ရေးသူ - ညမင်းသား၊ ပေးပို့သူ - ညီညီဇော်
ဘုရားတရားသံဃာ(အစစ်)အား ရိုသေမြတ်နိုးစွာ ကန်တော့ပါ၏ ဘုရား ...
ယခုအချိန်သည် သာသနာခုနှစ်အားဖြင့် ၂၅၀၀ ကျော်ခဲ့ပြီ။ သာသနာ တစ် ၀က်ကျိုးလာသည်နှင့်အမျှ ဘုရားသာသနာသည်လည်း အဖက်ဖက်မှ ဆုတ်ယုတ်လျက်ရှိသည်။ ယနေ့ နအဖခေတ်မှာကား အဆိုးဆုံးပင်ဖြစ် သည်။ ရတနာသုံးပါးထဲတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာရတနာ သည် ကွယ်လုဆဲ ဖြစ်နေပါသည်။
အဆိုးဆုံးဟုပြောရလောက်အောင် ခေတ်အဆက်ဆက် ဘယ်မင်းဘယ် ပုဂ္ဂိုလ်မှ မလုပ်ခဲ့ဖူးသော သံဃာအပေါင်းကို အတုဆိုပြီး ရိုက်သတ် လိုက်ခြင်းပင်။ ပညာကျော် နအဖကား အတုနဲ့အစစ်ကို ဘယ်လိုခွဲလိုက် သည်မသိပါ။ ပြည်သူတွေကြားမှတော့ အတုအစစ် ပြသာနာသည် တော် တော်ကြီး ဂယက်ရိုက်ခတ်သွားခဲ့ပါသည်။
တချို့ပြည်သူများဆိုလျှင် မိမိတို့ တစ်သက်လုံးထိုင်ကန်တော့ ကိုးကွယ်လာခဲ့သော ရဟန်းတော်များသည် နအဖ၏ အတုစာရင်းထဲ ပါသွားသဖြင့် ဘာမှအကျိုးမရှိ ဖြစ်ကုန်လေ၏။ ထို့ကြောင့် ပြည်သူတွေ သံဃာ အစစ်အမှန်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရအောင် ဒီပုဂ္ဂိုလ်တွေက သံဃာအတု ဖြစ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ သံဃာအစစ်တွေပါဆိုပြီး နအဖဘက်က ဆက်လက်ဆောင်ရွက် ပေးသင့်ပေသည်။
နအဖသည် အတုကို ဖော်ထုတ်ခဲ့ပြီး အစစ်ကိုတော့ မဖော်ထုတ်ခဲ့ပေ။ အတုနဲ့အစစ်ကို ဘယ်လိုခွဲခြားကြမလဲ။ ရေသန့်ဗူးနဲ့ ပစ်လို့ မှန်နှစ်ချပ် ကွဲသွားတာကို မကျေမနပ်ဖြစ်ပြီး အရေးယူပေးဖို့ တောင်းဆိုတဲ့ သာသနာပိုင်ကို သံဃာအစစ်လို့ ခေါ်ဆိုနိုင်မလား။ ဒါမှမဟုတ် စစ်အစိုးရအလိုကျ ဆောက်ရွက်ပေးနေတဲ့ သူတွေကိုပဲ သံဃာ အစစ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်သူတွေအကျိုးကို လိုလားတဲ့ သူတွေကိုရော သံဃာလို့ မသတ်မှတ် တော့ဘူးလား။ နအဖကား ရည်ရွယ်ချက်ရှိရှိ သံဃာကို သင်းကွဲလိုက်လေပြီ။ ဘယ်ပုဂ္ဂိုလ်တွေက ငါ့ဟာ သံဃာအစစ်ပါလို့ လက်မထောင်ပြီး ကြွေးကြော်ဝံ့ပါသလဲ။ သာသနာ ထက်ဝက်ကျိုးလာသည်နဲ့အမျှ ရဟန်း အရေခြုံမျှသာဖြစ်သော ဒုဿီလရဟန်း (ရဟန်းနဲ့တူသောအရာဆိုလို့ အ၀ါရောင်မျှသာရှိသော ပုဂ္ဂိုလ်)တို့ တိုး တက်များပြားလာလိမ့်မည်။ ဒါဟာ အမှန်တရားပါပဲ အခြားတစ်ဘက်မှာလည်း မြတ်သော ရဟန်းအကျင့်ကို ကျင့်နေသည့်အပြင် သတ္တ၀ါတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးနေသော သံဃာပုဂ္ဂိုလ်မြတ်တွေဟာလည်း လက်ညိုးထိုးမလွဲအောင် ရှိနေပါသေးသည်။
ဤသို့ နအဖ၏ ပယောဂကြောင့် သာသနာညှိုးနွမ်းနေချိန်တွင် ဦးကျော်ဟိန်းသည် မြင့်မြတ်သော ရဟန်းဘ ၀ကိုခံယူပြီး သတ္တ၀ါတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးမည်ဟု ကြားသိရသောအခါ ကျွန်တော် အလွန်ဝမ်း သာမိပါသည်။ သို့သော် ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းရေးတွင် သဘောမကျစရာ အချက်တွေကို ကျွန်တော် တွေ့လာရပါသည်။ သူတောင်းစားတစ်ယောက်နှင့် တိုင်းပြည်ကိုစွန့်ပြီး ရဟန်းပြုလာသော ဘုရင် တို့တွင် အကျိုးဖြစ်သော ရဟန်းဖြစ်လာခြင်းသည် အတူတူပင်ဆိုငြား လူအများ၏ စိတ်ဝင်စားမူသည် တူညီ လိမ့်မည်မဟုတ်ပါ။ ထိုနည်းတူစွာ ယနေ့ပေါ်ပြူလာခေတ်တွင် ရုပ်ရှင်နယ်ပယ်၌ ထင်ရှားကျော်ကြားနေသော ဦးကျော်၏ ရဟန်းဘ၀ ကူးပြောင်းမှူကို လူအများ စိတ်ဝင်စားလျက်ရှိသည်။
သည်တွင် ကျွန်တော် ပြောရပေတော့မည်။ ဦးကျော်သည် မိမိရဟန်းပြုခြင်းကို ကြေညာမောင်းထုနေသည်ဟု ကျွန်တော် ရိုးရိုးလေးမြင်သည်။ ဦးကျော်၏ ရဟန်းပြုခြင်းသည် ထင်ပေါ်ကျော်စောခြင်းကို လိုချင်လို့လား၊ ရဟန်းပြုခြင်းသည်ကား သာမန်လူပုဂ္ဂိုလ်တို့ မကျင့်နိုင်သော မြင့်မြတ်သည့် အကျင့်ကို ကျင့်ရန်နှင့် မိမိ၏ ကိ လေသာကို ပယ်သတ်ရန်။
ရည်ရွယ်ချက် — ရဟန္တာ အရိယာ ပုဂ္ဂိုလ်ဖြစ်ရေးပင်။ ဤကား ဘုရားအကြိုက်၊ ရဟန်းပြုရခြင်းကို ဘန်းပြပြီး လူအများ စိတ်ဝင်စားအောင် ရုပ်ရှင်ရိုက်သလိုမျိုး Action များနဲ့ လူလုံးမပြသင့်ဟု ထင်ပါသည်။ ခုသတင်းစာ၊ စာစောင်များ၌ ဦးကျော်၏ နောက်ဆုံးနေ့များဆိုပြီး ခဏခဏ တွေ့နေရတော့ ဦးကျော် သေတော့မလားလို့ တောင် လူတွေက ပြောနေကြပြီ။
အကျိုးမျှော်တဲ့ စပွန်ဆာတွေကလည်း ပွဲလန့်တုန်း ဖျာခင်း၊ မီးလောင်ရာ လေပင့် လုပ်နေကြသည်ဟု ကျွန် တော်မြင်သည်။ ဒါတွေကို ထားပါတော့။ ဦးကျော်သည် စိတ်အကြောင်း ဆွေးနွေးခန်းဆိုပြီးတော့ လူတွေ နှင့်တရုန်းရုန်း လုပ်နေသည့်အပြင် ယခုနောက်ဆုံး မြန်မာပြည် တပတ်ပတ်ပြီး တရားပွဲများ ကျင်းပမည်ဟု သိရပါသည်။
ဦးကျော်သည် ဘယ်အကျင့်ကို ကျင့်ပြီး ဘယ်တရားကို ဟောပြောမှာပါလဲ။ ကျွန်တော် သတိပြုမိတဲ့ ပထမ တစ်ချက်က ဦးကျော်ပြောခဲ့သော "ကျွန်တော်ဟာ လောဘကင်းတဲ့ လူတယောက်" ဟု ဆိုခဲ့ခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်မျှသာ ဖြစ်သေးတဲ့ ဦးကျော်အတွက် ဒါဟာ အများကြီး စဉ်းစားစရာပါ။ ပုထုဇဉ် လူသား တစ်ယောက်ကို လောဘကင်းပြီလို့ တကယ်တမ်း ပြောလို့ရပါသလား။ ဦးကျော်လောက်ကို ထားဦး၊ ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ အရာအားလုံးကိုစွန့််ပြီး တောထွက်ပါတယ်။ သာမန်အမြင်အရဆိုရင် တော့ ဒါဟာ လောဘကင်းပြီလို့ ထင်စရာပါ။ မဟုတ်ပါဘူးဗျ လောဘနောက်ကို လိုက်တာပါ၊ မိမိလိုချင်တဲ့ ဘုရားဆိုတဲ့ အရာနောက်ကိုလိုက်တာ ...။ အဲဒီမှာ လိုချင်တဲ့ ဘုရားမဖြစ်တော့ ဒေါသတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို လောဘ၊ ဒေါသနဲ့ပဲ ခြောက်နှစ်လုံးလုံး တရားအမှန်ကို ရှာမတွေ့ခဲ့ပါဘူး။
ဟုတ်ပါပြီ ... ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ရာဂ ကင်းပြီလို့ ပြောနိုင်ပါသလဲ ... ရဟန္တာအရိယာ မဖြစ်သေးသမျှ ဘယ်ပုဂ္ဂိုလ်ကိုမှ လောဘကင်းပြီဟု မပြောနိုင်ပါဘူး။ ကျွန်ုပ်တို့ အလှူ အတန်း လုပ်ခြင်းသည် လောဘကို ပယ်သတ်ရန်မျှသာ၊ လူတယောက် ဘာမှ မလိုချင်ခြင်းသည် ဘာမှ မရှိခြင်း ကြောင့်သာ၊ လောဘကို အမြစ်ပြတ် ပယ်သတ်ပြီး၍ကား မဟုတ်၊ အခြေအနေ အကြောင်း ကြောင်းကြောင့် လောဘစိတ်များသည် တဒင်္ဂမျှ ငုတ်လျှိုးနေခြင်းသာဖြစ်သည်။ တကယ်လို့ အကြောင်း တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင် သူတို့၏ လောဘစိတ်များဟာ ဒိုင်းခနဲ ပွင့်ထွက်လာတတ်ပါတယ် … လောဘစိတ် ကလေး ပယ်သတ်တာလောက်ကို ထားပါတော … ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင်မှ ငါဟာ အရိယာပုဂ္ဂိုလ် မြတ်ပါလို့ ဘာကြောင့် မကြွေးကြော်ကြပါသလဲ …
မြန်မာပြည်၌ ရဟန္တာဟု အထူးကျော်ကြားခဲ့သော ဆရာတော်ကြီးများသည်ပင် မိမိသည် အရိယာပုဂ္ဂိုလ်ပါဟု မကြွေးကြော်ခဲ့ကြပါ။ ပြည်သူအကျိုး၊ လောကအကျိုး၊ သာသနာအကျိုးကိုသာ အသက်ထက်ဆုံး ရိုးရိုးကုပ် ကုပ် မဆုတ်မနစ် ဆောင်ရွက်ခဲ့ကြပေသည်။
မိမိကိုယ်ကို လောဘကင်းပြီဟု ထင်ယောင်ထင်မှား ဖြစ်နေသော ဦးကျော်သည် ထိုဆရာတော်ကြီးများကို အတုယူသင့်ပေသည်။ နောက်ပြီးတော့ ဦးကျော်ကျင့်နေတာ ဘာအကျင့်လဲဆိုတာကို နည်းနည်းပြောပါရစေ။ မိမိအကျင့်နဲ့ ပတ်သက်ပြီး ဦးကျော်ဖြေခဲ့တာက "ငါ့စိတ်ကို ငါ သိနေတယ်၊ သိနေတယ် ငါသိနေတယ် သိနေတာကို ထပ်သိတယ်။ ဒါပေမယ့် ဒါဟာ သမထ မဟုတ်ဘူး" လို့ ဆိုခဲ့ပါတယ်။ သမထ မဟုတ်ရင် ဘာလဲ။ သတိပဋ္ဌာန်တရားလား သို့မဟုတ် မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးထက် ပိုကောင်းတာလား၊ ဦးကျော် ဖြေနိုင်ရပါမယ်။ ဦးကျော် ကျင့်နေသော "စိတ္တ၀ိသုဒ္ဓိ" ဆိုတဲ့ စိတ်စင်ကြယ်ခြင်းအကျင့်သည် သာသနာပ ကျင့်စဉ်တခုမျှသာ။ မဂ္ဂင်လမ်းနှင့် မိုးနဲ့မြေလို ကွာခြားပါသည်။ ထိုအကျင့်ကို အဆင့်ဆင့် ဆက်ပြီးကျင့်ရင် ဈာန်ရပြီး မြေလျှိုး၊ မိုးပျံနိုင်ရုံပါ။ သံသရာထွက်ရပ် လမ်းကိုထား၊ အပယ် (၄) ပါး တံခါးကိုတောင် မပိတ်နိုင်သေးပါ။
ဦးကျော်ရဲ့ ကျင့်စဉ်တခုလုံးမှာ ငါ့စိတ်၊ ငါသိ၊ ငါတတ်၊ ငါ့အကျင့်ဆိုသော ငါစွဲ အတ္တတွေနဲ့သာ ပြည့်နှက် နေတာကို တွေ့ရပါတယ်။ စိတ်ဟာ စိတ်၊ အသိဟာ အသိ၊ ကြားတာဟာ ကြားတာပဲ ဖြစ်ရပါမယ်။ ငါ ဆိုသော အတ္တကို ပယ်ရပါမယ်။ `ငါ´ သည် အပယ်သို့ သွားရာလမ်းဖြစ်ပြီး အတ္တကို မပယ်သတ်နိုင်သရွေ့ အပယ် ဘေးက ပြေးမလွတ်ပါဘူး။ ဒါကြောင့် ဦးကျော်ကိုယ်တိုင် အပယ်မပိတ်သေး၊ အပယ်ပိတ်တရား၊ နိဗ္ဗာန် ရောက်ကြောင်း တရားကို ရှင်းရှင်းလင်းလင်း မသိသေးဘဲနဲ့ သတ္တ၀ါတွေကို ဘာတရား သွားဟောမှာပါလဲ။ အပယ်ရောက်မယ့် တရားကို ဟောမှာလား။
လောကမှာ ဓမ္မနဲ့ အဓမ္မဆိုပြီး တရားနှစ်ပါးသာ ရှိပါတယ်။ မိမိကျင့်နေသော အကျင့်ဟာ ဓမ္မဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဓမ္မဖြစ်ရပါလိမ့်မယ်။ မြတ်စွာဘုရားတိုင်း၊ အရိယာပုဂ္ဂိုလ်တိုင်း သိခဲ့သော ဓမ္မသည် ကွဲပြားခြားနား မှုမရှိ။ အတူတူ တခုတည်းပင်ဖြစ်သည်။ ထို့ကြောင့် "ကျွန်တော် ကျင့်နေသော အကျင့်သည် ဘုရား၏ ဓမ္မနဲ့ ညီချင်မှ ညီလိမ့်မယ်" လို့ မပြောဆိုကောင်း မပြောဆိုအပ်ပါ ... ဦးကျော်။ ဓမ္မနဲ့ ညီကို ညီရပါလိမ့်မယ်။ ဒါမှမဟုတ်ရင် အဓမ္မအကျင့်သာ ဖြစ်လိမ့်မည်။ …… လူဝတ်ကြောင်ဘ၀မှာတော့ ဦးကျော်သည် ဘယ်အ ကျင့်ကို ကျင့်ကျင့်၊ ဘယ်ကောင်းမှု၊ မကောင်းမှုကို လုပ်ခဲ့လုပ်ခဲ့ ကျွန်တော် မဝေဖန်လိုပါ။ သို့သော် ဘုရား သားတော် ရဟန်းဘွဲ့ကို ခံယူပြီးသောအခါ၌ကား ဗုဒ္ဓလျှောက်ခဲ့သောလမ်း၊ ဗုဒ္ဓချမှတ်ခဲ့သော ၀ိနည်းနှင့်အညီ ဗုဒ္ဓကျင့်ခဲ့သော အကျင့်ကိုပဲ ကျင့်ရမှာပါ။
ဗုဒ္ဓသည် တရားကို ရှာနေဆဲ (၆) နှစ်လုံးလုံး ဘယ်သူ့ကိုမှ တရားမဟောခဲ့ပါ။ ယခု ရဟန်းပင် မဖြစ်သေးသော ဦးကျော်၌ကား တရားပွဲများသည် တပေါင်းလပြည့်နေ့အထိ Booking ပြည့်သွားပြီဟု ကြားသိရပါသည်။ မိမိ၏ Experience ဘ၀အတွေ့အကြုံကို ဟောပြောချင်ရင် သင်္ကန်းမ၀တ်ဘဲ လူဝတ်ဖြင့် ပိုသင့်တော်မှာပါ။ လူအများ၏ စိတ်၌လည်း ဦးကျော်၏ တရားကို နာကြားချင်တာထက် ရုပ်ရှင်မင်းသား ကျော်ဟိန်းကို မြင် ချင်တဲ့စိတ်က ပိုများနေမှာပါ။ သင်္ကန်းကို ရုံထားပြီးနောက် ရဟန်းအလုပ်ကို မလုပ်ဘဲ ကိုယ်ထင်ရာလျှောက် လုပ်နေမယ်ဆိုရင် "နောက်ဆုံး ကျော်ဟိန်းကနေ ရဟန်းဖြစ်မလာဘဲ အဓမ္မ ကျော်ဟိန်း (သို့) ပေါက်ကရ ကျော်ဟိန်း" သာ ဖြစ်လာလိမ့်မည်။
နောက်ဆုံးနေ့များနှင့် အလုပ်ရှုပ်နေသော နောက်ဆုံး ကျော်ဟိန်းကို နောက်ဆုံး ပြောချင်တာကတော့ … အလုပ်တကာ့ အလုပ်၊ အလှူတကာ့ အလှူထဲတွင် သာသနာအတွက် ရည်းစူးပြီး လှူသောအလှူ၊ သာသနာကို မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သော အလုပ်သည် ဘုရားအဆူဆူကို လှူရခြင်း သံဃာအပေါင်းကို လှူရခြင်းထက် အမြင့်မြတ်ဆုံးသော ကုသိုလ်အလုပ် ဖြစ်ပါသည်။ ဒီလောက်ဆိုရင် ဦးကျော် ဘာလုပ်သင့်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဦးကျော်ပြောသ ကဲ့သို့ အမိမြန်မာပြည်ကို ကျေးဇူးဆပ်ချင်သပဆိုရင် မိမိ၏ လွဲမှားနေတဲ့အယူ၊ အသိတွေကို စွန့်လွတ်ပြီး သျှင်ဦးဥတ္တမ၊ သျှင်ဦးဝိစာရ၊ သျှင်ဦးဥတ္တမသာရ စသော ဆရာတော်ကြီးများကဲ့သို့ သတ္တ၀ါအကျိုး၊ လောက အကျိုးနှင့် မြတ်ဘုရားသာသနာတော်ကြီးးကို မပျောက်ကွယ်အောင် ဦးလည်မသုန် ထမ်းရွက်နေသော သာသ နာ့ အာဇာနည် ရဟန်းကောင်း၊ ရဟန်းမြတ်တစ်ပါးဖြစ်အောင် ကြိုးးစားသင့်ပါသည်။ ထိုသို့သာ ဖြစ်လာခဲ့ရင် လူသားအားလုံးက ဦးကျော်ကို ထိခြင်းငါးပါးနဲ့ ဦးချကန်တော့ကြမှာပါ။
သို့သော် ယခုနောက်ဆုံး ကြားသိရသည်ကား ဦးကျော်သည် မိမိ၏ ရဟန်းခံ၊ ဆံချခြင်း အခမ်းအနားကို ပရိတ်သတ်အလယ်၌ စင်ပေါ်တက်ပြီး ပြုလုပ်မယ်လို့ ကြားသိရသလို ဆရာတော်ကြီး တစ်ပါးကလည်း ဦး ကျော်ကို ဆံချပေးဖို့ ငြင်းပယ်လိုက်ကြောင်း ၀မ်းနည်းဖွယ် ကြားသိရပါသည်။
အားလုံးကိုကျေးဇူးတင်လျက် …
ညမင်းသား
Sunday, September 14, 2008
ကျွန်တော်ကြားနေရသော ကျော်ဟိန်း၏ နောက်ဆုံးနေ့များ
Subscribe to:
Post Comments (Atom)
4 comments:
လိုရင်းတိုရှင်း ဝေဖန်ရရင်တော့ - ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာစောင့်တရားတွေကို မလေ့လာ မသင်ယူ မပြန့် ပွား မကျင့်ကြံရသေးခင် ဆံချ၊ သင်္ဃန်းဝတ်ပြီးတာနဲ့ တရားဟောမယ်ဆိုတော့ သာသနာ့အရေး ရင်လေးမိတယ်ဗျို့ ...
ဦးကျော်ရေ... လူ့ ဘ၀က ကျော်ကြားမှုတွေနဲ့ တော့ သာသနာကို ခုတုံးမလုပ်ပါနဲ့ ဗျာ၊ သြော် လောဘ ဒေါသ မောဟ ...
သိတ်တော့ထူးပါဘူးလေ၊ နအဖလက်ထက်မှာ သူတော်ကောင်းတွေ ပုန်းလျိုးကွယ်လျိုး၊ ဟိုမရောက် ဒီမရောက် သူတော်ယောင်တွေ စင်ပေါ်ရောက်နေတဲ့ သာသနာပျက် ခေတ်ပျက်ကြီးပေကိုး...
အော်... စက်တင်ဘာလည်း တစ်နှစ်ပြည့်ပြန်ပြီ
ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ။
သိပ်ကောင်းတဲ့ ဆောင်းပါးပါပဲ..... သာသနာအတွက် ရင်လေးစရာကောင်းတဲ့ အခြေအနေမှာ.. အရူးလိုလို ဘာလိုလိုနဲ့ နံမည်ကြီးအောင် ဝင်လုပ်နေတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ ထင်စရာ ဖြစ်နေပြီ...... အကျင့်ကောင်းအကျင့်မြတ်မရှိပဲ ရှိသယောင်ယောင် ဟောပြောရင်တော့... သင်္ကန်းဝတ် ရဟန်းတစ်ပါးအနေနဲ့ ပိုပြီး အပြစ်ကြီးပါတယ်.... ငရဲမကြောက်ရင်တော့ ဆက်လုပ်ပါ ဦးကျော်လို့ပဲ... ပြောချင်တော့တယ်......
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိစ။
သူတပါးအပြစ်ကိုလည်း မကြည့်နဲ့ ၊
သူများတွေ ဟိုဟာလုပ်၊ ဒီဟာလုပ်နေတာတွေကိုလည်း မကြည့်ပါနဲ့ ၊ ကိုယ့်ကိုယ်တိုင် ငါဘာတွေတော့ လုပ်နေတယ်၊ ဘာတွေတော့ မလုပ်ဘူးဆိုတာကိုသာ ကြည့်ပါတဲ့။
ပေါက်တကရလုပ်တတ်တဲ့ ကျော်ဟိန်းပါ...။
အခုကထဲကမဟုတ်ပါဘူး..။ဟိုးအရင်ထဲကပါ..စာပေဟောပြောတစ်ခုမှာ ကျော်ဟိန်းက အရင်ဟောတယ်..နောက်မှ စာရေးဆရာကြီးတွေဟောတယ်တဲ့ ရှေ့ကနေ စာပေဟောပြောပွဲမှာ စာပေအကြောင်း မဟောခဲ့တော့ ဆရာမောင်သော်ကအလှည့်မှာ ဆရာက စင်ပေါ်လဲ ရောက်ရော စာပေဟောပြောပွဲနဲ့ တရားပွဲနဲ့ မှားပြီးလာခဲ့မိသလားမသိဘူးလို့တောင် ရီစရာပြောတယ်..။အဲဒီလို..သောက်တလွဲ တွေလုပ်တဲ့ ကျော်ဟိန်းလေ...မရှက်တာတော့ အဟုတ်...။
Post a Comment