ရဲနွယ်မိုး (မောက္ခပညာရေးမဂ္ဂဇင်း)
မေး ။ ။ ဘာကြောင့် ဆရာဝန်မလုပ်တာလဲ။ ဘယ်လောက်ကြာကြာ လုပ်ခဲ့သေးလဲ။ဖြေ ။ ။ ကျနော် ဆရာဝန်အလုပ်ကို မလုပ်ဖြစ်တာ အကြောင်း (၂) ချက် ရှိပါတယ်။ ပထမတချက်ကတော့ ကျနော့်ဘ၀မှာ အိပ်မက်မက်မထားတဲ့ အယ်ဒီတာထိုင်ခုံ ဖင်ကပ်ပါလာတာရယ်၊ ဒုတိယတချက်က ဆရာဝန်အလုပ် နဲ့ အသက်မွေးရင် ကျနော် နေချင်တဲ့၊ နေပျော်တဲ့ဘ၀ကို ရမှာမဟုတ်ဘူးလို့ အလုပ်သင်ဆရာဝန်ဘ၀မှာထဲက တွေးမိခဲ့တာရယ်ကြောင့် မလုပ်ဖြစ်တာလို့ ပြောရပါမယ်။
ဘာ့ကြောင့် ကျနော့်ဘ၀မှာ အယ်ဒီတာထိုင်ခုံ ဖင်ကပ်ပါလာတာလဲဆိုတာကို ပြောရရင် ၁၉၉၁ မှာ ကျနော့် အဖေက မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို စပြီး ထောင်တယ်။ န၀တစစ်အုပ်စုက အာဏာသိမ်းပြီးကာစမှာ ကမ္ဘာကို စာနယ်ဇင်းလွတ်လပ်ခွင့် ပေးထားတဲ့အကြောင်း ပြချင်လို့လားမသိဘူး၊ မဆလခေတ်က သာမန် ပြည်သူတွေ စိတ်ကူးယဉ်ခွင့်မရှိတဲ့ မဂ္ဂဇင်းထုတ်ဝေခွင့်တွေကို ဖောဖောသီသီ ချပေးတယ်။ မဆလခေတ် တုန်းကဆို မဂ္ဂဇင်းထုတ်ဝေခွင့်ဆိုတာ သာမန်လူတွေ အိပ်မက်မက်ခွင့်မရှိဘူး။ စစ်မျိုး စစ်နွယ် စစ်ထွက် စစ် ပြန်စစ်မှုထမ်းဟောင်း ပုဂ္ဂိုလ်မျိုးတွေကိုသာ ထုတ်ဝေခွင့်ပေးခဲ့တာ များတယ်။ အဲဒီမှာတင် အခွင့်အရေးရ တုန်း ကျနော့်အဖေက သူ့ရဲ့အိပ်မက်ကို အလျင်အမြန် အကောင်အထည်ဖော်တော့တာပဲ။
အရေးအခင်းအပြီး ဆေးတက္ကသိုလ်တွေ ပြန်ဖွင့်စမှာ ၁၉၉၁ ခုနှစ် ဧပြီလထုတ်အနေနဲ့ မြားနတ်မောင်မင်္ဂလာ မဂ္ဂဇင်း အမှတ် (၁) စထွက်တယ်။ ကျနော် ဒုတိယနှစ် အမ်ဘီဘီအက်စ်သင်တန်း တက်နေတဲ့အချိန်ပေါ့။ အ ဖေက အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပေမယ့် တောင်ငူမှာပဲ အနေများတယ်။ သူ ပုံဖော်ချင်သလို မဂ္ဂဇင်း ကို လိုင်းချ၊ အခန်းကဏ္ဍတွေ ခွဲပေးပြီး တလတခါ ရန်ကုန်တက်၊ လိုအပ်တာ ဖြည့်ဆည်းပေး အဲသလောက်ပဲ လုပ်နိုင်တယ်။ အဓိက သူနဲ့ ညီအစ်ကိုအရင်းလို ခင်တွယ်တဲ့ စာရေးဆရာ ခင်မောင်တိုး (မိုးမိတ်) ကို တာဝန် ခံအယ်ဒီတာအဖြစ် ခန့်ပြီး မဂ္ဂဇင်းကို လည်ပတ်စေတယ်။
အဲဒီအချိန်မှာ ကျနော်က ကျောင်းတက်နေပေမယ့် ကိုယ့်အဖေလုပ်တဲ့ မဂ္ဂဇင်းမို့ စိတ်ဝင်စားတာရယ်၊ စာတို ပေစ ရေးတာတွေလည်း ၀ါသနာပါတာရယ်ကြောင့် ကျောင်းအားတဲ့အချိန်တွေမှာ သွားကူဖြစ်တယ်။ ကူလုပ် ရင်း မဂ္ဂဇင်းတအုပ်ကို စာမူဘ၀ကနေ ဖြန့်ချိတဲ့အထိ လုပ်ဆောင်ရတဲ့ အဆင့်အားလုံးကို ကျနော် နားလည် သွားတယ်။ နားလည်သွားပေမယ့် အဲဒီအချိန်ထိလည်း ငါ ကျောင်းပြီးရင် အယ်ဒီတာလုပ်မယ်ဆိုတဲ့ စိတ်ကူး လုံးဝမရှိခဲ့ပါဘူး။
ဒါပေမယ့် ဖြစ်ချင်တော့ ကျနော် အလုပ်သင်ဆရာဝန် လုပ်နေတဲ့အချိန်မှာ မြားနတ်မောင်မဂ္ဂဇင်းကို စာပေစိ စစ်ရေးက ထုတ်ဝေခွင့် (၆) လ ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ပေးထားတယ်။ အဲဒီပြစ်ဒဏ်က ကျနော် အလုပ်သင်ဆ ရာဝန် ပြီးတဲ့အချိန်မှာ စေ့တယ်။ ပြစ်ဒဏ်စေ့ပြီး မဂ္ဂဇင်း ပြန်ထုတ်ခွင့်ရတဲ့ အချိန်ကျတော့ အဖေက အယ်ဒီ တာအဖွဲ့ကို အပြောင်းအလဲ လုပ်ချင်ပုံပေါ်တယ်။ ကျနော်ကလည်း မဂ္ဂဇင်းလုပ်တဲ့ အဆင့်တွေကို နားလည် တတ်ကျွမ်းနေမှန်းသိတော့ တရက်မှာ ကျနော့်ကို “မင်း တာဝန်ယူ လုပ်နိုင်မလား” လို့ အဖေက မေးတယ်။ အဖေ ဘယ်လိုယုံကြည်မှုတွေနဲ့ မေးမှန်းတော့ ကျနော်မသိ။ အဲဒီအချိန်က အယ်ဒီတာအတွေ့အကြုံဆိုလို့ ကျ နော့်မှာ ၁၉၉၃-၉၄ ခုနှစ်ထုတ် ဆေးတက္ကသိုလ် (၂) နှစ်လည်မဂ္ဂဇင်းကို မဂ္ဂဇင်းကော်မတီ အတွင်းရေးမှူးအ ဖြစ်နဲ့ လုပ်ကိုင်ခဲ့တာလောက်ပဲရှိတယ်။ ကျနော် တပတ်လောက် ခေါင်းကိုက်သွားတယ်။ တာဝန်ကြီးတဲ့ အ လုပ်မှန်းသိလို့ ချီတုံချတုံဖြစ်တာလည်းပါမယ်။
တဘက်မှာကလည်း ဒုတိယအချက်ဖြစ်တဲ့ ဆရာဝန်အလုပ်နဲ့ အသက်မွေးရင် ကျနော် နေချင်တဲ့၊ နေပျော်တဲ့ ဘ၀ကို ရမှာမဟုတ်ဘူးဆိုတဲ့ စဉ်းစားချက်ရှိတယ်။ ကျနော် ဆေးကုသရတဲ့ အလုပ်ကို ၀ါသနာပါပါတယ်။ လူ နာတယောက် ကိုယ်ကုသပေးလိုက်လို့ ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားတယ်ဆိုပြီး ကြားရတဲ့ ဖီ လင်မျိုးက ဘာနဲ့မှမတူတဲ့ ကြည်နူးစရာ ဖီလင်မျိုးပဲလေ။
ဒါပေမယ့် နေပျော်တဲ့ဘ၀ကို ရမှာမဟုတ်ဘူးဆိုတဲ့ စဉ်းစားချက်က အလုပ်သင်ဆရာဝန်ဘ၀မှာ ကျနော် တွေ့ ကြုံရတဲ့ ကုသရေးပိုင်းဆိုင်ရာ အတွေ့အကြုံတွေကနေ ပေါ်လာတာပါ။ အလုပ်သင်ဆရာဝန်ဘ၀မှာတင် ဆေး ရုံကို လာပြတဲ့ လူနာတွေမှာ အဓိက ဘာရောဂါ အဖြစ်များနေတာလဲဆိုတာကို ကျနော် သုံးသပ်ကြည့်တယ်။ ဘာရောဂါ အဖြစ်များသလဲဆိုတော့ လူနာ (၁၀၀) မှာ (၉၀) လောက်က ဆင်းရဲတဲ့ ရောဂါဆိုးကြီးကြောင့် ဖြစ် ရတဲ့ လက်တက်ပွား ရောဂါဝေဒနာတွေကို ခံစားနေရတာလို့ ကျနော် သုံးသပ်မိတယ်။
ခေတ်ကလည်း လူနာတယောက် ဆေးရုံလာတက်ရင် အရက်ပျံနဲ့ ဂွမ်းလောက်ကအစ အပြင်မှာ ၀ယ်ခိုင်းနေ ရတဲ့ခေတ်။ ဆေးရုံမှာ ရှိတာဆိုလို့ ဆရာဝန်ရယ်၊ ကုတင်ရယ်၊ လူနာရယ်လို့ပဲ ပြောရမယ့် အနေအထား။ လူ နာအများစုကြီးက ဆင်းရဲ၊ ကျနော်ကလည်း ဘီလျံနာကြီး ဘီလ်ဂိတ်ရဲ့သား မဟုတ်လေတော့ ရှေရည် အိတ် စိုက်ကုမပေးနိုင်၊ အဲသလိုနဲ့ လက်ပိုက်ကြည့်နေရတဲ့ စိတ်ဆင်းရဲစရာအဖြစ်တွေ တွေ့ရဖန်များလာတော့ ဆေး ကုသတဲ့ ၀န်းကျင်မှာ နေပျော်မယ်မဟုတ်မှန်း ကျနော် သိလာတယ်။
လွတ်ရာကျွတ်ရာကို ထွက်ပြေးချင်တာလည်း မဟုတ်ပါဘူး၊ ကြီးကြီးကျယ်ကျယ် လျှောက်ပြောတာလည်း မ ဟုတ်ပါဘူး၊ ကျနော့်စိတ်ထဲ ဘယ်လိုဖြစ်လာလဲဆိုတော့ ဆင်းရဲတဲ့ ရောဂါဆိုးကြီးကို အရင်ကုသချင်တဲ့ စိတ် တွေ ပိုကဲလာတယ်။ ဆင်းရဲတဲ့ ရောဂါဆိုးကြီး အမြစ်ပြတ်ပျောက်ကင်းမှပဲ ပုံမှန်ဆေးကုသတဲ့ ၀န်းကျင်မှာ ကျနော် ပျော်မွေ့နိုင်မယ်ဆိုတာကို သိလာတယ်။ ကျောင်းသားဘ၀ထဲက နိုင်ငံရေးစိတ်ကလေးကလည်း အ ညှောင့်ထွက်နေလေတော့ ဆင်းရဲတဲ့ ရောဂါဆိုးကြီးကို ကုသချင်ရင် မှားယွင်းနေတဲ့ နိုင်ငံရေးစနစ်ကြီးတခု လုံးကို ပြောင်းလဲအောင်လုပ်နိုင်မှ ဖြစ်မယ်၊ အဲဒီအတွက် နိုင်ငံရေးကို လုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့ ပိုင်းဖြတ် ချက်ကို အလုပ်သင်ဆရာဝန်ဘ၀မှာ ကျနော် ယတိပြတ်ချဖြစ်ခဲ့တယ်။
အဲဒီနိုင်ငံရေး လုပ်ကိုလုပ်မှဖြစ်မယ်လို့ ပိုင်းဖြတ်ချက်ချဖြစ်ခဲ့တဲ့အထဲမှာ နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲ အပြီး အားလပ်နေချိန်မှာ ကျနော် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုကလည်း တွန်းအားတခုအနေနဲ့ ပါဝင်ခဲ့ပါ တယ်။ တရက်မှာ ကျနော် အစ်ကိုနဲ့ ညီရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ကို အလည်သွားဖို့ ရထားစီးရင်း ကူမဲနဲ့ မြစ်သားဘူတာအကြားမှာ တမိုင်မက ရှည်လျားတဲ့ လူတန်းကြီးကို ရထားပေါ်ကနေ တွေ့လိုက်ရတယ်။ အဲဒီ နားကိုရောက်တာနဲ့ ရထားက အရှိန်လျှော့ပြီး ဖြေးဖြေးခုတ်ပေးတယ်။ လူတန်းကြီးထဲမှာ ကလေးငယ်တွေက အစ အပျို၊ လူပျိုအရွယ်အလယ်၊ အဘိုးအို အဘွားအိုတွေအဆုံး အရွယ်အကုန်လုံး တွေ့ရတယ်။ ပါးစပ်တွေ ကနေ ကယ်ပါ ယူပါ တစာစာနဲ့ အော်ဟစ်တောင်းရမ်းနေကြတယ်။ ရထားပေါ်က ခရီးသည်တွေက ပိုက်ဆံ တွေ မုန့်တွေ ပစ်ချပေးတယ်။ သူတို့အားလုံး မရှက်အားဘဲ နေပူကြီးထဲမှာ အလုအယက် ကောက်ကြတယ်။ နိုင်ငံခြားသားခရီးသည်တွေက အပေါ်စီးကနေ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ကြတယ်။
အဲဒီ လူတန်းရှည်ကြီးကို ကြည့်ငေးရင်း၊ စိတ်ထဲမှာလည်း ငါတို့နိုင်ငံသား အပျို လူပျိုအရွယ်တွေပါ မရှက်မ ကြောက် တောင်းရမ်းနေရလေခြင်းဆိုတဲ့ ၀မ်းနည်းစိတ်ဖြစ်မိပြီး ကျနော် စိတ်မထိန်းနိုင်ဘဲ မျက်ရည်တွေ ပေါက်ပေါက်ပေါက်ပေါက် ကျမိတယ်။ နိုင်ငံခြားသားတွေ တဖျတ်ဖျတ် ဓာတ်ပုံရိုက်နေကြတာကို ကြည့်ပြီး တော့လည်း ဘယ်လိုဖြစ်မှန်းမသိ ကျနော် ဒေါသထွက်နေမိတယ်။ ဒီနေ့အထိ အဲဒီမြင်ကွင်းကို ကျနော် မမေ့ နိုင်သေးဘူး။
အဲသလို စနစ်ပြောင်းမယ့် နိုင်ငံရေးကို လုပ်ကိုလုပ်မှဖြစ်မယ်လို့ ပိုင်းဖြတ်ထားတာကြောင့် ဆရာဝန်အလုပ်ကို ပစ်ချပြီး ကျနော့်အဖေ ကမ်းလှမ်းတဲ့ အယ်ဒီတာအလုပ်ကို လက်ခံဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျနော့် အသက် (၂၆) နှစ်ကျော် (၂၇) နှစ်ထဲမှာပေါ့။ အဲဒါဆို အန်အယ်လ်ဒီလို ပါတီကြီး ရှိနေတာပဲ၊ ဘာဖြစ်လို့ နိုင်ငံ ရေးလောကထဲ တန်းမ၀င်တာလဲလို့ မေးစရာရှိတာပေါ့။ ကျနော်က နိုင်ငံရေးလုပ်ဖို့ ပိုင်းဖြတ်ချက် ချထားပေ မယ့် နိုင်ငံရေးဆိုတာ မီးနဲ့ ကစားရမယ့် အလုပ်မျိုးလို့ သိထားတော့ အရွယ်ငယ်တုန်းမှာ စိတ်လိုက်မာန်ပါ လျှောက်လုပ်လို့ မဖြစ်သေးဘူးဆိုတာကို တွေးမိတယ်။ နောက်ပြီး ပါတီနိုင်ငံရေးထဲ ၀င်လုပ်ဖို့လည်း ကျနော့် ကိုယ်ကျနော် အဆင်သင့်မဖြစ်သေးဘူးလို့ သုံးသပ်မိတယ်။ အဲဒါကြောင့် နိုင်ငံရေးစစ်မျက်နှာကို အကူအပံ့ ဖြစ်စေမယ့် ယဉ်ကျေးမှုစစ်မျက်နှာကနေ အရင်စပြီး အားယူမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ပလက်ဖောင်းတခု ကို နင်းပြီး ခြေကုပ်ယူတဲ့သဘောပေါ့။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ အယ်ဒီတာဘ၀ကို ခြေချဖြစ်ခဲ့တာပါ။
ဆရာဝန်အလုပ်ကိုတော့ အလုပ်သင်ဆရာဝန်ဘ၀ ပြီးကာစမှာ ရတဲ့ဘွဲ့လေးကို သံယောဇဉ် အမျှင်မပြတ် သေးတာနဲ့ မဂ္ဂဇင်းလုပ်ရင်းတဘက် တောင်ဥက္ကလာ ကန်ဘဲ့က မိုးကောင်းဘုရားရှေ့မှာ အခန်းငှားပြီး (၆) လလောက် အပြင်ဆေးခန်း ထိုင်ဖြစ်ခဲ့ပါသေးတယ်။ ကျနော် ဆေးခန်းထိုင်တဲ့အကြောင်းလည်း ခေတ်ပြိုင် အင်တာနက်မှာ “မြောက်ဥက္ကလာ၊ ကန်ဘဲ့မှသည် ၂၇ လမ်းသို့ …” (ကလစ်၍ ဖတ်ရှုပါ) ဆိုတဲ့ အက်ဆေးတ ပုဒ် ရေးဖြစ်ခဲ့တယ်။ ဆေးခန်းစာချုပ် (၆) လပြည့်တဲ့နောက်ပိုင်းမှာတော့ လှေနံနှစ်ဘက်နင်းမနေတော့ဘဲ စာ ပေလောကကိုပဲ ကျနော် ခြေစုံပစ်နင်းချလိုက်တော့တယ်။
မေး ။ ။ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း အယ်ဒီတာအတွေ့အကြုံတွေ ဆက်ပြောပါဦး။ ဘယ်နှစ် အုပ် ကိုင်ခဲ့သလဲ။ စာရေးသူ၊ စာပေဝေဖန်သူ၊ စာပေပရိသတ်တို့နဲ့ ထူးထူးခြားခြား ကြုံခဲ့ရတဲ့ ဖြစ် ရပ်လေးတွေရော ...။
ဖြေ ။ ။ ကျနော် တာဝန်ခံအယ်ဒီတာအဖြစ်နဲ့ ၁၉၉၆၊ နိုဝင်ဘာလထုတ်ကနေ ၂၀၀၅ ဇွန်လထုတ်အထိ မြား နတ်မောင်မင်္ဂလာမဂ္ဂဇင်း စုစုပေါင်း (၁၀၁) အုပ်ကို တာဝန်ယူ ထုတ်ဝေခဲ့ပါတယ်။ အယ်ဒီတာဘ၀ အတွေ့အ ကြုံတွေကတော့ စာပေစိစစ်ရေးကို ဖြတ်သန်းရတဲ့ အပိုင်း၊ စာရေးသူတွေ၊ အနုပညာရှင်တွေနဲ့ ဆက်ဆံပေါင်း သင်းရတဲ့ အပိုင်း၊ စာဖတ်ပရိသတ်တွေနဲ့ ထိတွေ့ရတဲ့အပိုင်း၊ စာအုပ်ဖြစ်မြောက်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အပိုင်း လေးပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေက အများကြီးပဲဆိုတော့ ပြောမယ်ဆို ရှည်လျားပေများနေလိမ့်မယ်။
နောက်ပြီး စနစ်ဆိုး ခေတ်ဆိုးအောက်မှာ အယ်ဒီတာ လုပ်ခဲ့ရတာဆိုတော့ ပြောရရင် စာပေစိစစ်ရေးအ ကြောင်းနဲ့တင် စိတ်လည်းညစ် မိုးလည်းလင်းဆိုသလို ဖြစ်မှာစိုးရတယ်။ အချိန်အားရှိမှ မှတ်မိသလောက် အ သေးစိတ် ပြန်ရေးဖို့ အစီအစဉ်ရှိပါတယ်။ အခုတော့ ကြုံတွေ့ခဲ့ရတဲ့အထဲက ထူးခြားဖြစ်စဉ်တွေထဲက တခုကိုပဲ အကျယ်တ၀င့် ပြောပြပါရစေ။
ကျနော့်အရင် တာဝန်ခံအယ်ဒီတာဖြစ်တဲ့ ဆရာခင်မောင်တိုး (မိုးမိတ်) လက်ထက်က မြားနတ်မောင်မဂ္ဂဇင်းကို ပေါ့ပ် (၆၀) %၊ စာ (၄၀) % အချိုးအစားနဲ့ ချီတက်ခဲ့တယ်လို့ ကျနော် သုံးသပ်မိတယ်။ ‘ပေါ့ပ်’ ဆိုတာကတော့ မဂ္ဂဇင်း ဈေးကွက်ဝင်ဖို့၊ ပရိသတ်ကို ဆွဲဆောင်ဖို့အတွက် ရုပ်ရှင်၊ ဂီတ အနုပညာလောကသားတွေရဲ့ သတင်း ပလင်း၊ အင်တာဗျူးတွေကို ဖော်ပြတဲ့ အပိုင်းပေါ့။ ‘စာ’ ဆိုတာကတော့ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး တွေ ဖော်ပြတဲ့ အပိုင်းပေါ့။
အဲဒီအချိန် မြန်မာပြည်မှာက ရသစာပေမဂ္ဂဇင်းတစောင်ကို ထုတ်ဝေချင်တယ်ဆိုရင် ပေါ့ပ်နဲ့ တွဲမှ ကြာကြာရပ် တည်နိုင်မယ့် အနေအထားရှိတယ်။ ရသစာပေချည်းပဲ ဖော်ပြထုတ်ဝေချင်ရင် အရှုံးပေါ်ပြီး စောစောစီးစီး ရပ် ဆိုင်းရကိန်းရှိတယ်။
ဒါပေမယ့် မြားနတ်မောင်ကို ကျနော်ကိုင်တော့ ကျနော်က ပေါ့ပ်နဲ့ စာကို (၃၀/၇၀) အချိုးကို ပြောင်းပစ်တယ်။ ပေါ့ပ်ကို လျှော့လိုက်ပေမယ့် ပရိသတ် စိတ်ဝင်စားစေမယ့်၊ စူးစူးရှရှရှိမယ့် ပရိသတ်ရဲ့အသံ (ဂီတ)၊ ပရိသတ် ရဲ့အသံ (ဗွီဒီယို) နဲ့ ပရိသတ်ရဲ့အသံ (ရုပ်ရှင်) ဆိုတဲ့ ဝေဖန်ရေးကဏ္ဍသုံးခုကို အသစ်ဖွင့်ခဲ့တယ်။ ဖွင့်တော့ ပ ရိသတ်ရဲ့အသံ (ဂီတ) အခန်းကဏ္ဍမှာ ရေးတဲ့ ညီညီတင် (မြောင်းမြ) ရဲ့ ဝေဖန်စာတပုဒ်နဲ့ ပတ်သက်ပြီး စိန် ခေါ်မှုတခုကို ရင်ဆိုင်ခဲ့ရတယ်။
တရက်မှာ ကျနော့်မဂ္ဂဇင်းတိုက်ပေါ် အဆိုတော် မျိုးမျိုး (အဆိုတော် နွဲ့ယဉ်ဝင်းရဲ့ သားကြီး) တက်လာတယ်။ သူနဲ့ ကျနော် လူချင်းလည်း ဆုံဖူးထားတော့ သူက ကျနော့်ကို တွေ့တွေ့ချင်း အံ့အားသင့်သွားပြီး “ဟာ မြား နတ်မောင်အယ်ဒီတာက အစ်ကိုလား၊ အစ်ကိုရာ ကျနော်တို့ လူချင်းလည်း သိရဲ့သားနဲ့ ဘာဖြစ်လို့ ကျနော်တို့ ကို ဝေဖန်ထားတဲ့ ဆောင်းပါး အစ်ကို့မဂ္ဂဇင်းမှာ ထည့်ရတာလဲ” ဆိုပြီး ဒေါသသံနဲ့ ပြောလည်းပြော လက်ထဲ က မြားနတ်မောင်မဂ္ဂဇင်းကိုလည်း ကျနော့်အယ်ဒီတာစားပွဲပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ မဂ္ဂဇင်းကို လှန်ပြ ဖတ်ပြရင်း ရှူးရှူးရှဲရှဲ ဆက်ဖြစ်နေတော့တယ်။ ကျနော်က သူ့ကို အပြစ်မမြင်မိဘဲ သူပြောတာ ရပ်တဲ့အထိ အေးအေးဆေးဆေး နားထောင်နေလိုက်တယ်။
သူက အရင်လထုတ် မြားနတ်မောင်မှာပါတဲ့ ညီညီတင် (မြောင်းမြ) ရဲ့ ဝေဖန်စာအပေါ် မကျေလည်လို့ တောင်းပန်စာ ထည့်ခိုင်းမလို့ တိုက်ပေါ်တက်လာတာပါ။ ဆောင်းပါးရှင်က အဆိုတော် အဲလက်စ်ရဲ့ ‘နေ့သစ် များကို ကြိုဆိုခြင်း’ ဆိုတဲ့ သီချင်းခွေကို ဝေဖန်ထားတာပါ။ ဝေဖန်တဲ့အခါမှာ စာသားပိုင်း၊ သီဆိုမှုအပိုင်းအ ပြင် အဲဒီစီးရီးကို တီးခတ်တဲ့ မျိုးမျိုးတို့ရဲ့ Ghost Rider Band ရဲ့ တီးခတ်မှုအပိုင်းကိုလည်း တပါတည်း ဝေ ဖန်ထားတယ်။
သူ့စကားဆုံးတော့ ကျနော်က ဆောင်းပါးရှင်အနေနဲ့ လူပုဂ္ဂိုလ်ကို ဝေဖန်ထိုးနှက်တာမဟုတ်ဘဲ ဂီတပညာပိုင်း ဆိုင်ရာကိုပဲ ဝေဖန်ထားတာဖြစ်လို့ မဂ္ဂဇင်းမှာ တောင်းပန်စာ ထည့်ပေးဖို့တော့ မဖြစ်နိုင်ဘူး၊ ဆောင်းပါးကို မ ကျေလည်ဘူးဆိုရင် ပြန်ပြီးတုံ့ပြန်ရေးသားပါ၊ အချက်အလက် အကျိုးအကြောင်း ဆီလျော်ရင် မဂ္ဂဇင်းမှာ ဖော် ပြပေးမယ်လို့ သူ့ကို အေးအေးဆေး ပြောပြတယ်။
ဒါပေမယ့် သူက ပြန်မရေးချင်ဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျနော်က ဆက်ပြောတယ်။ ပြန်မရေးချင်ဘူး၊ အသ ရေဖျက်မှုနဲ့ တရားစွဲချင်တယ်ဆိုရင်လည်း လူချင်း ရင်းနှီးတာကို အားမနာနဲ့၊ တရားစွဲစရာရှိတာ စွဲပါ။ ပုဂ္ဂိုလ် ရေးခင်မင်မှု မပျက်ပြားစေရဘဲ ဥပေဒကြောင်းအရ လိုက်ပြီး ဖြေရှင်းပေးမယ်လို့ ကျနော် သူ့ကို ရှည်ရှည်ဝေး ဝေး ဆက်ရှင်းပြတယ်။
သူက တရားစွဲမယ်လည်း မပြောဘဲ စာရေးဆရာရဲ့ လိပ်စာကို သိချင်တယ်လို့ ကျနော့်ကို တောင်းဆိုပြန် တယ်။ တကယ်တော့ စာရေးဆရာရဲ့ လိပ်စာဆိုတာ အယ်ဒီတာတို့ စောင့်စည်းရမယ့် ၀တ္တရားအရ ကာယကံ ရှင်က ခွင့်ပြုမှသာ ပြောရမှာပါ။ ဒါပေမယ့် အဆင်ပြေချင်တော့ အဲဒီဆောင်းပါးရှင်ပါတဲ့ ကဏ္ဍက ပရိသတ်ရဲ့ အသံ (ဂီတ) ဖြစ်တဲ့အတွက် ကျနော်က ရေးသားသူ ပရိသတ်ရဲ့ လိပ်စာကို ဆောင်းပါးအောက်ဆုံးမှာ ဖော်ပြ ပေးထားတယ်။ ဆောင်းပါးရှင်က သူ့ရဲ့လိပ်စာမှာ မူဆယ်တဘက်ကမ်း တရုတ်ပြည် ရွှေလီက နိုက်ကလပ်မှာ ဒရမ်တီးသူအဖြစ်ပါ ဖော်ပြထားတယ်။
အဲဒါနဲ့ ဆောင်းပါးရှင်ကို တွေ့ချင်တယ်ဆိုရင် အဲဒီလိပ်စာအတိုင်း လိုက်သွားဖို့ပဲ ကျနော်က မျိုးမျိုးကို အကြံပြု လိုက်တယ်။ အဲဒီလိပ်စာကို မျိုးမျိုးလည်း မဂ္ဂဇင်းထဲမှာ ဖတ်မိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ဆောင်း ပါးရှင် နေတဲ့နေရာက ဝေးလို့လားမသိဘူး၊ မျိုးမျိုးက ဒီလူ ရန်ကုန်မှာရှိလို့ကတော့ ကားနဲ့ပဲ တိုက်သတ်ချင် တယ်လို့ ဆက်ပေါက်ကွဲပြန်တယ်။ ကျနော် အံ့အားသင့်သွားတယ်။
အဲဒါနဲ့ ကျနော်က “ညီရယ် စိတ်လျှော့ပါ။ အဲလိုစိတ်မျိုးတော့ မထားပါနဲ့။ အစ်ကို ပြောပြသလို ပြန်ရေးချင် တယ်ဆိုလည်း ရေးပါ။ ဒါမှမဟုတ် ကိုယ်တိုင်မရေးချင်ဘူး၊ တခြားရေးတတ်တဲ့သူ ရှိတယ်ဆိုရင်လည်း သူ့ကို ညီက အချက်အလက်ပြောပြပြီး ရေးခိုင်း၊ အချက်အလက် အကျိုးအကြောင်း ဆီလျော်ရင် မဂ္ဂဇင်းမှာ ဖော်ပြ ပေးပါမယ်။ အဲလောက်နဲ့တင် မကျေနပ်လို့ စာရေးသူကိုရော အယ်ဒီတာကိုပါ တရားစွဲချင်တယ်ဆိုလည်း စွဲပါ၊ အစ်ကိုတို့ ရင်ဆိုင်ပေးပါမယ်။ အဲဒီအတွက် ညီနဲ့ အစ်ကို့ကြားမှာ အခင်အမင် မပျက်စေရပါဘူး” ဆိုတဲ့သ ဘော နှစ်သိမ့်စကား ပြောမိတယ်။
နောက်ဆုံးတော့ သူ့ဘက်က ဘာလုပ်မယ်ဆိုတာကိုလည်း မပြောဘဲ ကျနော့်ကို နှုတ်ဆက်ပြီး သုန်သုန်မှုန် မှုန်နဲ့ တိုက်ပေါ်က ပြန်ဆင်းသွားတယ်။ နောက်တရက်မှာ သူ တိုက်ပေါ် ထပ်တက်လာပြန်တယ်။ သူက တောင်းပန်စာ မထည့်ပေးနိုင်ရင်လည်း ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတာဟာ Ghost Rider Music Band ကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိပါဘူးဆိုတဲ့ စာသားရေးပြီး မဂ္ဂဇင်းမှာ ဖော်ပြပေးဖို့ တောင်းဆိုတယ်။ ကျ နော်က အဲဒါလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အကြောင်း သူ ကျေလည်အောင် ရှင်းပြပြီး ဟိုတနေ့က ပြောပြပြ တဲ့အတိုင်းပဲ ဆောင်ရွက်ပေးနိုင်မယ့်အကြောင်း ထပ်ပြောပြတော့ သူ ဆက်မတောင်းဆိုတော့ဘဲ ပြန်ဆင်း သွားတယ်။ မဂ္ဂဇင်းတိုက်ပေါ် နှစ်ခါတက်လာအပြီးမှာ သူ ထပ်ပေါ်မလာတော့ဘူး။ နောက်ပိုင်း လမ်းမှာတွေ့ တော့လည်း သူ စိတ်ပြေသွားလို့လား မသိဘူး၊ အပြုံးမပျက် နှုတ်ဆက်ဖြစ်လျက်ပါပဲ။
နောက်တခါ မြားနတ်မောင်မှာပါတဲ့ ‘ဦးဦးမြားနတ်မောင် ဖြေပါ’ ကဏ္ဍက အဖြေတခုကို မကျေလည်လို့ လူရွှင် တော် သရဲလေးကောင်က တရားစွဲမယ်ဆိုပြီး နို့တစ်စာပို့တာ၊ ပေါ်ပြူလာဂျာနယ်က အယ်ဒီတာအမျိုးသမီး ငယ်တဦးက ကျနော်ရေးတဲ့ စာနယ်ဇင်းသမားတွေနဲ့ သက်ဆိုင်တဲ့ အယ်ဒီတာ့အာဘော်ကို မကျေလည်လို့ တရားစွဲမယ်ဆိုပြီး နို့တစ်စာပို့တာတွေကိုလည်း ဖြေရှင်းခဲ့ရပါတယ်။ အဲဒါတွေကိုတော့ ရှည်နေမှာစိုးလို့ အ ကျယ်တ၀င့် မပြောတော့ပါဘူး။
အယ်ဒီတာဘ၀ကို ချုပ်ပြောရရင်တော့ လုပ်ကိုင်ခဲ့တဲ့ (၁၀) နှစ်တာကာလအတွင်းမှာ စိန်ခေါ်မှုတွေ၊ ပြဿ နာအခက်အခဲတွေ တပုံတခေါင်းပါပဲ။ ပျော်စရာ၊ ကြည်နူးပီတိဖြစ်စရာ၊ လွမ်းမောစရာတွေလည်း အများကြီး ပါပဲ။ ဒါပေမယ့် ကျနော်က မြားနတ်မောင်မဂ္ဂဇင်းကို နိုင်ငံရေးအခြေခံစိတ်နဲ့ ပုံဖော်ခဲ့တဲ့အပေါ်မှာ ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ပါရဂူတို့လို အရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်တွေကအစ မြားနတ် မောင်ကနေ စင်တင်ပေးနိုင်ခဲ့တဲ့ ကလောင်ရှင်တွေအဆုံး စိတ်တူကိုယ်တူ၊ ရပ်တည်ချက်တူ၊ ရင်ဘတ်ချင်းတူ တဲ့သူတွေနဲ့ တွေ့ကြုံဆုံစည်းခွင့်ရခဲ့လို့ စိန်ခေါ်မှုတွေ၊ ပြဿနာအခက်အခဲတွေ ဘယ်လောက်ပဲ ရှိခဲ့ရှိခဲ့ပေါ့ နော်၊ နေပျော်တဲ့ ဘ၀တခုကို ကာလအတိုင်းအတာတခု ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ကျနော် ခံယူမိပါတယ်။ ကျ နော့်ရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် အားတွေလည်း အများကြီး ရစေခဲ့တယ်လို့ ယူဆမိပါတယ်။ နောင်တချိန် မှာလည်း အဲဒီလူတွေနဲ့ ပြန်လည်လက်တွဲပြီး အလုပ်လုပ်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။
(ဘလော့ဂါ အတွေ့အကြုံ နောက်ဆုံးပိုင်းကို ဆက်လက်အားပေးပါရန် ...)
(မောက္ခပညာရေးမဂ္ဂဇင်းဝက်ဘ်ဆိုက်မှ ...)
2 comments:
ဒေါက်တာနဲ့ အ မြင် မတူတာတွေ၊ သဘောထား လုံးဝကွဲလွဲတာတွေ အများကြီး ရှိတယ်ဗျ။ဒါပေမယ့် ဒီ အင်တာဗျူး ဖတ်ူပီး ဆရာ့ကို လေးစားမိပါတယ်။ မေးသူ ရဲ့ မေးခွန်းတွေကို ရိုးရိုးသားသားေူဖတာ၊ ကိုယ်ရည်သွေးတီးလုံး လုံးဝ မပါတာတွေဟာ လေးစားစရာပါ။ အဆုံးထိ စောင့်ဖတ်နေပါတယ်။
ဆရာဝန်လုပ်တာမလုပ်တာ ဆိုက်ကားဆရာလုပ်တာမလုပ်တာ အရေးမကြီးပါဘူး
စာရေးတဲ့အခါမှာတော့ အဓိပ္ပါယ်ရှိအောင်ရေးပါ။ အမှန်မကန်ရေးပါ။ ငါနဲ့မတည့်သူငါ့ရန်သူဆိုပြီးတလွဲသတင်းတွေ မဖြန့်ပါနဲ့။
ကိုယ့်ထမင်းကိုယ်စားပြီး မဆဲပါရစေနဲ့။
ဦးနှောက်ရှိတယ်လို့ယူဆပါမယ့်။ ဦးနှောက်မရှိတဲ့ ဆရာဝန်ကြောင့် လူနာတွေမသေသင့်ပဲ သေကုန်မဲ့အစား
Blogger လုပ်နေတာပဲ ကောင်းပါသေးတယ်။
Post a Comment