ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
လာလတ္တံ့သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအကြောင်း ဟိုတွေးဒီတွေး တွေးတောရင်း ကဗျာစာသားလေး တကြောင်း သွားအမှတ်ရတယ်။ စာသားလေးက “ဒီမြေပုံအတိုင်းဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်” တဲ့။ ဖတ်ရတာ ကြာပါပြီ (စကားလုံး အတိအကျ မဟုတ်ရင် ခွင့်လွှတ်ပါ)။ ကဗျာဆရာက ဘာအဓိပ္ပာယ်နဲ့ ရေးလဲ တော့ မသိပါဘူး။ ဖတ်တဲ့ ကျနော်က နအဖရဲ့ လမ်းပြမြေပုံ (၇) ဆင့်ကို မြင်ယောင်ပြီး ခံစားလိုက်တော့ ကဗျာ စာသားလေးက တော်တော်ကြွပြီး ဖတ်ရတာ အရသာပိုရှိသွားတယ်။
အဟုတ်ပဲလေ။ နအဖလမ်းပြမြေပုံအတိုင်းသွားရင် ကျနော်တို့ပြည်သူတွေအားလုံး စစ်ကျွန်သက် အတိုင်းမသိ ရှည်ကုန်မယ်။ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဘ၀တွေ ရောက်သထက်ရောက်ပြီး တိရိစ္ဆာန်သာသာ အဆင့်နဲ့ပဲ လူ့အဖြစ်တွေကို နိဂုံးကမ္မတ် အဆုံးသတ်ရဖို့ ရှိတယ်မဟုတ်လား (မယုံတဲ့သူများ နအဖရဲ့ အခြေခံဥပဒေကို ဖတ်ကြည့်ကြပါလေ)။ လူချင်းအတူတူ တန်းတူရည်တူ မနေရမယ့်ဘ၀ဟာ ရှင်လျက်နဲ့ သေရတဲ့ဘ၀ပဲ မဟုတ်ပါလား။ လူသားမာန ထားရှိတဲ့သူတိုင်း၊ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို လေးစားတန်ဖိုးထားသူတိုင်း ဒီ လိုပဲ ခံယူကြမှာပဲလေ။ အဲဒါကြောင့်မို့ အကုန်သေကုန်လိမ့်မယ်ဆိုတဲ့ ကဗျာစာသားအပေါ် ကျနော် ဟတ်ထိ သွားတာနေမှာ။ ရှင်လျက်နဲ့ သေကြရမယ့်အဖြစ်ကို ပြောတာပါ။
အဲ … စစ်ကျွန်ပြုမှုအောက်မှာ အရိုးအရင်း ကိုက်ရဖို့အရေး စစ်ဗိုလ်တွေရှေ့ အမြီးပဲ နှန့်ပြရ နှန့်ပြရ၊ စစ်ဗိုလ် တွေကို လျှာနဲ့ပဲ လျက်ရ လျက်ရ၊ ခြေဆုပ်လက်နယ်ပဲ ပြုစုရ ပြုစုရ၊ ဖိနပ်ပဲ စီးပေးရ စီးပေးရ၊ ခေါင်းပေါ်ပဲ တင်ရွက်ရ တင်ရွက်ရဆိုတဲ့ တဘို့တည်းကြည့်တဲ့ အချောင်သမား ကျောရိုးမဲ့သတ္တ၀ါတွေကတော့ လမ်းပြမြေ ပုံကို ကြိုဆိုကောင်း ကြိုဆိုကြမှာပေါ့လေ။ တိုင်းသူပြည်သားတွေ မျက်ဖြူဆိုက်လေ အီဖေကိုတို့ ကြိုက်လေ ပဲဆိုတဲ့ လူစားတွေကိုး။
ပြည်သူတွေသာ မှန်ကန်တဲ့ စနစ်တခု၊ အုပ်ချုပ်မှုတခုအောက်မှာ အသက်ရှင်နေထိုင်ခွင့်ရရင် အဲဒီအချောင် သမားတွေ လူတောတိုး နေရာရနိုင်မှာမှ မဟုတ်တာ။ အဲဒီတော့ အဲလိုလူမျိုးတွေက နအဖရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ထောက်ခံတာ မဆန်းဘူးပေါ့လေ။ နအဖရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ စွမ်း အားရှင်၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ ကြက်ခြေနီ၊ တန်ပြန်မီဒီယာဆိုတဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေဟာ အဲသလို လူစိတ်၊ လူ့မာနမရှိတဲ့ အချောင်သမားတွေပေါ့။
အဲဒီတော့ မြင်တတ်ရင် နအဖရဲ့ လမ်းပြမြေပုံဆိုတာ စည်းစိမ်အာဏာကို မစွန့်ချင်ဘဲ ဆက်ပြီး လက်ဝါးကြီး အုပ်လိုတဲ့ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ဗိုလ် လူလည်တစုနဲ့ မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား အချောင်သ မားတွေပေါင်းပြီး တိုင်းပြည်ကို အစွမ်းကုန်ဖျက်ဆီးကြတော့မယ့် ရေရှည်စစ်ကျွန်ပြုရေး စီမံကိန်းကြီးဆိုတာ ကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။
အဲဒါကြောင့် စစ်အာဏာရူးတွေနဲ့ အချောင်သမား ကပ်ဖားရပ်ဖားတွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံကို အ ဆုံးအထိ မရောက်အောင် တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်း တိုက်ဖျက်ဖို့ အပြင်းအထန် ကြိုးစားရပါမယ်။ မကြိုးစားလို့ကတော့ ကဗျာဆရာပြောသလို အကုန်သေကုန် လိမ့်မယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရမှာ သေချာပေါက်ပါပဲ။
လူ့ဂုဏ်သိက္ခာ၊ လူ့မာန၊ လူ့တန်ဖိုးဆိုတာတွေကို အလေးထားတဲ့ သူတွေကတော့ ရှင်လျက်နဲ့ သေကြရမယ့် ဘ၀မျိုးကို မလိုလားတတ်ကြပါဘူး။ အဲဒီတော့ ရှင်လျက်နဲ့ မသေချင်ကြသူမှန်သမျှ၊ လူ့အဖြစ်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ နေထိုင်ဖြတ်သန်း သွားလိုသူမှန်သမျှ နအဖစိတ်ကြိုက် ရေးဆွဲပြီး လိမ်လည်အတည်ပြုထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အစွမ်းကုန် တိုက်ဖျက် ဟန့်တားဖို့ လိုပါမယ်။ တတိုင်းပြည်လုံး တခဲနက် မဲပေးအတည်ပြုထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စွဲ ကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါမယ်။
ဒါပမယ့် ကျနော့်တို့ဘက်ကရော လက်ရှိခေါင်းဆောင်မှု အနေအထားနဲ့ တိုက်ပွဲဝင်လို့ အောင်ပွဲရနိုင်ပါ့မလား ဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါမယ်။ တော်ကြာ “ဒီခေါင်းဆောင်မှုနဲ့ဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်”ဆိုပြီး ကဗျာထပ်ထွက်လာမှာဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီခေါင်းဆောင်မှု ဆိုတာကိုတော့ ရှင်းရပါမယ်။ ခေါင်း ဆောင်အားလုံးကို သိမ်းကျုံးရှုမြင်သွားမှာစိုးလို့ပါ။ ကျနော်ဆိုလိုတာ လက်ရှိအပြင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်မှုပေးနေတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဦးစီးတဲ့ ဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် (၂၀၀၈ ခု စက်တင်ဘာ ၂၃ မှ ပြန်လွတ်) ဦးတင်ဦးတို့ကို မ ဆိုလိုပါဘူး။ သူတို့သုံးဦးက အထိန်းသိမ်းခံအနေအထားနဲ့ဆိုတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုလည်း မပေး နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်နိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေလို တိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း ထောင် ထဲမှာပဲ ရှိနေပါတယ်။
အဲဒါကြောင့်မို့ အပြင်မှာရှိတဲ့ ခေါင်းဆောင်မှု အင်အားကိုပဲ တွက်ချက်ကြည့်တာပါ။ ဘာဖြစ်လို့ မျိုးချစ်ရဲဘော် ဟောင်းတွေရဲ့ ဦးဆောင်မှုကို အဓိကထား တွက်ချက်ရသလဲဆိုတော့ …
(၁) အန်အယ်လ်ဒီပါတီဆိုတာ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းကြီးဖြစ်တယ်။
(၂) မြန်မာပြည်သူလူထုကြီးရဲ့ မန်းဒိတ်အရှိဆုံး ပါတီကြီးလည်းဖြစ်တယ်။
(၃) ပြည်သူလူထုက အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်တယ်။
အဲဒါကြောင့်မို့ အဲဒါပါတီကြီးကို လက်ရှိဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုအနေအထားကို အဓိက ထားစဉ်းစားတာ မလွန်ဘူးထင်ပါတယ်။ တခြားအဖွဲ့အစည်းတွေဆိုတာ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လိုပဲ အကွက်မြင်မြင်၊ ဘယ်လောက်ပဲ တိုက်ရဲတိုက်ရဲ အန်အယ်လ်ဒီရထားတဲ့ ပါဝါမျိုး၊ လူထုထောက် ခံမှုမျိုး သူတို့တွေမှာ မရှိကြပါဘူး။ အဲဒါကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက အန်အယ်လ်ဒီကိုကျော်ပြီး ဦး ဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါဘူး။ ၀န်းရံတာလောက်ပဲလုပ်လို့ရပါမယ်။ အန်အယ်လ်ဒီဦးဆောင်မှုကို လမ်း ကြောင်းမှန်အောင် ၀ိုင်းဝန်းတည့်မတ်ပေးကြဖို့ပဲ တတ်နိုင်ပါမယ်။ အဓိက ဦးဆောင်တိုက်ပွဲဝင်ရမှာကတော့ အန်အယ်လ်ဒီ ဗဟိုကော်မတီပါပဲ။
လက်ရှိအနေအထားမှာလည်း ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကပဲ အုပ်စီးထားလေတော့ သူ တို့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ ဦးဆောင်မှု၊ တိကျပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်း ချမပေး နိုင်တာနဲ့အမျှ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေအနေနဲ့ ဘာမှလောက်လောက်လားလား ဦးဆောင်မှုမပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက် သေပြနေပါပြီ။
သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်း လေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့ စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။ ဟုတ်ပါ့မလားလို့ အံ့အားတသင့် မေးခွန်းထုတ်သူတွေ ထုတ်ချင်ကြလိမ့်မယ်။ အစောပိုင်းကာ လတွေတုန်းကတော့ ညီညွတ်ရေး ပြိုကွဲမယ်ဆိုတဲ့စိတ်နဲ့ တော်တော်အောင့်အည်း မြိုသိပ်ခဲ့ရတယ်။ ဟုတ်နိုး ဟုတ်နိုးဆိုတဲ့ စိတ်လည်းပါတာပေါ့။
အခုအခါမှာတော့ မေလဆန္ဒခံယူပွဲလိုပဲ နအဖ ဇာတ်ကြမ်းတိုက်တော့မယ့် ၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့် ခေါင်းလှည့်နဲ့ ရောက်လာတော့မှာမို့ မပြောမဖြစ်တဲ့ အခြေအနေကို ဆိုက်လာပါပြီ။ တချို့ဆို မျိုးချစ်ကြီးတွေ ရဲ့ ဦးဆောင်မှုကို ဖွတ်ထွက်မှ တောင်ပို့မှန်း သိရပါပြီလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါပြီ။ မျိုးချစ်ကြီး တွေရဲ့ ဦးဆောင်မှုကို အားမရလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ညီလာခံခေါ်ဖို့ မိတ္ထီလာမြို့နယ်အဖွဲ့ချုပ်က တောင်းဆိုသလို ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ ဗဟိုကော်မတီတချို့ရဲ့ ဦးဆောင်မှု၊ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်စုဖွဲ့ လာမှုကို ကျေနပ်မှုမရှိလို့ မြို့နယ် (၁၁) မြို့နယ်က အန်အယ်လ်ဒီလူငယ်တွေ နုတ်ထွက်ကြတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရပါပြီ။ အဲဒီတော့ မျိုးချစ်ကြီးတွေ ဆက်လက်ဦးဆောင်မှုပေးနိုင် မပေးနိုင်ဆိုတဲ့ အနေအထားကို ခွဲခြမ်းစိတ်ဖြာဖို့လိုတာကတော့ အမှန်ပါပဲ။ ခွဲခြမ်းစိတ်ဖြာပြီးလို့ ရှင်းသွားလင်းသွားမှပဲ ဘယ် လိုဦးဆောင်မှုတွေနဲ့ တိုက်ပွဲဆက်ဖော်မလဲဆိုတာ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေ ဖြစ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဟာ အန်အယ်လ်ဒီကို စတင်ဖွဲ့စည်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နံဘေးမှာ တွယ်ကပ်ပြီး ပါခဲ့တာပါ။ စစ်အုပ်စုက သူတို့အ တွက် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ (လက်ဝဲယိမ်းတယ်လို့ စစ်အုပ်စုက ယူဆတဲ့) တတ်သိပညာရှင် အစုအဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း ရှင်းလင်းလိုက်စဉ်မှာ အပြင်မှာ အဓိက ကျန်ခဲ့သူတွေက မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ သူတို့ချည်းနီးပါး ကျန်ခဲ့တဲ့ အနှစ်နှစ် ဆယ်အတွင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ အန်အယ်လ်ဒီပါတီ ရပ်တည်ရှင်သန်ခွင့်ရရေး ဆိုတာလေးကို ပဲ ဗန်းပြပြီး နအဖပြုသမျှ နုရတဲ့ လုပ်ရပ်တွေကိုသာ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
၁၉၈၉ အာဇာနည်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အခြေအတင်ဖြစ်ခဲ့ကြတဲ့ တိပ်ခွေကို နားထောင်ကြည့်ရင် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နအဖ ထိန်းသိမ်းလိုက်တာဟာ သွေး ရိုးသားရိုးမှ ဟုတ်ရဲ့လား၊ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေများ နအဖကို မျက်စပစ်လိုက်လို့လားလို့ ယူဆနိုင်တဲ့ အနေအထားပါ။ ၉၀ ရွေး ကောက်ပွဲအပြီး ဂန္ဓီခန်းမမှာရတဲ့ ပွဲပြီးနိုင်တဲ့ အခွင့်အရေးကြီးကို ရေစုန်မျော သွားအောင် လုပ်ပစ်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုပါပဲ။ ၂၆-၃-၉၁ မှာ နအဖရဲ့ ဖိအား ပေး အကျပ်ကိုင်မှုကို ကြောက်ရွံ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်၊ အ ကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတယ်လို့ အကြောင်းပြပြီး ပါတီကထုတ်ပစ်ကာ ဗဟိုကော်မတီကို အသစ် ပြန်လည်ဖွဲ့စည်းလိုက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်း ၁၉၉၃ ဇန်န၀ါရီမှာ ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ် စားလှယ် (၈၆) ဦး နအဖလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို သွားတက်တာလည်း မျိုးချစ်ရဲဘော် ဟောင်းတွေ စနက်ပါပဲ။ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ် ပြန်လက်မခံ တော့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ နအဖအလို ကျ အသံတိတ် နှုတ်ဆိတ်နေခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ၂၀၀၈ နအဖ ဆန္ဒခံယူပွဲနဲ့ နာဂစ်အ ရေးမှာ တိကျပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင်ခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။
အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော် ဟောင်းတွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန် နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။
တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ် အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွား တယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ် အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော် လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ်နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။
အဲဒီတော့ ပြန်ချုပ်ရရင် အနှစ်နှစ်ဆယ်အကြာမှာ အဖြေက ရှင်းသလောက် ဖြစ်နေပါပြီ။
ဘယ်လိုရှင်းတာလဲဆိုတာ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အုပ်စီးထားတဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီရဲ့ ဦး ဆောင်မှုဟာ မျှော်လင့်စရာ အနေအထား လုံးဝ … လုံးဝကို မရှိဘူးဆိုတာပါပဲ။ မျိုးချစ်တွေရဲ့ ဦးဆောင်မှုနဲ့ သာ ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လမ်းမမြင်၊ လူထုတိုက်ပွဲ ထပ်ဖြစ်လာရင်လည်း ထပ်မံရှုံးနိမ့်ရဦးမယ့် အခြေအနေနဲ့ပဲ တိုးရလိမ့်ဦးမယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ရာဇ၀င်ထဲမှာ မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေကို ထားခဲ့တော့မလား၊ သူတို့ရဲ့ ဦးဆောင်မှုနေရာကို ၀င်ယူနိုင် အောင်ကြိုးစားပြီး တိုက်ပွဲလမ်းကြောင်း တည့်မတ်နိုင်အောင် ကြိုးစားမလား သို့တည်းမဟုတ် တခြားစုစည်း ညီညွတ်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပြတ်သားတဲ့ တိုက်ပွဲဝင်မှုအတွက် ပြင်ဆင်ကြမလားဆိုတာ အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ကြရမယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ နို့မဟုတ်လို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီးရင် လူငယ်ဟစ်ပ်ဟော့ပ် ဂီတသမားလေးတွေ ပါးစပ်ဖျားက သီချင်းစာသားတချို့ ပွင့်အန် ထွက်ကျလာမှာကို စိုးထိတ်နေမိပါတယ်။
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … … …
ဒေါက်တာလွဏ်းဆွေ
Friday, September 26, 2008
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
Subscribe to:
Post Comments (Atom)
No comments:
Post a Comment