Sunday, September 14, 2008

အရက်သောက်ရင် ယူအန်လျှောက်မယ် (ဟာသ)

ခန့်အောင်
(နေ့သစ်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက် လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေချ ဖို့ ဖြစ်လာကြတယ်မဟုတ်လား။

အစပိုင်းတုန်းက ယူအန်ဒုက္ခသည်အဖြစ် လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည် လျှောက်ချင်ရင် ဗန်ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစ ရာကတော့ ကိုယ့်ဟာကိုယ် ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသားလူငယ် တွေ ပျံ့နှံ့နေကြတယ်။ နောက်ပိုင်း ထိုင်းအစိုးရနဲ့ ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေအတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာ ဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ် တင်ထားသူ လျှောက်ထားသူးမှန်သမျှ ဒီစခန်းကို ၀င်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံးစားရိတ်အဖြစ် ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဖို့ စဉ်းစားပေးမယ် ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ ရောက်နေတဲ့သူတွေရော ကျနော်တို့ ကျောင်းသားလူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ် ခံယူ ချင်ရင် မနီလွိုင်းစခန်းကို ၀င်ကြရတယ်။ နယ်စပ်ကလျှောက်ချင်တဲ့ သူတွေကလည်း နယ်စပ်နဲ့နီးတဲ့ မြို့တွေ ကနေတဆင့် ဗန်ကောက်ကို တက်ကြတယ်။

အဲဒီအချိန် လူတွေက တက်ကြွတဲ့ အရွယ်တွေလေ လုပ်မယ်ဆိုလည်း ဇွတ်ပဲ၊ မလုပ်ဘူးဆိုလည်း အရှင်း၊ ဒိုးမယ်ဆိုလည်း မြန်တယ်။ တခုခုလုပ်တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့်တွေ အဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေ ကြာလာတာနဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်း လုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေးစ အမျှင်တန်းတွေ တသီတ တန်းနဲ့ပေါ့။

၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေအထိ ရောက်လာကြတယ်။ နယ် စပ်က လူတွေရော ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံကို သွားချင် တယ်ဆိုရင် ယူအန်ရုံးရှိတဲ့ နယ်စပ်မြို့တွေမှာ သွားရောက်နေထိုင်ပြီး ဆက်သွယ်ကြတယ်။ တတိယနိုင်ငံ ထွက်ခွင့်ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ်စပ်မြို့ တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ် လျှောက်တဲ့လူတွေထဲမှာ နယ် စပ်ဒုက္ခသည်တွေ တောထဲက ရဲဘော်တွေချည်း မဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေ ပါ လျှောက်ကြတာ။ တောထဲက ရဲဘော်တွေ နယ်စပ်ဒုက္ခသည်စခန်း လူတွေကတော့ ရှင်းတယ်။ ယူအန် လျှောက်တဲ့ ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာ ဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာတော့ တတိယနိုင်ငံကို သွားချင်ကြတာလည်းပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထား ချင်တာလည်းပါတယ်။ ထိုင်းရဲက စစ်လားဆေးလားနဲ့ ရစ်လာရင် ယူအန်ဒုက္ခသည်လက်မှတ် ပြလိုက်တာနဲ့ နည်းနည်းတော့ သက်သာတယ်။

အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေ မဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့ အိမ် ထောင်တွေနဲ့။ ယူအန်လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာ တွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်က မသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင် သဘောထားခွဲပြီး သွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီး သွားချင်သွားလို့ ရနေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလည်း ဖြစ်နေတဲ့ အခြေအနေ။

၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင်ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ် စပ်ဒုက္ခသည်စခန်း တွေထဲအထိ ရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာ နေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင် ခွင့်ရှိတယ်။ တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင် နေကြတဲ့ လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကို သွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ရော ဆိုပါတော့။ ခုကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဖို့ အခွင့်အရေးတွေ ရကြတော့၊ တအိမ်ထောင် တည်းမှာပဲ တယောက်က သွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ်ယောက်စလုံးက သွားချင်တာ တောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေလည်း ရှိသေးတယ်။

အရင်က ကျနော်တို့ အိမ်ထောင်ရေးတွေမှာ ယောက်ျားနဲ့ မိန်းမ စကားများတာပဲဖြစ်ဖြစ်၊ ရန်ဖြစ်တာပဲ ဖြစ်ဖြစ်၊ ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲ နေကြရုံပဲ။ ယောက်ျားကို စိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ်လုပ်ပြီး အသံပေး လိုက်တယ် အဲဒီလောက်ပဲ။ နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာဆွေသဟာ တိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော်တို့နေတဲ့ စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအ ရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်းပြီဆိုရင်ပဲ ပလပ်စ တစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထည့် အချိုရည် သုံးဘတ်တန် တဗူးနဲ့ရော လူလေးငါး ယောက် ၀ိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး” အရှိန်ရလာတော့ တွေ့ကရာရှစ်သောင်း ပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။

အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာ လုပ်လာတာကိုး။ အရင်က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောဘဲ နေရောမဟုတ်လား။ ဒီညတော့ မိန်းမပြောလာတာက …

“တော် ... ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမ ယူအန်တင်ပြီး နိုင်ငံခြားသွားမယ်”

ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ် အသံကြားလိုက်တာနဲ့ ဆံပင်တွေ ဘာတွေထောင် အမူးတွေဘာ တွေ ပျောက်ပေါ့။ ဒီကိစ္စက အလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။

“မိန်းမနဲ့ကွာ မသောက်နဲ့တော့ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ”

ဟု မိန်းမကို သွက်သွက်ကလေး ချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုးနဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့လည်း အိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစား စရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။

ကျနော်တို့တွေ နအဖရဲ့တိုင်းပြည်အပေါ် လူထုအပေါ်ကို စနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓာတ် ပုံနဲ့တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံး ခံစားခဲ့ရသူကိုယ်တိုင် တွေ့ဆုံမေးမြန်းနည်းနဲ့ တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာလုံးကိုရော ယူအန်ကိုပါသိအောင်၊ ယူအန်အနေနဲ့ နအဖကို အရေးယူ ဖိအား တွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့ကြတယ် မဟုတ်လား။

နအဖ က ယူအန်ကို အရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ဒီပဲရင်အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး စတဲ့ ရဟန်ရှင်၊ လူ၊ ကျောင်း သားပြည်သူ လှုပ်ရှားမှုများကို နှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက်လက် လုပ်ပြနေဆဲမဟုတ်လား။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချ မကြောက်။ ခုတော့ နအဖ က ယူအန်ကို မကြောက်ရဘဲ ယူအန်ကို နအဖက အရေးစိုက်လာအောင် လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာ ယူအန်နဲ့ အနီးကပ် ခြိမ်းခြောက်တာကို ခံနေရပါရောလား။

နဖူးပေါ်လက်တင် စဉ်းစားလိုက်တာ မိုးလင်းတာတောင် သတိမထားမိလိုက်ဘူ။

“တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ”

ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံ ကြားရတယ်။

“ယောင်္ကျားရေ … ဒီနေ့ဆန်ထုတ်မယ် ထင်တယ်တော့ ဂိုဒေါင်မှာ တုံးခေါက်နေပြီ”

ခန့်အောင်

No comments: