Wednesday, September 3, 2008

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် လွမ်းဆွတ်မှုဆောင်းပါး

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …
ဒေါက်တာလွဏ်းဆွေ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ကျနော်ရောက်သွားချိန်တွင် လူငယ်ကဗျာဆရာတချို့ အချင်းချင်း ဖက်ငိုသူ ငို၊ ကဗျာရွတ်သူရွတ်နှင့် ပေါက်ကွဲနေကြသည်။ မြေလတ်သား ကဗျာဆရာလေးတစ်ဦးက “ဆရာလွဏ်းရေ … ဆရာချော မရှိတော့ဘူးဗျ”ဟု ငိုသံပါကြီးနှင့်ပြောကာ ကျနော့်ကို ပြေးဖက်သည်။ ထို့နောက် သူက ကျနော့်ကို ဆရာမောင်ချောနွယ် ရုပ်ကလာပ် ပြင်ထားသည့် နေရာဆီ ခေါ်သွားသည်။

အခန်းလေးထဲ ကျနော်ဝင်လိုက်ချိန်တွင် မမမြင့်နှင့်သမီးအလတ်က အငိုမျက်နှာကိုယ်စီနှင့်ထလာပြီး ကျနော့် ကို ဖက်ငိုပြန်လေသည်။ မည်သို့နှစ်သိမ့်ရမည်မှန်း ကျနော်မသိ၊ မျက်ရည်မကျမိအောင်လည်း တင်းထားရင်း ဇာပုဝါပါးအဖြူကိုကပ်၍ ဆရာချောကို ကျနော် ငုံ့ကြည့်နေမိသည်။ ဆရာချောမျက်နှာ တော်တော်ချောင်ကျ သွားသည်။ ခန္ဓာကိုယ်ထဲက ကဗျာဓာတ်တွေကို မြေကမ္ဘာပေါ် အကုန်အစင် သွန်ချပေးခဲ့၍လားမသိ၊ ဆရာ ချောကို ကြည့်ရတာ လူလုံးနည်းနည်းပိုသေးသွားသလို ခံစားရသည်။ “အကိုရေ ဒီမှာ အကို တမေးထဲမေးနေ တဲ့ ဒေါက်တာလွဏ်း လာပြီလေ၊ ထကြည့်ပါဦး”ဟု မမမြင့် ဟစ်ငိုလိုက်ချိန်မှာတော့ ကျနော် စိတ်မထိန်းနိုင် တော့ဘဲ မျက်ရည်ပေါက်တွေ စီးကျလာတော့သည်။ ဆရာချောရုပ်ကလာပ်ကို ခပ်ဝါးဝါးမြင်နေရင်း ခွင့်လွှတ်ပါ ဆရာချောရေလို့ပဲ ကျနော် အသံတိတ် တောင်းပန်နေမိတော့သည်။

တကယ်တမ်းလည်း ဆရာချော အခုလောက် ခပ်မြန်မြန်ကြီး ထွက်ခွာသွားလိမ့်မည်ဟု ကျနော်ထင်မထားခဲ့။ သို့သော် ဆရာချောကိုယ်တိုင်က ထိုနှစ်အတွင်း သူ့ကိုယ်သူသိနေသည့် အရိပ်အယောင်တွေ ပြနေခဲ့တာကို ကျနော်အမှတ်ရနေသည်။ ထိုဆုံးမည့်နှစ် ဖေဖော်ဝါရီ (၃)ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသည့် အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂)နှစ်ပြည့် အခမ်းအနား၌ ဆရာချောနှင့် ကျနော်တို့ ဆုံဖြစ်ကြသည်။ အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း ကျနော် ကင်မရာလွယ်ပြီး လျှောက်နေစဉ် ဆရာချောက ကျနော့်ကို လှမ်းခေါ်သည်။ ဘုန်းကြီးကျောင်းအတွင်းရှိ စေတီလေးကို နောက်ခံထားပြီး သမံတလင်းပေါ်ထိုင် လျက် ဒူးထောင်ပြီး ဒူးပေါ်ကနေ လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အနေအထားနှင့် သူ့ကို ဓာတ်ပုံ ရိုက်ခိုင်းသည်။

ဓာတ်ပုံရိုက်အပြီး ဆရာချော ပြောလိုက်သည့် စကားကြောင့် ကျနော်လန့်သွားသည်။ ဆရာချောက ထိုဓာတ် ပုံကို သူသေလျှင် အခေါင်းမှာ ကပ်ပေးဖို့ ကျနော့်ကို ပြောခြင်းဖြစ်သည်။ ကျနော်က နိမိတ်မရှိ နမာမရှိ ဆရာ ချောရယ်ဟု ခပ်ဖော့ဖော့ ပြန်ပြောလိုက်သည်။ ထိုနေရာတွင် ဆရာချော အချိန်အတော်ကြာ ငေးငေးငိုင်ငိုင် ဆက်ထိုင်နေသည်။ ထိုနေ့က အခမ်းအနားအပြီး ထမင်းစားခါးနီးတွင် ဆရာချော ရှိုက်ကြီးတငင် ငိုနေလေ သည်။ ဆရာချော ဘာဖြစ်လဲ မေးလို့မရ။ မရပ်မနား ငိုနေသည်။ ဆရာချော အငိုရပ်အောင် မနည်းလမ်းလွှဲပြီး ဆရာချောနှင့် ဓာတ်ပုံတွေ စုရိုက်ကြသည်။ ထိုကတည်းက ဆရာချော သူ့ကိုယ်သူ သိနေပုံရသည်။ ဟုတ် လည်း ဟုတ်သည်၊ ထိုနှစ် စက်တင်ဘာ (၃)ရက်နေ့မှာပင် ဆရာချော ကွယ်လွန်ခဲ့သည်လေ …။

♠ ♠ ♠ ♠ ♠

ဆရာချောမဆုံးမီ နှစ်ပတ်ခန့်တွင် မြောက်ဒဂုံ၌ အိမ်ငှားနေသည့် ဆရာချောထံမှ ကျနော့်ဆီ စာတိုတစ်စောင် ရောက်လာသည်။

ဒေါက်တာလွဏ်း …
ဒေါက်တာလွဏ်း တွန်းလွှတ်ရှန်တိန်လုပ်လိုက်တဲ့ မောင်ချောနွယ်ဆိုတဲ့ ရထားကြီး မြောက်ဒဂုံမှာ ဆိုက်ကပ် နေပါပြီ။ အသည်းအသန် နာမကျန်းဖြစ်နေပါတယ်။ အဆင်ပြေရင် ဟဲမင်းဝေနဲ့ ဆေးဖိုးဝါးခလေး မစပါဦး။
သင့် …
ချော

ဆရာချောရေးသည့် စာသားအတိအကျကို ကျနော်မမှတ်မိတော့။ သို့သော် စာက ယခုအဓိပ္ပါယ်အတိုင်း တိုတို တုပ်တုပ်ပင်။ ဆရာချောမဆုံးမီ နှစ်ပတ်လောက်တွင် ဟဲမင်းဝေဆိုသည့် စာပေ၀ါသနာရှင်လေးနှင့် ထိုစာတို လေး ကျနော့်ဆီ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုနေ့ညနေက ၀ပ်ကျင်းရှိရာ (၂၇) လမ်း အောက်ဘလောက်ရှိ မြားနတ်မောင်မဂ္ဂဇင်းတိုက်ဆီသို့ ကျနော် ခပ် စောစော ပြန်ရောက်နေသည်။ အခါတိုင်းနေ့များတွင် ညနေ (၅) နာရီခန့်ဆိုလျှင် စာပေသမားများ ဆုံဆည်းရာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ကျနော် ပုံမှန်ချီတက်နေကျ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည့် ဧည့်သည်များနှင့်ရော မချိန်းဘဲတွေ့ရသည့် အနယ်နယ်အရပ်ရပ်မှ ကြုံရာဆုံရာ စာပေမိတ် ဆွေများနှင့်ပါ စကားဖောင်ဖွဲ့နေကျ၊ သို့တည်းမဟုတ် မဂ္ဂဇင်းအတွက် လိုအပ်သည့် ကိစ္စ၀ိစ္စမှန်သမျှ လုပ်စရာရှိ သည်ကို လုပ်၊ ပြီးလျှင် ရင်ဘတ်တူသူ မိတ်ဆွေအနုပညာသမား တစ်ဦးမဟုတ် သုံးလေးဦးနှင့် နေညိုချိန်ကို ဖြတ်သန်းရန် သင့်တော်သည့် စားသောက်ဆိုင် သို့မဟုတ် သေတင်းကုပ်တွေဆီကီု ချီတက်နေကျ။ ညဥ့်နက် နေကျ။

ထိုနေ့က ဘာကြောင့်ရယ် မမှတ်မိတော့။ မြားနတ်မောင်ဝပ်ကျင်းဆီကို ကျနော် စောစောပြန်ရောက်နေခဲ့သည်။ ဟဲမင်းဝေပြသည့် စာတိုလေးကိုဖတ်ရင်း အယ်ဒီတာစားပွဲတွင် ကျနော် ခေတ္တငိုင်နေမိသည်။ ဆရာချောစာ ကိုဖတ်ရင်း မျက်စိထဲတွင် “သတိ ပေါက်ကွဲတတ်သည်၊ တွန်းလွှတ်ရှန်တိန် မလုပ်ရ” ဟုရေးထားသည့် ရထားတွဲကြီးများကို ပြေးမြင်သည်။ ကျနော်အကြံပြုတာ မှားသွားပြီးလား၊ ဆရာချောကို တကယ်ပဲ တွန်း လွှတ်ရှန်တိန် လုပ်လိုက်မိသလား တမဟုတ်ချင်း အတွေးတွေ စီတန်းသွားတော့သည်။ ဖျတ်ကနဲ သတိပြန် အကပ်တွင် အံဆွဲထဲမှ ငွေနှစ်ထောင်ထုတ်ပြီး ဟဲမင်းဝေကို ပေးလိုက်သည်။ သူက ဆရာချောဆီ ဘာမှာဦး မလဲ မေးသည်။ ဆရာချောကို လာကြည့်ဦးမည့်အကြောင်း ကျနော့်ပျက်ကွက်မှုများအပေါ် ဟဲမင်းဝေမှတစ် ဆင့် တောင်းပန်စကား ပါးလိုက်ပါသည်။

ဟဲမင်းဝေး ပြန်သွားပြီးနောက် အယ်ဒီတာစားပွဲတွင် ပြန်ထိုင်ပြီး ဆရာချောပေးလိုက်သည့် စာတိုလေးကို ကျနော် ပြန်ဖတ်နေမိသည်။ ဖတ်နေရင်း စိတ်ထဲကြေကြေကွဲကွဲ ခံစားရသည်။ ထိုစာလေးရပြီး နှစ်ပတ် လောက်အကြာတွင် ဆရာချော ဆုံးသည်။ မဂ္ဂဇင်း ဖောင်ပိတ်ချိန်၊ ရုံးတင်ချိန်တွေနှင့် တိုက်ဆိုင်နေသဖြင့် မဂ္ဂဇင်းကိစ္စတွေ ခေါင်းရှင်းသွားမှ ဆရာချောဆီ အေးအေးဆေးဆေး သွားမည်ဟု ပိုင်းဖြတ်ထားသော်လည်း ကွယ်လွန်ချိန်အထိ ဆရာချောဆီ ကျနော် မရောက်ဖြစ်ခဲ့။

♠ ♠ ♠ ♠ ♠

ထို့နေ့က ကျနော်နှင့် ဆရာချောနှစ်ယောက်တည်း အေးကဖီးတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေ ခဲ့သည်။ အေးကဖီးဆိုသည်က မြားနတ်မောင်မဂ္ဂဇင်းတိုက်ရှိရာ ပထမထပ်နှင့် မျက်စောင်းထိုးရှိ မြေညီထပ် အိမ်ဆိုင်ကလေးဖြစ်သည်။ စကားပြောရတာ အေးအေးဆေးဆေးရှိသည်။ ကျနော်က ဆရာချောကို သူ့မိ သားစုအတွက် အကြံပြုစကားတွေ ပြောနေမိသည်။ ဆရာချောကလည်း ကျနော်ပြောသည်ကို အသံတိတ် နား ထောင်ပြီး ခေါင်းငိုက်စိုက်ချ စဉ်းစားနေသည်။

“ ဒီလိုပါ ဆရာချော … အိမ်ငှားဖို့အတွက် ဆရာချော ခဏခဏ စိတ်ပင်ပန်းနေရတာကို ကျနော် မခံစားနိုင်ဘူး။ ကြည့်လည်း မကြည့်ရက်ဘူး။ ဆရာချောအတွက် ထည့်ဝင်တဲ့ ရဲဘော်အားလုံးက ဆရာချောအပေါ် ရက် ရောပြီးသား၊ ဒါကိုလည်း သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် တစ်ခေါက်တလေ ဆရာချောလိုတဲ့အချိန်မှာ အဆင်မပြေတဲ့သူက မပေးနိုင်ခဲ့ရင် ဆရာချောလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော် အခုလို အကြံပြုတာပါ။ ဆရာချော လက်မခံဘူးဆိုလည်း ဆရာချောလိုတဲ့ အိမ်ငှားခကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်ထည့်ဝင်မှာပါ။ အဲဒီအတွက်တော့ ဆရာချော ကျနော့်အပေါ် သံသ ယမရှိပါနဲ့။ ဒါပေမယ့် စမ်းချောင်းမှာ တစ်လ နှစ်သောင်းနဲ့ ခြောက်လတစ်ခါ ဆရာချော စိတ်ပင်ပန်းနေ ရတာထက်စာရင် ဒီငွေပမာဏပဲလေ ဆရာချော၊ မြောက်ဒဂုံလို နေရာမျိုးမှာ ခြောက်ထောင်လောက်နဲ့ ငှားနေ မယ်ဆိုရင် တစ်နှစ်ခွဲလောက် ဆရာချော စိတ်မပင်ပန်းရတော့ဘူးပေါ့။ အဲဒါဆို ကျနော်တို့လည်း ဆရာချော အတွက် ပိုစိတ်ချမ်းသာရမယ်။ ကျနော်က ဒီသဘော ပြောတာပါ။ ကျနော်ဆိုလိုတာကို ဆရာချော နားလည် မယ်ထင်ပါတယ် ”

စကားပြောနေရင်း ဆရာချောကို ကျနော် အကဲခတ်ကြည့်ရှူနေမိသည်။ ဆရာချောကို ကြည့်ရသည်မှာ အား နည်းနေပြီး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိပုံ မပေါ်။ တစ်စုံတစ်ခု ဖိစီးနေသည့် အသွင်ပေါ်နေသည်။ ကျနော့် စကားအဆုံးတွင် ခေါင်းငိုက်စိုက်ချပြီး နားထောင်နေသည့် ဆရာချော နဖူးမှ ချွေးစေးတွေကို လက်နှင့်သပ်ချ ရင်း တိုးတိုညှင်းညှင်း စကားဆိုသည်။

“ ဒေါက်တာလွဏ်း စေတနာကို ကျနော်နားလည်ပါတယ်။ နောက်ပြီး ဒေါက်တာလွဏ်းရဲ့ အကြံပြုချက်ဆိုရင် တော့ မမမြင့်ရော သမီးတွေကော လက်ခံမှာပါ။ ကျနော် အိမ်ရောက်ရင် အမြန်ဆုံး အရေးပေါ် အစည်းအဝေး ထိုင်လိုက်ပါမယ်။ ပြီးရင် ဒေါက်တာလွဏ်းဆီကို ပြန်လာခဲ့မယ် ”

တစ်ရက်ခြားအကြာ နေ့လည်ခင်းတွင် မဂ္ဂဇင်းတိုက်ပေါ်သို့ ဆရာချောနှင့် မမမြင့် တက်လာသည်။ လင်မယား နှစ်ယောက်စလုံး အခန်းကျဉ်းလေးထဲရှိ ကျနော့်အယ်ဒီတာစားပွဲရှေ့တွင် ကျပ်ကျပ်တည်းတည်း ထိုင်ကြ သည်။ ထိုင်ထိုင်ချင်းပင် ဆရာချောက “ဒေါက်တာလွဏ်း အကြံပေးတာကို သမီးတွေကော တအိမ်သားလုံး ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ။ အခုမြောက်ဒဂုံမှာ အိမ်ငှားဖို့ သမီးအလတ် စုံစမ်းနေတယ်။ ရတာနဲ့ ပြောင်းကြမယ် … ဒေါက်တာလွဏ်း ၀မ်းသာရအောင် မမမြင့်ကိုပါ ခေါ်လာပြီး လာပြောပြတာ” ဟု ၀မ်းသာ အားရ ပြောလေသည်။ မမမြင့်ကလည်း ပြုံးပြုံးပြုံးပြုံးနှင့် ထောက်ခံပြောဆိုသည်။ ကျနော်လည်း အတိုင်းမသိ ၀မ်းသာသွားပြီး ဆရာချောအား ကတိပြုထားသည့်ငွေကို အံဆွဲထဲမှ ချက်ချင်းထုတ်ပေးလိုက်သည်။ ဆရာ ချောတို့လင်မယား ပြုံးပြုံးရွှင်ရွှင် ပြန်သွားသည်ကို ကြည့်ရင်း ကျနော်ကြည်နူးနေမိပါသည်။

ဆရာချောအိမ်ငှားခါနီးတိုင်း ၀ိုင်းဝန်းထမ်းပိုးကြသည့် ရဲဘော်တစ်ကျိပ်ကျော်လောက်ရှိသည်ဟု ကျနော်မှတ်မိ နေသည်။ ပြည်ကနေ ဖောင်ဖျက်လာပြီး ဆရာချောတို့မိသားစု ပထမဆုံးအခေါက် အိမ်ငှားနေဖို့ ကြိုးပမ်းစဉ်က ဖြစ်သည်။ တစ်ရက်တွင် ဆရာချောနှင့် မမမြင့် မဂ္ဂဇင်းတိုက်ပေါ်ရောက်လာသည်။ အခြေအနေကို အကျဉ်းရုံး ပြောပြသည်။ ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ်သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကို စီရေးထားတာတွေ့ရသည်။ ကျနော့်နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ရှိမည်ထင်သည်။ ဆရာမောင်သစ်မင်း၊ ဆရာသုခမိန်လှိုင်၊ ဆရာဝင်းမင်းထွေး၊ ဆရာမုတ်သုန်၊ ဆရာမောင်ပြည့်မင်းတို့၏ နာမည်တွေကိုတော့ ကျနော်မှတ်မိနေသည်။ စာဖတ်အပြီးတွင် ဆရာချောက “အဲဒါပဲ ဒေါက်တာလွဏ်းရေ … ကျနော့်မှာလည်း အရေးအကြောင်းဆို စိတ်ချလက်ချ ဖက်တွယ်ရဲတဲ့ ရဲဘော်က တစ်ကျိပ်ပိုပိုရယ်”ဟု ပြောပြီး ကျနော့်ကို နွမ်းနယ်သည့်အပြုံးနှင့် ကြည့်နေလေသည်။ ကျနော် ဆရာချောအပြုံးကို အလျင်အမြန် နားလည်လိုက်ပြီး “အိုကေ ဆရာချော၊ နိုးပရော်ဘလမ် … ဘယ်နေ့လောက်ရရင် ဆရာချော အဆင်ပြေမလဲ၊ အခုလောလောဆယ်တော့ မဂ္ဂဇင်းမဖြန့် ရသေးလို့”ဟု ပြောကာ ရက်ချိန်းသာ ပေးလိုက်ပါတော့သည်။

ထိုမှ တစ်ခေါက် … နှစ်ခေါက် … သုံးခေါက်မြောက်တွင် ဆရာချောအား အထက်က အကြံပြုစကားကို ကျနော် ပြောဖြစ်ခဲ့ခြင်း ဖြစ်မည်ထင်သည်။

♠ ♠ ♠ ♠ ♠

တကယ်တော့ ဆရာချောကို ကျနော်တို့ ထမ်းပိုးနိုင်ခဲ့သည်က နှမ်းတစ်စေ့လောက်တောင် ရှိမည်မထင်။ သို့ သော် ဆရာချော ကျနော်တို့အပေါ် ကြဲချပေးခဲ့သည့် ကဗျာကောင်း၊ စာကောင်းတွေကတော့ နှမ်းပုံကြီးတစ်ပုံ စာမက အတိုင်းအဆမရှိ ထုထည်ကြီးမားလွန်းခဲ့ပါသည်။ ဆရာချော၏ ကဗျာကျေးဇူးတွေကို ဆပ်မည်ဆိုလျှင် မိခင်နို့ဖိုးကို ကျေအောင်ဆပ်ဖို့ ကြိုးစားသလိုပင် ဖြစ်လိမ့်မည်ထင်သည်။ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ် တွင် ပေးဆပ်သူ သူရဲကောင်းများက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း မဖောက်မပြန် မွေးမြူပေးဆပ်ခဲ့ကြ သော်လည်း ရယူခဲ့ကြသည့် ကျနော်တို့က တာဝန်ကျေအောင် မထမ်းပိုးနိုင်ခဲ့ကြ။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ တွင် တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ခဲ့ကြရသည့် ကျနော်တို့အနေနှင့် ဆရာချောအပေါ် တာဝန်မကျေ နိုင်ခဲ့သလို အခြားအခြားသော ထမ်းပိုးထိုက်သူ အားလုံးအပေါ်လည်း ကျနော်တို့ တာဝန်မကျေနိုင် ဖြစ်ခဲ့ရ သည့်အတွက် တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။ သို့ပေမယ့် ဆရာချောတို့လို ပေးဆပ်သူ တွေက ခွင့်လွှတ်နားလည်ပေးခဲ့ကြသည်လေ။

ဆရာချောတို့က ခွင့်လွှတ်လေလေ ကျနော်တို့မှာ ပိုကြေကွဲရလေ ပိုပြီးလွမ်းဆွတ်ရလေပါ ဆရာချော …
အဲဒီလွမ်းဆွတ်မှုတွေနဲ့ပဲ ဆရာချောတို့အပေါ် ကျနော်တို့ရဲ့ တာဝန်မကျေခဲ့မှုတွေကို ဖြေသိမ့်ပါရစေတော့ … မြားနတ်မောင်မှာ ရေးဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ တာဝန်ခံအယ်ဒီတာစကား (ကဗျာ) လေးနဲ့ပဲ ဆရာချောကို နှုတ် ဆက်ဂုဏ်ပြုပါရစေတော့ …

ကဗျာဆရာ မောင်ချောနွယ်
(သို့မဟုတ်)
ဟိမ၀န္တာကျားသစ်နက်
ဒေါက်တာလွဏ်းဆွေ

ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာကျားသစ်နက် ဖြစ်ခဲ့ပါတယ်။
မောင်ချောနွယ်
(ရေနံအစမ်းတွင်း တစ်တွင်းရဲ့ အိုင်ထွန်းမှုမှ …)

၅-၉-၂၀၀၂
‘ကိုချောရေ … သွားတော့’
ဒီအသံနက်ကြီးထဲ ကြက်သီးမွေးညင်းထခဲ့
မမေ့နိုင်စရာ
အဘိဓမ္မာတူသူတွေရဲ့ ဆို့နင့်သံ
ယုံကြည်ချက်တူသူတွေရဲ့ ကြေကွဲသံ
ခံစားချက်တူသူတွေရဲ့ ပင့်သက်ရှိုက်သံ
ကဗျာဆရာတွေရဲ့ ပေါက်ကွဲငိုကြွေးသံ
…………….. အသံတွေ
…………….. အသံတွေ
နျူကလီးယား မှိုပွင့်ကြီးအလား
ပေါင်းစည်းလွင့်တက်သွား
ဆရာချော ကောင်းရာသုဂတိလားပါစေ။

၅၃ နှစ်သား
ဟိမ၀န္တာကျားသစ်နက်ကြီးရေ …
မသေချာမှုတောနက်ထဲ ကျင်လည်ကျက်စားရင်း
ကဗျာမြားအစင်းစင်း ပစ်ခွင်းရင်း
သေချာမှုတစ်ခုနဲ့ ထွက်ခွာသွားခဲ့ပြီလား
ကျွန်တော်တို့ နှလုံးသားတွေထဲက
နားလည်မှုတေးသွားတွေကတော့
အပြာရောင်မိုးကောင်ကင်ထက်မှာ
ထာဝရ လွင့်ပျံနေမှာပါ။

ခွေးခြေပုကလေးတွေမှာ ထိုင်ရင်း
ကျနော်တို့ ကျောချင်းကပ်ခဲ့ကြတယ်၊
ဖန်ခွက်ချင်း ထိခတ်သံတွေနဲ့
ကျွန်တော်တို့ ရင်ချင်းအပ်ခဲ့ကြတယ်လေ။

၃၃ လမ်း လေထန်ကုန်းမှာ
မြားနတ်မောင် အယ်ဒီတာစားပွဲမှာ
၂၇ လမ်းက အေးကဖီးမှာ
စမ်းချောင်းက ဆရာချောနဲ့ မမမြင့်တို့ရဲ့ ချစ်ရိပ်မြုံမှာ
၃၅ လမ်းက ငွေနှင်းဖြူနဲ့ ရှမ်းရိုးရာမှာ
ကဗျာစကား စာစကားတွေ
ထွေရာလေးပါး ပြောကြရင်း
နှလုံးသားချင်း ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ရင်း
ကျွန်တော်တို့ နွေးထွေးခဲ့ကြတယ်လေ။

သေခြင်းနဲ့ ရှင်ခြင်းအကြား
ရယူခြင်းနဲ့ ပေးဆပ်ခြင်းအကြား
ဗျာများနေကြတဲ့ လူတွေထဲမှာ
ဆရာချောဟာ
မြေကမ္ဘာကို ကဗျာတွေနဲ့
သေတစ်ပန်သက်တစ်ဆုံး အလုပ်အကျွေးပြုခဲ့သူပါ။

အဖိုးမဖြတ်နိုင်တဲ့
ဆရာချောရဲ့ ကဗျာကျေးဇူးတွေဟာ
တန်ဖိုးသိသူတွေရဲ့ နှလုံးသားမှာ
ထာဝရ မှတ်ကျောက်တင်ရစ်နေမှာပါ။

ကြေကွဲခြင်းများစွာနဲ့
နောက်ဆုံးနှုတ်ဆက်ဆုတောင်းလိုက်ပါတယ်
‘ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု
ရိုးသားမှုနဲ့ အမှန်တရား
စာနာမှုတရားနဲ့ ချစ်ခြင်းမေတ္တာ
ကဗျာနဲ့ အလှသစ္စာတရား
တစ်ဘ၀လုံး ဖက်တွယ်သွားတဲ့ ဆရာချော
မြင့်မြတ်သောဘုံသို့ ရောက်ရှိစံပျော်နိုင်ပါစေ’။ ။

(၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ …)

ဒေါက်တာလွဏ်းဆွေ

1 comment:

Myo Win Zaw said...

ဆရာမောင်ချောနွယ်အတွက်
မသေချာမှုတွေရောပြီး တစ်ခွက်
မောင်ချောနွယ်ကြိုက်တဲ့ ဒေါက်လွမ်းအတွက်
အနာဂတ်ကိုလှုပ်ပြီးတစ်ခွက်
နှစ်ခွက်သောက်လိုက်တယ်