“သမီးတို့ ဘာတွေဖြစ်သွားတာလဲ။ အခုဖြစ်နေတာတွေဟာ အိပ်မက်တွေလား။ ပြီးတော့ အမေနဲ့ မောင်လေးနှစ်ယောက် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းမျှော်နေတုန်းပဲ။ အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်”
ဒီစကားကို မျက်ရည်တွေ ၀ဲနေတဲ့ကြားက အားတင်းပြီး ပြောနေသူကတော့ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ မဝေေ၀မြင့်ပါ။ သူက ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းဆိပ်ဆိုတဲ့နေရာက ဇေယျာသီရိ ဘုန်း တော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေတဲ့ နာဂစ်လေဘေးသင့် ဒုက္ခသည်ပေါင်း ၅၀၀ခန့်ထဲက တစ်ဦးပါ။
သူက ဒီကျိုက်လတ်မြို့နယ်ထဲကတော့ မဟုတ်ပါဘူး။ မုန်တိုင်းအတွင်း အသေအပျောက် အလွန်များပြားခဲ့တဲ့ ဘိုကလေးမြို့နယ်ထဲက လူ ၁,၀၀၀လောက်ရှိတဲ့ မယ်တော်စု ကျေးရွာကပါ။ မုန်တိုင်းနဲ့အတူ တက်လာခဲ့တဲ့ (၁၅)ပေလောက်မြင့်တဲ့ ဒီရေလှိုင်းက သူ့အပေါ်သိပ်ချစ်၊ သိပ်သံယောဇဉ်ကြီးရှာတဲ့ အမေနဲ့ မောင်လေးနှစ် ယောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုအဝေးကြီးကို ထာဝရ ခေါ်သွားခဲ့ပါပြီ။ ဒီစကားကို သူပြော တဲ့အချိန်က မုန်တိုင်းပြီးလို့ (၂၄)ရက်အကြာမှာ ဖြစ်ပေမယ့် အချစ်ဆုံး မိသားစုဝင်တွေ ရုတ်တရက် ခွဲခွာသွား တာကို သူ့မှာ လက်မခံနိုင်၊ မယုံနိုင်အောင် ဖြစ်နေရဆဲ၊ ပြန်လာကြနိုးနိုးနဲ့ မ၀ံ့မရဲ တိတ်တခိုး မျှော်လင့်နေတုန်း ပဲဆိုတာ သူ့စကားတွေထဲမှာ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဘယ်တော့မှ ပြန်မလာကြတော့ဘူး ဆိုတာ လည်း သူနားလည်နေပြန်တယ်။
“သမီးတို့ မယ်တော်စုကျေးရွာမှာ အိမ်ခြေ ၂၀၀လောက်ရှိပြီး လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်။ သမီးတို့ မိ သားစုက ဓနိလုပ်ငန်း လုပ်တယ်။ အိမ်မှာလည်း ကုန်စုံဆိုင်ဖွင့်ထားတာမို့ စီးပွားရေးအရ မပူမပင်ရတဲ့ အနေအ ထားပါ။ မုန်တိုင်းတိုက်မယ် ဘာညာဆိုပြီး သဲ့သဲ့ကြားသလို ရှိပေမယ့် ဘာဖြစ်မယ်ဆိုတာမျိုး ဘယ်သူမှ မသိ ကြတာမို့ ပုံမှန်အတိုင်းပဲ ရှိနေကြပါတယ်။ မေလ(၂)ရက်နေ့ ညနေ(၅)နာရီလောက်မှာ လေကြမ်းတွေ စတိုက် လာပါတယ်။ လေကတိုက်ရင်းနဲ့ တအားကြမ်းလာပြီး သစ်ပင်တွေ အမြစ်ကလဲ၊ ၀ုန်ဒိုင်းကြဲနေချိန်မှာ အမေ ရယ်၊ သမီးမောင်လေး နှစ်ယောက်ရယ်၊ သမီးရယ် အားလုံးလေးယောက် တစ်ယောက်ကို တစ်ယောက် တင်း နေအောင် ဖက်ထားကြပါတယ်။
“အဖေက အပြင်သွားနေတာမို့ အိမ်မှာ ရှိမနေပါဘူး။ ပထမဆုံး အိမ်ခေါင်းကြီး ပွင့်ထွက်သွားတယ်။ နောက် တော့ တအိမ်လုံး သိမ့်သိမ့်တုန်အောင် လှုပ်ယမ်းပြီး အိမ်ပြိုတော့မယ် ဆိုတာသိတော့ အိမ်အောက်ကို ကမန်း ကတန်း ဆင်းပြေးကြပြီး ခြံထဲက စပါးစည်(ကျီ)ရှိရာကို မိုးထဲလေထဲမှာပဲ တစ်ယောက်လက် တစ်ယောက် ချိတ်ထားကြပြီး ပြေးပါတယ်။ ရွာထဲမှာလည်း အော်သံဟစ်သံတွေ၊ ကလေးငိုသံတွေ၊ ကယ်ပါယူပါ တစာစာ အော်သံတွေ ကမ္ဘာပျက်မတတ် ကြားနေရပါတယ်။ အိမ်တွေ ပြိုကုန်ကြပါတယ်။
“စည်ထဲမှာ ခိုနေတုန်း ည(၁၁)နာရီလောက်မှာ ရေတွေ တဝေါဝေါ တက်လာတာ တွေ့ရပါတယ်။ လူတစ်ရပ် စာလောက်မြင့်တဲ့ ရေလှိုင်းကြီး တက်လာတာ တွေ့ရပြီး ရွာတရွာလုံးကို မျိုသွားတာပါ။ သမီးတို့ ရှိနေတဲ့ စပါး စည်လည်း ပါသွားပြီး မိသားစုလေးယောက် ရေထဲမှာ မြုပ်လုမြုပ်ခင်မှာပဲ ကံကောင်းတော့ ဖွဲအိတ်ကြီးသုံး အိတ် ရေထဲမျောလာတာ တွေ့ရတယ်။ အမေက ဖွဲအိတ်ကြီးတွေကို အတင်းလိုက်ဆယ်၊ သမီးတို့ မောင်နှမ သုံးယောက်ဆီကို ယူလာပြီး တင်းတင်းဖက်ထားကြဖို့ ပြောပါတယ်။ ပတ်ဝန်းကျင် မြင်မြင်ရာမှာ ရေပြင်ကြီးဖြစ် လို့ နေပါပြီ။ အမေက သူလည်း ခိုက်ခိုက်တုန်နေတဲ့ကြားက `သမီး မကြောက်နဲ့နော်၊ သားတို့ မကြောက် ရဘူးနော်။ အမေရှိတယ်’ဆိုပြီး ပါးစပ်က တတွတ်တွတ် ပြောနေခဲ့တယ်။ လူချင်းကွဲသွားကြမှာစိုးလို့ တစ် ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး ဖက်ထားကြတယ်။ ဒီလိုနေရင်း နာရီဝက်လောက်နေတော့ အုန်းပင်လောက်အထိ ရေလှိုင်းလုံးကြီး တက်လာပြီး ရိုက်ချလိုက်တာ တွဲထားတဲ့ လက်တွေလည်း ပြုတ်ထွက် သွား၊ ဖွဲအိတ်တွေနဲ့လည်း လွတ်သွားပြီး အားလုံး လူကွဲသွားကြပါတယ်။ လူမကွဲခင် အမေ့ရဲ့ နောက်ဆုံးအော် ပြောသံ ကြားလိုက်ရတာက `သားတို့ သမီးတို့ မကြောက်ကြနဲ့ အမေရှိတယ်’တဲ့”
“သမီးလည်း မြုပ်ချည်ပေါ်ချည်နဲ့ နောက်ဆုံး အမြစ်က ကျွတ်ထွက်ပြီး ရေထဲမျောလာတဲ့ ကုက္ကိုပင်ကြီးတပင် ကို အတင်းဖက်ထားလိုက်ပါတယ်။ ကုက္ကိုပင်ကြီး မျောရာကို ပါသွားရင်း ရေထဲမှာ အိမ်တိုင်တွေ၊ သစ်ပင်အ ကျိုးအပြတ်တွေ၊ သွပ်ပြားလို ချစရာတွေ၊ ပျဉ်ပြားတွေလို အစုံပဲ မျောမျောလာပြီး သမီးကိုယ်ကို ဟိုကနေ တိုက်သွားလိုက် ဒီကနေ လာတိုက်လိုက်နဲ့ သမီးတကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပါပဲ။ မနက် ၃ - ၄ နာရီ လောက်မှာ ရေက လည်ပင်းလောက် ပြန်ကျသွားပါတယ်။ သမီးလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိပါဘူး။
“အဲဒီအချိန်မှာ ရေကူးပြီး သူ့အမေနဲ့ ညီမလေးတွေကို လိုက်ရှာနေတဲ့ အကိုကြီးတစ်ယောက်ကို ခပ်လှမ်းလှမ်း မှာ လှမ်းမြင်တော့ အော်ခေါ်ပြီး အကူအညီတောင်းပါတယ်။ သူကရောက်လာပြီး သမီးကို ကုက္ကိုကိုင်းပေါ်က နေ ရေတိမ်ရာ ခေါ်သွားပါတယ်။ ညီမလေး ဘာမှမကြောက်နဲ့ ဆိုပြီးတော့လည်း အားပေးပါတယ်။ မိုးလင်း တော့ သူ့မိသားစုတွေကို ပြန်ရှာတွေ့ပြီး သူတို့ဆီ ပို့ထားဖို့ သမီးကိုခေါ်တော့ သမီးလည်း ချည့်သလိုဖြစ်နေ တော့ လမ်းလုံးဝလျှောက်လို့ မရတော့ပါဘူး။ အဲဒီအကိုကြီးလည်း ခြေကုန်လက်ပန်း ကျနေတော့ သမီးကို ရွံ့ဗွက်ထဲမှာပဲ ဒရွတ်တိုက် ဆွဲခေါ်သွားရပါတယ်။ သူတို့နဲ့ နှစ်ရက်သုံးရက် အုန်းလက် အပူကာလေးတွေ ထိုး ပြီးနေရပြီး ရေကျတော့ သမီးတို့ ရွာဘက်ကို မိသားစုကိုရှာဖို့ လမ်းလျှောက်သွားပါတယ်။ ရေကျတဲ့အချိန်မှာ သမီးက ကိုယ့်ရွာနဲ့ သုံးလေးရွာလောက်ခြားတဲ့ နေရာကို ရောက်သွားတာပါ။ ရွာပြန်ရောက်တော့ ရွာနေရာမှာ အုတ်ပတ်ကား တက်ထားတဲ့ အိမ်နှစ်အိမ် သုံးအိမ်လောက်ကလွဲပြီး ဘာဆိုဘာမှကို မတွေ့ရတော့ပါဘူး။ သ မီးတို့အိမ်လည်း မရှိတော့ပါဘူး။ တရွာလုံးမှာ လူသုံးလေးဆယ်လောက်ပဲ ကျန်တော့တာ တွေ့ရပါတယ်။
“အဖေ့ကိုတော့ ပြန်တွေ့ရပါတယ်။ ဟိုး ပင်လယ်ဝ မိန်းမလှကျွန်းက `အမေရေယာဉ်’ ရုပ်တုကြီးလည်း ပြုတ် ထွက်ပြီး သမီးတို့ရွာဘက် ရောက်နေတာ တွေ့ရပါတယ်။ စားစရာ သောက်စရာ ဘာဆိုဘာမှ မရှိပါဘူး။ အ ပျက်အစီးတွေကြားထဲ ကျန်ခဲ့တဲ့ ဓားမတချောင်းနဲ့ အုန်းဖူးတွေ ဖဲ့စား၊ အုန်းရေသောက်ပြီး နေရတာပဲ။ ကျန်ခဲ့ တဲ့ အိမ်တချို့က ပိုက်ဆံရှိတဲ့ အိမ်ဆိုတော့ တခြားနေရာက ရောက်လာတဲ့ ရေသန့်ဘူးတွေ ဘာတွေ ၀ယ် သောက်နိုင်ကြတာပေါ့။ သမီးတို့လည်း ရေက အရမ်းငတ်လာတဲ့ အခါကျတော့ သူတို့သောက်သလို ရေသန့် ကို တငုံလောက်ဖြစ်ဖြစ် အရမ်းကို သောက်ချင်တာပဲ။ တခါတလေ သွားပြီးတောင်းသောက် လိုက်တော့မယ် လို့တောင် တွေးမိပါသေးတယ်။ ဒါပေမယ့် သွားတောင်းမသောက်ရဲတော့ ဒီကိုရောက်လာတဲ့အထိ ရေသန့်တ ငုံမှကို မသောက်ခဲ့ရပါဘူး။
“အမေနဲ့ မောင်လေးတွေကို ပြန်တွေ့ရနိုးနဲ့ အဖေနဲ့ သမီး တစ်နေကုန်လိုလို ရွာနီးချုပ်စပ်မှာ တွေ့သမျှ အ လောင်းတွေကို နိုင်သလောက် လိုက်လှန်ကြည့်ပြီး ရှာပါတယ်။ အမေက အင်္ကျီအနီရောင်လေး ၀တ်ထားခဲ့တာ မို့ အင်္ကျီအနီဝတ်ထားတဲ့ အလောင်းတွေ့တိုင်း အမေများလားဆိုပြီး လိုက်လှန်ကြည့်မိတယ်။ ၃-၄ ရက် လောက်သာ ကြာသွားတယ်။ အမေနဲ့ မောင်လေးတွေကိုလည်း ရှာမတွေ့၊ အစာနဲ့ရေ ချို့တဲ့မှုကြောင့် အား လည်းနည်းလာတာမို့ ကျန်တဲ့လူ ၂၀၊ ၃၀ လောက် အားလုံးပဲ ဘိုကလေးမြို့ပေါ် ရောက်မယ့်လမ်း မှန်းပြီး လျှောက်ခဲ့ကြတာပါ။ ဘိုကလေးမှာက ဆွေမျိုးအသိကလည်း မရှိတာမို့ ကျိုက်လတ်မြို့နယ်ထဲက အခုဒီဘုန်း ကြီးကျောင်းကို အဖေနဲ့လာခဲ့ပါတယ်။ ဆရာတော်က အဖေနဲ့ သိကျွမ်းတယ်ဆိုတော့ ဒီကို အားကိုးတကြီး လာခဲ့ရတာပါ။ အဖေလည်း မုန်တိုင်းအတွင်း ရခဲ့တဲ့ ဒဏ်ရာတွေ၊ လမ်းတလျှောက် ရေစိုခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် ဒီကိုလည်းရောက်ရော ချည့်သွားပါတယ်။ အောက်ပိုင်းသေသလိုဖြစ်ပြီး အခုလမ်းမလျှောက်နိုင်တော့ ပါဘူး”လို့ မဝေေ၀မြင့်က ပြောရင်းငိုပါတယ်။
“မုန်တိုင်းမဖြစ်ခင် လေးငါးရက်ကပဲ အမေက ပြောတယ်။ ဒီလကုန်ရင် သမီးကို မြို့တက်ပြီး စက်ချုပ်သင်တန်း အပ်ပေးမယ်။ ပြီးရင် စက်ချုပ်ဆိုင် ထောင်ပေးမယ်ဆိုပြီးတော့ အားလုံးစီစဉ်ထားပြီးသား။ အခုတော့ အမေက မရှိတော့ဘူး။ အမေပြန်ရောက်လာရင် အရမ်းကောင်းမှာပဲ” ဆိုပြီး သူ့မျက်လုံးက ရီဝေေ၀နဲ့ အဝေးတစ်နေရာ ကို လှမ်းကြည့်နေသယောင်ယောင်ပါ။
လကုန်ရင် စက်ချုပ်သင်တန်းတက်ပြီး စက်ချုပ်ဆိုင်လေးဖွင့်ဖို့ အိပ်မက်မက်ထားတဲ့ မဝေေ၀မြင့်ရဲ့ အိပ်မက် လေးလည်း တစ်နေ့ အကောင်အထည် ပေါ်လာနိုင်ပါစေလို့ ဆုတောင်းရင်း …။
(ဇွန် ၁၃-၁၉၊ ၂၀၀၈ခုနှစ်ထုတ် မြန်မာတိုင်းမ်းဂျာနယ်မှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment