းတ၀က်ရောက်မှ လူစားလဲပြီး ထွက်ပြေးခဲ့ရသည်။ ထားပါတော့ ...။
လွန်ခဲ့တဲ့လေးနှစ်ခန့်ကတော့ မန္တလေးမှာ ၂ နှစ်လောက်နေပြီး မိသားစုရှိရာ ကသာကို ပြန်ရောက်တော့ နယ် မြေတာဝန်ခံနယ်ထိန်း ရဲကြပ် ဇော်ဇော်ဆိုသူ အိမ်ရောက်လာသည်။ သူနှင့် ကျနော် ပြောကြပုံကလည်း ...
မေး ။ ။ ဦးဂျူ ... ကသာကို ဘာလာလုပ်တာလဲ။
ဖြေ ။ ။ ဟ ... ဒါ ငါ့အိမ်လေ၊ ဒါက ငါ့မိန်းမ၊ ဒါ ငါ့သားသမီးတွေ၊ နောက် ကသာဆိုတာ ငါ့ဇာတိမြို့လေ၊ ဒီ တော့ ဘာလာလုပ်ရမှာလဲကွ၊ ကိုယ်အိမ်ကိုယ်ပြန်လာတာပေါ့။
မေး ။ ။ ဒါဆို ဘယ်နှရက် နေမှာလဲ။
ဖြေ ။ ။ ရော် ... ခက်တော့နေပါပြီကွာ၊ ငါ့အိမ်မှာ ငါဘယ်နှရက်နေမယ် ဘယ်သိတတ်ပါ့မလဲ။
မေး ။ ။ နောက်ထပ်သိချင်တာက (သူ့ရဲ့မှတ်စုစာအုပ်ကလေး ထုတ်ပြီး ပြန်ကြည့်သည်) နယ်တွေဆင်းဦး မှာလား။
ဖြေ ။ ။ ဒုက္ခပါပဲကွာ။ ဘာတွေ လာမေးနေတာလဲဟ မောင်ဇော်ရ။ ငါလည်း မှုခင်းသတင်းထောက် လုပ်ခဲ့ တဲ့ကောင်ပါကွာ။ မင်းမေးတဲ့ မေးခွန်းတွေက နိုင်ငံရေးသမားကို မေးရမှာတွေ။ နယ်ဆင်းတယ်ဆိုတာ နိုင်ငံ ရေးသမားတွေမှ လုပ်တာဟ။
မေး ။ ။ စိတ်မဆိုးပါနဲ့ ဦးဂျူရာ၊ ကျနော့်ကိုလည်း အထက်ကမေးခိုင်းလို့ပါ။ နယ်ဆင်းတယ်ဆိုတာ သတင်း ကိစ္စ သွားရင်လာရင် ကူညီရအောင် မေးတာပါ ... ဆိုပြီး ပြန်သွားပါသည်။
နောက်တလခန့်ကြာသောအခါ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲတဦးနှင့် စကားပြောဖြစ်သည်။ သူက ကျနော့်ကို ပြောသည်။
“အစ်ကို၊ ကျနော့်တပည့်တွေ မေးမြန်းထောက်လှမ်းတာတွေနဲ့ ပတ်သက်ပြီး စိတ်မဆိုးပါနဲ့။ ကျနော် ခိုင်းတာ ပါ။ ကျနော့်ကိုလည်း အထက်ကခိုင်းလို့ပါ။ အစ်ကို့ကို အထက်က အတော်စိတ်ဝင်စားကြတယ်”
“အေးဗျ၊ ခင်ဗျားက ဗြောင်ပြောတော့ ကျနော်ကလည်း ဗြောင်မေးရတော့မှာပဲ။ ခင်ဗျားတို့အထက်က လူကြီး တွေက ကျနော့်ကို ဘာဖြစ်လို့ စိတ်ဝင်စားကြတာတဲ့လဲ။ ကျနော်ဟာ နိုင်ငံရေးပါတီဝင်လည်း မဟုတ်ဘူး၊ ဖောက်ခွဲရေးသမားလည်း မဟုတ်ဘူးဗျာ”
“ကျနော်လည်း ကျနော့်အထက်လူကြီးတွေကို မေးပါတယ်။ သူတို့က ပြောတယ်။ အစ်ကိုက နှိုက်နှိုက်ချွတ် ချွတ်တွေရေးတဲ့ သတင်းသမားမို့တဲ့”
ကျနော် အစမှာ ပြောခဲ့သလိုပါပဲ၊ ကျနော် နိုင်ငံရေးသမားတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံရေးလုပ်သူ (အ ထူးသဖြင့် NLD) တွေနဲ့တော့ ခင်မင်လှပါတယ်။ သူတို့ကလည်း ခင်စရာကိုးဗျ။ ကိုယ့်ရဲ့ကိုယ်ကျိုးမငဲ့ဘဲ ထောင် အကျခံလုပ်နေသူတွေဆိုတော့ လေးစားခင်မင်မိတာပေါ့။ သူတို့တတွေထဲက ကိုစောလှိုင်အကြောင်း လေး အရင် ပြောပြချင်ပါတယ်။
ကိုစောလှိုင်ဆိုတာ အင်းတော်မြို့က NLD အမတ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမတ်ပေါ့။ ဦး သန့်အရေးအခင်း ကာလကတည်းက အခုအထိ ထောင်ထဲ ၀င်လိုက်ထွက်လိုက်နဲ့ပေါ့။ ထောင်က တခါထွက် လာလိုက် နိုင်ငံချစ်စိတ် ပိုပြင်းထန်လာလိုက်နဲ့ အတော်ကို ထုသားပေသားကျနေတဲ့ ပုဂ္ဂိုလ်ပါ။ သူက သိပ် ထက်တော့ ထစ်ကနဲဆို ဒီမောင် ဆိုသလိုပါပဲ။ သူ နောက်ဆုံးထောင်ကျတော့ ပုံနှိပ်ဥပဒေဆိုတာကြီးနဲ့ ကျ သွားတာ။ သူ့အိမ်မှာ ကွန်ပျူတာပရင်တာ တွေ့လို့တဲ့။
ထောင်ဒဏ် ၁၂ နှစ်၊ ကသာထောင်မှာ ကျသွားတာ။ သူထောင်ကျနေတဲ့အချိန်မှာ သူချစ်တဲ့ အဖေအိုကြီး ဆုံး သွားရှာတယ်။ ကိုစောလှိုင် အလောင်းတောင် မမြင်လိုက်ရ။ နောက်မကြာခင် သူ့ရဲ့ တဦးတည်းသော သမီး လေး မင်္ဂလာဆောင်တယ်။ သူ့သားမက် ဘယ်လိုရုပ်ရည်ရှိမှန်းမသိလိုက်ရ။ ဒါတွေက ထားပါတော့။ ပြောချင် တာက သူ့ဇနီးအကြောင်း ..။ ကိုစောလှိုင် ထောင်သက် ၆ နှစ်လောက်မှာ သူ့အမျိုးသမီးက သားအိမ်ကင်ဆာ ဝေဒနာခံစားရတယ်။ သူ့ဇနီးရဲ့ နောက်ဆုံးဝေဒနာခံစားနေရချိန်မှာ သူအနားမှာ ရှိမနေပေးနိုင်ခဲ့ဘူး။ ဒါနဲ့ သူ့ ဇနီး မကွယ်လွန်ခင် ၇ ရက်လောက်အလိုမှာ ထောင်ထဲကနေ နောက်ဆုံးအနေနဲ့ စာတစောင်ရေးပြီး ပို့လိုက် တယ်။ အဲဒီစာကလေးဟာ ရင်နင့်စရာကောင်းလွန်းလို့ မူရင်းအတိုင်းပဲ တင်ပေးလိုက်ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အမြန်ဆုံးလွတ်မြောက်ပါစေ။
ဟာဂျူလီ (ကသာ)
2 comments:
အေးဗျာ.. ဒီလိုနဲ့ ကျေကွဲခဲ့ ရတဲ့ ဘ၀ တွေ ဘယ့်လောက် များခဲ့ သလဲ တော့မသိဘူး-- ငထောက်တွေကလည်း ငထောက်တွေ ပါဘဲ.. လုပ်ချင်လို့မဟုတ်ပါဘူး .. အထက်က တို့ အပေါ်ကတို့-- ဆိုတာ တွေနဲ့.. လူထုလဲ ထောင်းထောင်းကျေမွ နေပါပြီ.. စာဖတ်ပြီး ရင်ထဲတော်တော် ဆို့သွားတယ်..
သူများတွေရဲ့ ဘ၀ကိုဒီလိုလုပ်ခဲ့ကြသူတွေ အခု ဘယ်လိုနေ နေကြရလဲဟင်.ခွေးတွေလောက်မှမသိတက်တဲ့သူတွေကြောင့် မြန်မာပြည်သူ/သားတွေ မျိုးစုံသော သောကတွေခံစားနေရတာပါ။ ပြည်သူပိုင်တွေကိုစားပြီးပြည်သူတွေကိုပြန်ကိုက်နေတာလောက်နာစရာမရှိပါဘူး ခွေးဟာဘယ်တော့မှသူ့သခင်ကိုပြန်မကိုက်ဘူး။ခွေးလောက်တောင်မှအဆင့်မရှိသူတွေကကိုက်ကြတာ.
Post a Comment