Saturday, May 2, 2009

နာဂစ်အိပ်မက်ဆိုး နှစ်ပတ်လည် ကြေကွဲလွမ်းဆွတ်မှု အမှတ်တရ

မေလဟာ ကျမအတွက် တနှစ်တာမှာ အမှတ်တရ ရှိနေခဲ့တဲ့ လ တစ်လပါ။ ငယ်စဉ်က ဆိုရင်တော့ ပြက္ခဒိန်အ သစ်ပြောင်းတိုင်း မေလကို အရင်ဆုံး ရှာမိပါတယ်။ ကျမတို့ မောင်နှမ ၂ယောက်က မေလထဲ ရက်ချင်းကပ် မွေးတဲ့သူတွေမို့ တလထဲမှာ တခါပဲပေါင်းပြီး မေမေတို့က မွေးနေ့လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ့်မွေးနေ့ကို အရင် စိတ်ဝင်တစား ရှိခဲ့ဖူးပါရဲ့။

အခု ၂၀၀၈ မေလကတော့ ပြည်သူတွေကို ကပြောင်းကပြန် ဖြစ်စေခဲ့ပါပြီ။ ကျမတို့လည်း မမြင်ဖူးခဲ့တဲ့ မြင် ကွင်းတွေ မြင်တွေ့ရ၊ မကြားဖူးခဲ့တဲ့ ကြေကွဲစရာ ဖြစ်ရပ်မှန်တွေ ကြားခဲ့ရ။ ဒီကြားထဲ မေ ၂၄ ရက်နေ့မှာ ကစား ပွဲတစ်ခု။ ကျမကတော့ အားကစားစိတ်ဓာတ် မရှိတဲ့သူပါ။ ယှဉ်ပြိုင်ခြင်းသာ ပဓာနလို့ မခံယူနိုင်သူ။ ကိုယ်အယုံ အကြည်မရှိတဲ့ ကစားပွဲမို့ participate မလုပ်ခဲ့ပါဘူး။ ကျန်တာတွေတော့ ကျမနားမလည်ဘူးလေ။

ဒီနှစ်မေလထဲမှာ ကျရောက်မယ့် မွေးနေ့က ကျမရဲ့ အသက် ၄၀ ပြည့်မွေးနေ့မို့ ဘာလုပ်ရရင်ကောင်းမလဲ စဉ်း စားခဲ့တာ နှစ်စလောက်ကတည်းက။ ဒါပေမယ့် နာဂစ်နဲ့အတူ ကျမစိတ်တွေလည်း .. သတင်းတွေကြား၊ ပုံတွေ မြင်ခဲ့ရတဲ့နောက် ...။ စိတ်အတွေးတွေကလည်း နာဂစ်နှိပ်စက်သွားတဲ့ ကျမတို့ရဲ့ လူတွေဆီကကို မလွတ်နိုင်ခဲ့ ပါဘူး။ ကျမလည်း ပြန်လာကတည်းက ကိုယ်တတ်နိုင်သလောက် ကိုယ့်အနီးအနားက ကိုယ်လက်လှမ်းမီသ လောက် ကြိုးစားကူညီခဲ့ပါတယ်။ ကုသိုလ်လိုချင်လို့လည်း မဟုတ်၊ ကျေးဇူးတင်ခံချင်လို့လည်း မဟုတ်၊ စေတ နာမေတ္တာရှိတယ်ဆိုတာ ပြချင်လို့လည်း မဟုတ်။ မနေနိုင်လို့ပါ။ ဒါအမှန်တရားပါပဲ။ မိုးတွေရွာလို့ ကိုယ်တွေက အမိုးအကာအောက်မှာ နွေးနွေးထွေးထွေး ရှိနေတဲ့အချိန်မှာ မိသားစုတွေ ပျက်စီး၊ အမိုးအကာ မလုံခြုံတဲ့ လူ တွေ ... စိတ်ရော လူပါ ပင်ပန်းနေတဲ့ ကျမတို့ရဲ့ တမြေထဲနေ တရေထဲသောက် သွေးချင်းတွေ။ ဟုတ်ပါတယ် ...။ အရင်ကတည်းက ဒါတွေ ရှိနေခဲ့မှာပါ။ အမှန်ဝန်ခံရရင် ကိုယ်မတတ်နိုင်လို့ ဥပေက္ခာပြုခဲ့တာလည်း ပါပါ တယ်။

ဒီတခါမွေးနေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတယောက် ဖုန်းဆက်တာနဲ့ ဖျာပုံသွားဖို့ အခွင့်ကြုံခဲ့ပါ တယ်။ ကျမတို့သွားဖို့ စဉ်းစားနေတာတော့ စဖြစ်ပြီးကတည်းပါပဲ။ အခြေအနေ မပေးတာနဲ့ မသွားဖြစ်ခဲ့ပါဘူး။ ကြိုသိမထားခဲ့လို့ ကမန်းကတန်း သင့်တော်မယ့် ပစ္စည်းလေးတွေဝယ်ပြီး ထွက်ခဲ့ပါတယ်။ ကျမတို့ကားက လူ ကလည်း ၂ ယောက်တည်းပါတာမို့ အစစ်အဆေး မခံခဲ့ရပါဘူး။ တနင်္ဂနွေမို့လို့ သွားတဲ့ ကားတန်းတွေ လူတွေ အများကြီးပါပဲ။ ကျမတို့ ထွက်တာနောက်ကျလို့ တချို့က ပြန်တောင်လာကြပါပြီ။ အပေါ်အင်္ကျီဗလာနဲ့ အမျိုး သားလေးတွေတွေ့တော့ .... အော်... အင်္ကျီတောင် ချွတ်လှူခဲ့ရလောက်အောင် သဒ္ဓါတရားတွေ ထက်သန် နေတဲ့ ကျမတို့ မြန်မာပြည်သားတွေ။ ကိုယ်မှ မတွေ့သေးတာကိုး။ တကယ်တမ်း ကြုံရတော့ ... ရင်နင့်စရာပါ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော။ ဘယ်သူကမှ လုပ်စရာ အလုပ်ရှိရင် အလုပ်ကို ပစ်ထားပြီး သူများပေးစာ ကမ်းစာတွေကို လမ်းဘေးမှာ ထိုင်စောင့်မျှော်နေမယ့်သူတွေ မဟုတ်ပါဘူး။ နေရတဲ့ အခြေအနေတွေကိုလည်း မြင်ခဲ့ရတယ်။ မြန်မာတွေ ပျင်းကောင်း ပျင်းမယ်။ ဒါပေမယ့် အရချောင်တယ်ဆိုပြီး သူတောင်းစားလို လက်ဖြန့် တောင်းခံနေရတဲ့ ဘ၀ကို ဘယ်သူက လိုချင်ပါ့မလဲ။ ဒီလောက် လူအများကြီးလေ...။

တချို့က ရည်စူးထားတဲ့ နေရာက တစ်နေရာ။ မရောက်သေးပေမယ့် ဒီလို ဒုက္ခသည်တွေ လမ်းမှာ မြင်ရတော့ ဘယ်လိုမှ မနေနိုင်။ ကားပေါ်က ပစ်ချကြတယ်။ ဒါကလည်း ထိန်းသိမ်းနိုင်စွမ်းနည်းတဲ့ လူတွေလည်း ဒီထဲပါ မှာပေါ့။ ဒါပေမယ့် လူတွေကို ပေးချင်တဲ့ စေတနာ၊ ရစေချင်တဲ့ စိတ်ကြောင့်လို့ပဲလို့ ကျမမြင်ပါတယ်။ ကိုယ့်လူ မျိုးကို နှိမ့်ချအောင် လုပ်ချင်တဲ့ ဆန္ဒကြောင့်တော့ ဟုတ်မယ်မထင်ပါဘူး။

ကလေးတွေကတော့ ပျော်လို့။ လူကြီးတွေကတော့ မျှော်လို့ ...။ ကွမ်းခြံကုန်းဘက်ကတော့ အဆိုးဆုံးပဲ ထင် တယ်။ ကျမသွားတဲ့ မြင်ခဲ့တဲ့ ခရီးတလျှောက်မှာပါ။ ကျမတို့က ဖျာပုံကို သွားတာပါ။ တခါမှ မရောက်ဖူးသေး တော့ ဟိုမေး သည်စမ်းနဲ့ ဖျာပုံမြို့ကို ရောက်ပါတယ်။ ဆရာဇော်ဂျီရဲ့ မြို့ပေါ့။ တကယ်ဆို ကျိုက်လတ်ဆိုတာ ကျမအဖွားတွေရဲ့ ဇာတိ။ ဒါပေမယ့် ကျမတသက် တခါမှ မရောက်ဖူးသေးပါဘူး။ ဖျာပုံရောက်တော့ ရောက် နှင့်နေတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်။ သူတို့က လှေဆိပ်ရောက်နေပြီဆိုလို့ လိုက်သွားကြပါတယ်။ သူတို့ က ကားသုံးစီးနဲ့ လူတွေ ပစ္စည်းတွေ အပြည့်နဲ့ပါ။

♠ ♠ ♠ ♠

နာဂစ်ကတော့ လာလည်သွားတာ ခဏပါပဲ။ မြန်မာပြည်သူ ပြည်သားတွေတော့ ပြောင်းဆန်ကုန်ကြပါတယ်။ လူကို လူလို့ မြင်တတ်ပြီး တန်ဖိုးထားတတ်တဲ့ သူတွေအတွက်တော့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ အ ဖြစ်အပျက်ကြီးပါပဲ။ နဂိုထဲက ဒီလိုနေထိုင် စားသောက်နေတာပဲ၊ ဆင်းရဲတယ်ဆိုတာ တစ်ခုခုတော့ မှားယွင်း နေတယ်ဆိုတဲ့ လူတွေအတွက်တော့ သူ့ထိုက်နဲ့သူ ခံရတာပဲလို့ နှလုံးသွင်းပြီး နေနိုင်လေကြမလား။

ဘာပဲပြောပြော မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ မျှဝေခံစားမှုတွေ အများကြီး အများကြီး မြင်တွေ့ခဲ့ရတယ်။ အဲဒီလို အဖြစ်ဆိုးထဲက မြင်တွေ့ရလိုက်ရတဲ့ ပီတိလေးတွေအတွက် ကျမ ၀မ်းသာမိပါတယ်။

လူတွေကတော့ မဲပေးဖို့ထက် တတ်အားသမျှ လှူဖို့ ဝေမျှဖို့ စဉ်းစားနေကြပါတယ်။ ကြုံတဲ့နေရာမှာ တနိုင်တ ပိုင် ဝေမျှနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ အချောင်သမားများရဲ့ အ ကျင့်ဆိုးတွေကိုလည်း မမြင်ချင်အဆုံး တွေ့နိုင်ပါတယ်။ အားနည်းတဲ့သူတွေကို ကူမတဲ့ သူတွေ တွေ့ရသလို သူများတွေရဲ့ အလှူကို ပိတ်ပင်တဲ့သူတွေ၊ ဖြတ်စားတဲ့ သူတွေကလည်း ရှိနေသေးပါတယ်။ ဒါကတော့ ကိုယ့် လမ်းကိုယ်ရွေးကြတာပဲ နေမှာပါ။

အဆိုးထဲက အကောင်းပြောရရင်တော့ ကျမတို့ ပြည်သူတွေ ဝေမျှတတ်တဲ့ အကျင့်လေးတွေ ပြန်မြင်လာရပါ တယ်။ ကိုယ်တိုင်လည်း ဒီဒုက္ခကို ခံစားလိုက်ရတော့ ကိုယ်ချင်းစာနာစိတ် ပိုမိုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ရေ ဆိုလည်း မျှသုံး၊ အစားအသောက်ဆိုလည်း မျှဝေ၊ အ၀တ်အစားတွေဆိုလည်း တတ်နိုင်သလောက် ဝေမျှနေ ကြတာတွေ တွေ့နေကြရတဲ့အတွက် ကျမတို့ မြန်မာပြည်သူ ပြည်သားတွေဟာ ခြစားပြီး ပျက်မသွားသေးတဲ့ စိတ်ဓာတ်ကောင်းလေးတွေနဲ့ သာယာဝပြောတဲ့ မြန်မာပြည်သစ်ကြီးကို တနေ့တော့ ...။

မြန်မာအမျိုးသမီးတဦး

No comments: