Thursday, August 14, 2008
နှလုံးသားထဲကို ရေမသွန်ပါနဲ့ (ကဗျာ)
(၁)
အကွက်ကျကျ အရက်မူးခဲ့သူပါလို့
မကြာခဏ ပြောတတ်တာကို လက်ခံကြ
သူလည်း တို့လို
လေကိုဆန် ပျံတတ်ခဲ့ကြတာပဲလေ
အတောင်ပံမရှိတာ တစ်ခုပဲ
နှလုံးသားထဲကို ရေမသွန်ပါနဲ့
ဒီညတွေဟာ သူခိုးညတွေလား
တန်ဆောင်မုန်းလပြည့်ညအိမ်ထဲ
သူခိုးတွေ ဆင်းချလာတတ်သလား
သူခိုးတွေလည်း မယ်ဇလီဖူးသုပ်လို
ဆေးဖက်ဝင်မှာပါ
နက္ခတ်တာရာ စုံနေတာပဲဟာ
အချိန်တိုင်း အချိန်တိုင်း အညွန့်ချိုးခံရ
အိပ်ရတဲ့ညဆိုရင်
နှစ်သုံးဆယ်ပဲရှိသေးတယ်
ဘ၀မှာ
တပည့်တပန်းဆိုလည်း
လောကဓံတရားပဲ ရှိသေးတယ်
အင်ဂျင်ကိုင်တဲ့အခါ သတိထားဖို့က
သံတုံးသံခဲတွေမှာ သွေးသားမရှိတော့
ဟက်တက်ကြီးပွင့်သွား
ကိစ္စမရှိဘူးလို့ မပြောနဲ့လေ
နှလုံးသားထဲကို ရေမသွန်ပါနဲ့
အဏ္ဏ၀ါကို အလုပ်အကျွေးပြုသူပါ
မင်းသားကြီး အောင်မောင်းဟာ
ခေတ်ပေါ်မဟုတ်တော့ဘူး
ခင်ဗျားအိမ်ကို ကျုပ်တို့လုံးဝမသောက်ခဲ့ဘူးလေ
မကုန်ရင်ထားခဲ့ပါ
ခင်ဗျားဝိညာဉ်ခွက်ကို မကုန်ရင်ထားခဲ့ပါ
ညကိုတော့ ကုန်အောင်
၀၀လင်လင် စားပစ်လိုက်ပါ
နှလုံးသားထဲကို ရေမသွန်ပါနဲ့။
(၂)
လူကောင်းရော လူရူးပါ နားမလည်ဘူး
ဒါပေမယ့်
ဒါ သူကြိုတင်စဉ်းစား ထွန်ယက်ခဲ့တာပေါ့
ဒါတော့ သေချာတယ်
ဒီစကြ၀ဠာကြီးထဲမှာ
သူဝင်ရောက် ကပြရတဲ့အခန်းက
အရည်အငွေ့ စီးဆင်းဖိတ်လျှံပြီး
အားပါးတရ ယုယပိုက်ထွေးခြင်းတွေပါပဲ
အတူကဖို့ သူခေါ်တဲ့အခါ
ပက်ပ်စီအတွေ့ထူးလေးနဲ့ သူမွေ့နေတာ
တွေ့ရမှာပဲ
နှလုံးသားထဲကို ရေမသွန်ပါနဲ့။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 2:43 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment