Wednesday, March 4, 2009
ဆူရှီသမားလိပ်တဲ့ ကဗျာ
မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ။
ရှင့်သတင်း နားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမီလှည့်ပေါင်နေရတယ် ... ကိုကိုရေ။
ခင်ဗျားရေးတာတွေကို
လူတွေ နားမလည်ဘူး
(အင်းပါ ...)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်။
ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်။
ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်၊
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်၊
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်၊
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့။
ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့လျက်
ချိုမြိန်လှချေရဲ့။
ပြီးပါပြီ … လို့
ဘယ်သူတွေ စာတန်းထိုးထိုး
အရိုးတွန်သံတွေ မဆုံးဘူး
ကိုယ့်လူတို့ ...။ ။
သစ်ကောင်းအိမ်
(၃ရက်၊ မတ်လ၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment