Tuesday, October 21, 2008

ဦးအောင်ရွှေနှင့် မျိုးချစ်ရဲဘော်ဟောင်းများ

ဦးအောင်ဆက်ပိုင်

စာရေးတတ်လို့တော့ မဟုတ်ပါ။ ဆရာတော်များ၏ အဆုံးအမနှင့် ဗုဒ္ဓဘုရားရှင်ကို ပူဇော်သည့် ဘာသာရေး ဆိုင်ရာ ဆောင်းပါးများသာ ရေးသားခဲ့ဖူးပါသည်။ ယခုလည်း မဖြစ်လို့ ရေးလိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ၂၄-ဝ၉-ဝ၈ နေ့က ဒေါက်တာလွဏ်းဆွေ ရေးသားခဲ့တဲ့ ‘အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ’ ဆိုတဲ့ ဆောင်းပါးကို ခေတ်ပြိုင်မှာ ဖတ်မိရင်း အများသူငါ အတွေးအမြင် မမှားကြဖို့၊ အယူအဆ မလွဲကြဖို့ သိခဲ့သမျှ၊ ကြားခဲ့သမျှ ဖောက်သည်ချရတယ်ဆိုရင်လည်း ဆိုလို့ရပါတယ်။ ကျနော့်အနေနဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဆောင်းပါးကို ချေပရေးသားတာ မဟုတ်သလို မျိုးချစ်ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုကို ကာကွယ်ပြောဆိုလိုခြင်းလည်း မဟုတ်ပါ။ အမှန်ကိုအမှန်အတိုင်း သိမြင်နိုင်ကြပြီး ဒီမိုကရေစီရေးအတွက် ပံ့ပိုးမှုလေးတခုဖြစ်နိုင်ရင်ပဲ ကျေနပ် ပါပြီ။

ဒီနေရာမှာစပြီးပြောရရင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်းမှာပဲ တပ်မှူးဟောင်းများ (၈၅) ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပြီး နဝတအစိုးရပေါ်ပေါက်ပြီးနောက် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရပ်တည်ခဲ့တာရယ်၊ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းချိန်မှာ ‘အောင်၊ စု၊ တင်’ ရယ်လို့ (၃) ဖွဲ့ စု စည်းမိကြရာမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦး ဦးဆောင်တဲ့အဖွဲ့အဖြစ် ရပ်တည်ပါ ဝင်ခဲ့တာတွေတော့ အများသိပြီး ဖြစ်ကြပါလိမ့်မယ်။

ဒီနေရာမှာ မျိုးချစ်ရဲဘော်ဟောင်းများရဲ့ အချင်းချင်းစည်းလုံးညီညွတ်မှု၊ တိုင်းပြည်အပေါ်မှာ သစ္စာရှိမှုလေးတ ခုကို ဥပမာပြောရရင် အရေးအခင်းကာလ အတွင်း တိုင်းပြည်ရဲ့လိုအပ်ချက်အရ မဖြစ်မနေစတင်ဖွဲ့စည်းရာမှာ အဲဒီအချိန် တနေရာနဲ့တနေရာ သွားလာဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ဦးဆောင်စည်းရုံးသူတွေအနေနဲ့ ပါဝင်သင့်သူတွေရဲ့ အမည်တွေကို ဖော်ပြ၊ သူတို့ကိုယ်စား လက်မှတ်တွေ ရေးထိုးလိုက်ရပြီး အရေးပေါ် ကြေ ညာချက်တွေထုတ်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ရပါတယ်။

အရေးအခင်းပြီးတဲ့နောက် နဝတအစိုးရကနေ အဲဒီအဖွဲ့အပေါ် အန်အယ်လ်ဒီအပေါ် ချုပ်ကိုင်ကန့်သတ် အရေး ယူချင်တဲ့အခါမှာ ပါဝင်နေသူ တဦးချင်းကို စစ်ထောက်လှမ်းရေးကနေ အဲဒီအဖွဲ့မှာပါဝင်နေတာ ဟုတ်ရဲ့လား၊ လက်မှတ်ရေးထိုးတာ အမှန်လားဆိုတာတွေကို မေးမြန်းစစ်ဆေးတဲ့အခါ လက် မှတ်မထိုးလိုက်ရသူတွေက သူ တို့လက်မှတ်မဟုတ်ပေမယ့် သူတို့အနေနဲ့ သဘောတူ တာဝန်ယူပါကြောင်းကို တိုင်းပြည်အရေးအတွက် ကျေ ကျေနပ်နပ်ကြီး တုံ့ပြန်ပြောဆိုရင်း စည်းလုံးမှု၊ သစ္စာရှိမှုတို့ကို ပြခဲ့ကြပါတယ်။

အန်အယ်လ်ဒီအနေနဲ့ အောင်၊ စု၊ တင်ကနေ ဦးအောင်ကြီးကို ထုတ်ပယ်ခဲ့ရတဲ့ဖြစ်စဉ်မှာလည်း အဖွဲ့အစည်း မ ပြိုကွဲရေးအတွက် ဦးအောင်ကြီးကို နည်းလမ်းစုံနဲ့ ညှိနှိုင်းခဲ့ပြီး မရတဲ့အဆုံး ဦးအောင်ကြီးရဲ့ တောင်းဆိုချက် အရ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြီးအိမ်အရောက် သွားရောက်ညှိနှိုင်းဆွေးနွေးနိုင်ရေး၊ မျိုးချစ်အဖွဲ့ မှပင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ဆုံး မပြေလည်တဲ့အပြင် ဦးအောင်ကြီးကိုယ်တိုင် ဦးအောင်ရွှေထံ ဖုန်းဆက် သွယ်ပြီး သူ့အနေနဲ့ ဝါးလုံးရှည်နဲ့ ရမ်းမှာဖြစ်ကြောင်း ဗိုလ်ချုပ်တို့ပဲ သတိထားနေပါဆိုတဲ့အကြောင်း အသိပေး ခဲ့ပါတယ်။ အဲဒီနောက် အန်အယ်လ်ဒီမှာ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်ကြရာမှာ မျိုးချစ်တဖွဲ့လုံးနဲ့ အတူ ဦး အောင်ကြီးအဖွဲ့မှ ဦးကြည်မောင်ပါဝင်လျက် ဦးအောင်ကြီးကို ဆန့်ကျင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပံ့ပိုးခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့အခမ်းအနားဖြစ်စဉ်ကို ပြန်သုံးသပ်ရရင် ၁၈-၇-၈၉ ရက်နေ့ အန်အယ်လ်ဒီဗဟိုမှာ အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ မျိုးချစ်အနေနဲ့ အာဇာနည်နေ့အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖ ခင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကြီးများ၏ နေ့ထူးနေ့မြတ်ဖြစ်သလို တမျိုးသားလုံးနဲ့ ပါဝင်ပတ် သက်နေတာလည်းဖြစ်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်တဲ့လုပ်ရပ်မျိုး မလုပ်မိစေဖို့၊ ရှောင် ရှားဖို့ အလေးထားဆွေးနွေးခဲ့ကြတာပါ။ တဖက်ကလည်း အစိုးရအနေနဲ့ တပ်အင်အားကို လိုအပ်တာထက် အ ဆမတန်တိုးချဲ့ချထားတဲ့အတွက် လူထုအတွက် ထည့်သွင်းစဉ်းစားရတာလည်း ပါဝင်ပါတယ်။ တကယ်တော့ သူတို့ရဲ့ လူထုခေါင်းဆောင်ကို နိုင်ငံရေးဆုံးဖြတ်ချက်တခု မှားယွင်းသွားမှာစိုးလို့ တင်ပြခဲ့ကြတာပါ။

အစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်က “အန်ကယ်တို့အနေနဲ့ ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မ တော်နောက်ကို လိုက်မှာလား၊ ဗိုလ်နေ၀င်းရဲ့ တပ်မတော်နောက်ကိုလိုက်မှာလား” လို့ မေးမြန်းခဲ့ပါတယ်။ ဒီမှာ ပဲ မျိုးချစ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ အန်အယ်လ်ဒီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ (ကွယ် လွန်သွားပြီဖြစ်တဲ့) ဦးချစ်ခိုင်ကနေ “ဒါဆိုရင် အဖွဲ့အနေနဲ့ရော မစုနောက်ကို လိုက်ရမှာလား၊ အန်အယ်လ်ဒီ နောက်ကို လိုက်ရမှာလား” လို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

အဓိကဆွေးနွေးနေကြတာကတော့ အစိုးရနဲ့ဆန့်ကျင်ပြီး အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတက် ဖို့၊ မချီတက်ဖို့ အချေအတင်ဖြစ်နေရတာပါ။ ဒီလိုနဲ့ပဲ နောက်နေ့ အာဇာနည်နေ့ နံနက် (၄) နာရီခန့်မှာ ဒေါ် အောင်ဆန်းစုကြည်မှ ဆုံးဖြတ်ချက်ပြောင်းပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်ရုံးခွဲတွေကို ချီတက်မယ့်အစီအစဉ် ဖျက်သိမ်းဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အတန်ငယ်နောက်ကျနေတဲ့အတွက် တချို့မြို့နယ်တွေမှာ လမ်းပေါ်ရောက်နှင့်နေကြပြီး အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။

သမိုင်းကို ပြန်ပြောင်းသုံးသပ်ရလျှင် အဲဒီအချိန်က အန်အယ်လ်ဒီအတွင်းမှာလည်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့စကားက ရေပန်းစားနေသလို အစိုးရအနေနဲ့လည်း ပစ်ခတ်နှိမ်နင်းမယ့် အနေအထား ဦးတည်နေတဲ့အတွက် ချီတက်မှုသာဖြစ်ပေါ်ခဲ့ရင် သွေးထွက်သံယိုမှုနဲ့အတူ ပြည်သူတွေ အ သက်စတေးရမယ့်အနေအထားပါ။ ဒီလိုသာဖြစ်ပေါ်ခဲ့ရင် ၁၉၉၁ မှာလည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်နိုင် ရေးဆိုတာလည်း အကောင်အထည် ပေါ်လာနိုင်မယ်မထင်ပါ။ တကယ်တော့ မျိုးချစ်တွေအနေနဲ့ လူထုခေါင်း ဆောင်အပေါ်မှာရော၊ အန်အယ်လ်ဒီအပေါ်မှာရော၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာပါ အဘက်ဘက်က အပြည့်အ ၀ သစ္စာရှိခဲ့ကြတာပါ။

အဲဒီကနေ တဆက်တည်း နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းလိုက်တဲ့ အချိန်ပိုင်း လေးမှာတင် အန်အယ်လ်ဒီ စီးအီးစီ (၄) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ခြံဝင်းအတွင်းမှာပင် တွေ့ဆုံ ဆွေးနွေးခွင့်တခု ရရှိခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပဲ မျိုးချစ်ကြီးများကို ယုံကြည် လေးစားပါကြောင်းနှင့် သူမ မရှိစဉ် အန်အယ်လ်ဒီကို ဦးဆောင်မှုပေးပြီး ဒီမိုကရေစီရရှိရေး ဆက်လက်ဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်နှင်းခဲ့ပြန်ပါတယ်။

ဒီနေရာမှာ ဖြည့်စွက်ပြောပြလိုတာကတော့ အဲဒီနေ့မတိုင်ခင် ၁၄-၇-၈၉ နေ့ဟုမှတ်သားမိပါတယ်။ အဲဒီနေ့က ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ရဲ့ ဗဟိုအစည်းအဝေးကနေ လက်ရှိ အန် အယ်လ်ဒီတွင်းဖြစ်ပေါ်နေတဲ့ Confrontation လမ်းစဉ်အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် မျိုးချစ်အဖွဲ့အ နေနဲ့ အန်အယ်လ်ဒီမှနေ၍ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ ကိစ္စအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရမှုတို့ ပေါ်ပေါက်ခဲ့အပြီး မျိုးချစ်များအနေနဲ့ ဘေးကျပ် နံကျပ် ဆိုက်ရောက်ခဲ့ရပြီး ဖြစ်ပေါ်လာတဲ့အခြေအနေအရ ကျရာတာဝန်ကို မညည်းမညူ ဆက်ပြီး ထမ်းခဲ့ကြရ တာပါ။

တဆက်တည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပြောပြပါရစေ။ မျိုးချစ်များအနေဖြင့် အမျိုး သားခေါင်းဆောင်ဆိုတာ လုပ်ကြံဖန်တီးယူလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ သမိုင်းအတွေ့အကြုံတွေအရ အ ပြည့်အ၀ နားလည်လက်ခံထားကြပါတယ်။ တကယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အရွယ်ဟာ ဦးအောင်ရွှေ တို့အနေနဲ့ ကြည့်ရင် သမီးအရွယ်ပါ။ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က (၄၃) နှစ်၊ ဦးအောင်ရွှေက အ သက် (၇၀) အရွယ်ပါ။ မျိုးချစ်တွေအဖို့ တဖက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ ခေါင်းဆောင်ဖြစ် ခဲ့သလို ရဲဘော်ရဲဘက်တွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအနေအထားနဲ့ဖြစ်ဖြစ် ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ အမျိုးသားခေါင်းဆောင်အဖြစ် အပြည့်အ၀ လက်ခံထားကြပါတယ်။

ဒီနေရာမှာ အများမသိနိုင်သေးတဲ့ကိစ္စတရပ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကာလတွေအထိ အန်အယ်လ်ဒီနဲ့ န၀တတို့အနေနဲ့ တရားမ၀င်တွေ့ဆုံဆွေးနွေးမှုတွေ အများအပြားရှိခဲ့ဖူးတာပါ။ နောက်ဆုံးရွေးကောက်ပွဲနိုင်ခဲ့ တဲ့အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်က အန်အယ်လ်ဒီခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့ ကို တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ပြီး အန်အယ်လ်ဒီကို ဦးဆောင်လျက် အစိုးရဖွဲ့လျှင် န၀တမှ အပြည့်အ၀ ထောက်ခံရပ်တည်ပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ဖယ်ထုတ်ဖို့နဲ့ အစိုးရအဖွဲ့ထဲ ဘယ်သောအခါမှ မပါဝင်စေဖို့ဆိုတဲ့ ခြွင်းချက်နဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

ဒါတွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေအများအပြား သိရှိ ကြပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို လက်မခံပယ်ချခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သူတွေရှိသလို အချို့လည်း ထောင်ချခံခဲ့ရပါတယ်။ ဒီအချက်ဟာ မျိုးချစ်တွေအနေနဲ့ ပြည်သူလူထုအပေါ်မှာ ရော၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော၊ ဒီမိုကရေစီကျင့်စဉ်အပေါ်မှာရော သစ္စာ ဖောက်မှုတွေ သွေဖည်မှုမရှိခဲ့ဘူးဆိုတာကိုပဲ ပြောပြချင်တာပါ။

ကျနော့်ရည်ရွယ်ရင်းက မျိုးချစ်များအနေနဲ့ န၀တ(နအဖ) အပေါ် ကပ်ဖားရပ်ဖား လုပ်နေတာမဟုတ်သလို လူ ထုနဲ့ အန်အယ်လ်ဒီအပေါ်မှာ သစ္စာစောင့်သိခဲ့တယ်။ ကိုယ်ကျိုးမဖက်ခဲ့ဘူးဆိုတာ တင်ပြလိုတာပါ။ တနည်း လူထုခေါင်းဆောင်အပေါ်မှာ အပြည့်အ၀ယုံကြည်ထောက်ခံမှု ပြုခဲ့တာပါ။

ဒီနေရာမှာ ဦးအောင်ရွှေအကြောင်း တစေ့တစောင်း တင်ပြလိုပါတယ်။ ဒီနေ့ဒီအချိန်မှာ ဦးအောင်ရွှေဟာ အ သက်အားဖြင့် (၉၀) စွန်းလာပါပြီ။ အရေးအခင်းစတင်ချိန် (၇၀) ကနေ ဒီနေ့ထိ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံဟာ ခါးသည်းလှပါတယ်။ အရေးအခင်းကာလအတွင်း အန်အယ်လ်ဒီအတွင်းရေးမှူးဖြစ်လာမယ့် ဦးချစ်ခိုင်ကိုယ်တိုင် တိုင်းပြည်မှာ ဘေးဒုက္ခကြုံနေချိန် ဘေးထွက်ထိုင်နေ၍ မဖြစ်ကြောင်း၊ အသက်အရွယ်ရ လာပြီဖြစ်သော်လည်း မဖြစ်မနေ တိုင်းပြည်အတွက် ၀င်ရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောဆိုဆွေးနွေး ပြီးနောက် အဖွဲ့အတွင်း ပါဝင်လာခဲ့တာပါ။

မျိုးချစ်တွေရဲ့ ထူးခြားတဲ့ဝိသေသတွေတင်ပြရရင်ဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု၊ အင်္ဂလိပ်ခေတ်၊ နိုင်ငံရေးတိုက် ပွဲမှသည် လက်နက်ကိုင်တော်လှန်ရေး BIA, BDA, Burma Army ခေတ်အထိ ပါဝင်ခဲ့ကြရပြီး လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုပြဿနာ ဖြေရှင်းရတာနဲ့အတူ နောက်ဆုံး ဦးနေ၀င်းရဲ့ တပါတီအာ ဏာရှင်စနစ်ကို ဖော်ဆောင်မယ့်အချိန်မှာ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ထွက်လာကြသူအများစုပါ။ ကနေ့ နအဖ ကိုင်စွဲထားတဲ့ ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာတွေဟာ လွတ်လပ်ရေးနဲ့အတူ မျိုးချစ်တွေကိုယ် တိုင်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေပါ။ အချုပ်အခြာအာဏာဆုံးရှုံးခြင်း၊ လွတ်လပ်ရေးဆုံးရှုံးခြင်း၊ တိုင်းရင်းသားစည်း လုံးမှု ပြိုကွဲခြင်းတို့ရဲ့ ခါးသည်းတဲ့ အရသာတွေနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကိုယ် တိုင်ကိုယ်ကျ ခံစားခဲ့ဖူးသူတွေပါ။ ဒီတော့ တိုင်းပြည်မှာ နောက်တကြိမ်ဖြစ်ပေါ်မှာကို လုံးဝမလိုလားကြ ပါဘူး။

ဒါပေမယ့် သူတို့အပေါ် ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်ဆိုတဲ့ အသုံးအနှုန်းနဲ့အတူ စွပ်စွဲမှုကို ခံနေကြရပါ တယ်။ ဒီမိုကရေစီအင်အားစုတွေဘက်ကရော နအဖဘက်ကပါ သံသယနဲ့ စွပ်စွဲမှုကို အမြဲခံနေကြရတာပါ။ တ ဖက်မှာလည်း ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံအနေအထား၊ ပြည်ပအကူအညီတွေနဲ့အတူ ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံ တော်အတွက် ဆိုးကျိုးတွေကိုလည်း ကြိုတင်သုံးသပ်မိထားကြပါတယ်။ တဖက်ကလည်း နအဖရဲ့ သဘော ထားကို သိနေကြသလို ဒီမိုကရေစီစနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဖော်ဆောင်ရေးအတွက် “ပြည်သူ့အား” ကိုသာ ယုံကြည်အားထားရမယ်ဆိုတာကိုလည်း စွဲကိုင်ထားကြသူတွေပါ။ ဒီတော့ သူတို့လုပ်ကိုင်နေရတဲ့ ဦး ဆောင်နေရတဲ့ လမ်းဟာ အင်မတန်ကျဉ်းမြောင်းလှပါတယ်။ မလွယ်ကူလှပါဘူး။

တဖက်ကကြည့်ရင်လည်း ဇရာထောင်းနေပြီဖြစ်တဲ့ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို သံသရာမှာ ဘ၀ကူး စောင်းစေဖို့အတွက် ဗုဒ္ဓအဆုံးအမနဲ့အညီ တရားဘာဝနာနဲ့ ဖြတ်သန်းချင်တဲ့ ဆန္ဒလည်း ရှိနေကြသူတွေပါ။ ဒါ ပေမယ့် ဒါတွေကို စွန့်လွှတ်ထားကြရပါတယ်။ ကိုယ်ရဲ့ အဖိုး၊ အဖေသာဆိုရင်ဆိုတဲ့ မေတ္တာစိတ်နဲ့ ဖြည့်စွက် နားလည် ကြည့်စေချင်ပါတယ်။ ဆုံးရှုံးမှုအပြည့်နဲ့ပါ။

ဒါ့အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်အသီးသီးမှာလည်း ဆုံးရှုံးနေရပါတယ်။ နေအိမ်တယ် လီဖုန်း အဖြတ်ခံထားရတာ နှစ်ပေါင်းများစွာပါ။ အသက်ကြီးသူများအတွက် သာရေး၊ နာရေးပင် ဆက်သွယ်ရန် ဖုန်းမရှိပါ။ လိုအပ်ရင် အိမ်အပြင်ထွက်ပြီး အနီးဆုံး လမ်းဘေးဖုန်းကနေ ဆက်သွယ်ကြရပါတယ်။ နေ့ညမရွေး ပေါ်ပေါက်နိုင်တဲ့ ကျန်းမာရေး၊ နာရေး ကိစ္စတွေမှာ အင်မတန်ခက်ခဲပါတယ်။ ကုသပေးမယ့်ဆရာဝန်မရှိပါ။ ဒေါက်တာ တင်မျိုးဝင်းဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ။ တကယ်တော့ ဆေးခန်းသွားပြခဲ့ရင် လည်း ကုသပေးတဲ့ဆရာဝန်တိုင်း သူတို့ပြန်သွားတာနဲ့ စစ်ဆေး မေးမြန်းတားဆီးခံရပါတယ်။ နောက်တော့ လည်း သိရင်မကုရဲကြတော့ပါ။ သူတို့အိမ်ကို သာရေး၊ နာရေး သွားရောက်လည်ပတ်လို့မရသလို သူတို့က လည်း လာရောက်လည်ပတ်လို့မရပါ။ အားလုံးဖြတ်တောက်ခံထားရပါတယ်။ ဒါ့အပြင် စီးပွားရေးလည်းမရှိပါ။ ရှိတာလေးနဲ့အတူ သားသမီးတွေရဲ့ ထောက်ပံ့လစာလေးတွေနဲ့ ခြိုးခြံချွေတာ ရပ်တည်နေရတာပါ။

ဒီအခြေအနေမှာ နအဖနဲ့ အပေးအယူလုပ်ထားကြတယ်လို့ဆိုလာရင် သူတို့ဟာ ဘာအကျိုးရှိလို့ ဒီလိုအဖိနှိပ်ခံ နေကြတာလဲဆိုတာကိုတော့ ပြန်လှန်မေးခွန်းထုတ်စရာ ရှိလာပါတယ်။

နအဖအနေနဲ့ အန်အယ်လ်ဒီရုံးထဲအထိ ထဲထဲဝင်ဝင် ထိုးဖောက်ထားနိုင်တဲ့အတွက် ဘာကိုမှ စိတ်မချရနိုင်လို့ အသက်ကြီးကာမှ လုံခြုံရေးအရ ရုံးအလုပ်တွေ ကိုယ်တိုင်လုပ်နေရပါတယ်။ စာကိုယ်တိုင်ရိုက်ရတယ်၊ သွေး တိုးရောဂါ၊ ကျီးပေါင်းတက်ရောဂါနဲ့ အခြားတွေလည်း အရွယ်နဲ့အမျှ ဖိစီးခံနေရတာပါ။ ဒီနေ့အခြေအနေဟာ နအဖအနေနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ်မှာ ဖိနှိပ်မှု၊ ကန့်သတ်မှုတွေ၊ ပိုမိုလုပ်လာတာကို သတိထားမိကြ မှာပါ။ ပြည်တွင်းပြည်ပ အင်အားစုတွေအနေနဲ့ အောင်မြင်မှုမရသေးတာနဲ့အမျှ အားမလိုအားမရဖြစ်ပြီး မိမိတို့ အတွင်းမှာပင် အငြင်းအခုံတွေနဲ့အတူ လူကြီးများကို ဖြုတ်ချထုတ်ပစ်ရေး လမ်းကြောင်းပေါ်ကို တွန်းတင်ကြိုး စားလာကြတာကို အင်မတန်မှပင် သတိထားဖွယ် တွေ့မြင်ကြားနေရပါတယ်။ သွေးရိုးသားရိုးဖြစ်စဉ်တွေမှပင် ဟုတ်ပါလေစလို့လည်း အထူးပင် သံသယ၀င်နေမိပါတယ်။

ဒီနေ့ပဲ အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော် နုတ်ထွက်စာတင်တဲ့အကြောင်း သတင်းကြားလိုက်မိပါတယ်။ လူ ငယ်တွေရဲ့ တက်ကြွတဲ့ နိုးကြားတဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်အယူအဆတွေကို လေးစားဂုဏ်ယူပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ ရည်ရွယ်ရင်း လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သတိကြီးစွာထားပြီး ဆောင်ရွက်ကြ ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ မဟုတ်ရင်တော့ တစိမ်းတွေ ၀မ်းသာနေကြပါလိမ့်မယ်၊ လက်ခုပ်တီးကြပါလိမ့် မယ်။

တကယ်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အထိ အဖွဲ့အစည်းအတွင်းမှာ သည်းညည်းခံပြီး ညီညွတ်မှုကိုသာ ရှေးရှုသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုရင် ၎င်း ကိုယ်တိုင်လေးစားခဲ့ရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်များအပေါ်မှာ လေးစားပြီး ဦးဆောင်မှုကို မမှိတ်မသုန် ခံ ယူသင့်တယ်လို့ ထင်မြင်မိပါတယ်။

လူထုခေါင်းဆောင် လွတ်မြောက်လာတဲ့တနေ့ သူ့ရဲ့ပြောကြားချက်၊ ဆုံးဖြတ်ချက်ကို ပြောင်းပြီးခံယူသွားနိုင် တဲ့အထိ အဖွဲ့အစည်းရဲ့ ညီညွတ်မှုကို ဆုပ်ကိုင်ထားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ဦးအောင်ဆက်ပိုင်
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

ယှဉ်တွဲဖတ်ရှုနိုင်ရန် - အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ (ဒေါက်တာလွဏ်းဆွေ) click

2 comments:

Unknown said...

ကျေးဇူးပါ ကိုအောင်ဆက်ပိုင်
ယခုအခြေအနေအတွက် အရမ်းလိုအပ်တဲ့ ဆောင်းပါးပါ။ ရန်သူ က ကိုယ် ရဲ့ နောက်ဆုံးခံကတုတ်ကို အတင်းထိုးဖေါက်နေတဲ့ အချိန်ပါ။ ဒါ ကို ညီညွတ်ရေး လက်နက်နဲ့  ပဲ ရပ်ခံရမှာပါ။ ကျမတို့ အား လုံး ဟာ ရန်သူ ရဲ့ အင်အားထက်၊ ရန်သူ ရဲ့ ကျင့်သုံးတဲ့ ဗျူဟာကို ပိုအလေးပေးဂရုစိုက်သင့်တယ်လို့  ထင်ပါတယ်။ တချို့ ကတော့ ပြော့ကြပါတယ် အနှစ်၂၀ ကြာပြီ ဘာမှထူး မလာ ဘူး ဆို ပြီး ပါ ။ တကယ်တော့ ဒီစစိအာရှင် စနစ်ကို တိုက်လာ ရတာ အနှစ်၄၀ ကျော်နေပါပြီ။ အချေခိုင်နေတဲ့ ရန်သူကို တိုက်နေရတာပါ။ တပွဲတိုး မရှိပါ။ ရေရှည်စစ်ပွံ စိတ်ဓါတ် ကို မွေးမြူ ရပါမယ်။ ရှုံးတလှဲနိုင်တလှဲ အကြိမ်ကြိမ် အဆုတ်မနစ်စိတ်ဓါတ်နဲ့ ချီတက်ကြရမှာပါ။ အစိုး ရတခုြေ့ပာင်းလဲဖြုတ်ချနိုင်ယုံနဲ့  ပြီး သွား မဲ ဟာ မျိုး လဲမဟုတ်ပါ။ ခေတ်တခု စနစ်တခုလုံးပြော့င်းရမဲ့ တော်လှန်ရေးတခုပါ။ ဒါကြောင့် ရေရှည် စိတ်ဓါတ် ကို မွေးမြူ ပြီး ကိုယ်ရင်ဆိုင်နေရတဲ့  ရန်သူ ရဲ့  အကြောင်း (အပေါ်ယံ ကလေးစစ်သားတို့  လူသတ်တာ တို့  တင်မကပဲ) အတွင်းသဘော၊ ဦးတည်ချက်၊ နည်းဗျူဟာတွေ ကို သိနိုင်မြင်နိုင်မှ သူတို ထက်သာတဲ တန်ပြန်မှုကိုြ့ပုနိုင်မှာပါ။ အဲဒီလို အချိန်မှာ ကိုယ် အချင်းချင်းအငြင်းပွားနေ၊ အပြစ်တွေ တင်နေမဲ အစား၊ အချင်းချင်းညီညွတ်ရေး ဦးတည်ပြီး အလုပ်တွေ များများလုပ်ကြ ပါ ဆို့ .......

သစ်သစ်

ရှမ်းပဲပုတ် said...

လေးစားပါတယ်ကိုအောင်ဆက်ပိုင်၊

ဒီအဘိုးကြီးတွေက လွန်ခဲ့သော နှစ်၂၀ ကတည်းကပါတီစထောင်ထဲက မြန်မာနိုင်ငံအနေနဲ့ ပြောရင်အဘိုးကြီးအရွယ်တွေပါ။
နိုင်ငံကို ငါတို့ မသေခင် လုပ်ပေးနိုင်တဲ့ အပိုင်းတွေမှာလုပ်ပေးချင်လို့ ဝင်ရောက်လုပ်ကိုင်တာပါ။
သို့ ပေမဲ့ ဗျာ၊ ပြောနေကြတဲ့ သူအတော်များများက အဖိုးကြီးတွေလုပ်ခဲ့တဲ့ အနိမ့်ဆုံး ရာထူးမှာ တောင်မထိုင်ခဲ့ဘူးဘဲ၊တာဝန်ယူခဲ့ဘူတဲ့ ကောင်တွေတစ်ယောက်တလေမှမပါဘူး။
သောက်ရမ်းတွေလျှောက်ပြောနေကြတယ်။အဖိုးကြီးတွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။

ကျွန်တော်မြင်တာတော့ဗျာ

ကိုယ်က ပစ်လိုက်တဲ့ကျည်ကိုယ်ဆီပြန်ကျတာပါဘဲ၊ ဘာလို့ လည်းဆိုတော့ဗျာ ၊ အတိုက်အခံခေါင်းဆောင်ကြီများက နှစ်၂၀လုံးလုံး တစ်ယောက် ကောင်းပေါ်လစီကို သာ တွန်းပို့ ပေးလိုက်တာကိုး ။