Wednesday, August 13, 2008

မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ (ကဗျာ)

မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ
မောင်ချောနွယ်

ဘ၀ဟာ …
ဆေးဆိုးပန်းရိုက် ပိတ်သားတစ်စတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။

လူတွေရဲ့ အထင်သေးမှုကို ခံယူပါ
(ဒါဟာ လူဖြစ်ကြောင်း သိအောင်
ကြိုးစားခဲ့တာလို့
ပြောပြလို့ရသေး)။
အဲလို ကိုယ့်အပေါ်
အထင်သေးမှုတွေကို ပေးချေ
ပြီးရင်
ကိုယ့်ရသင့်တာ ကိုယ်ပြန်ယူခဲ့နိုင်ကြဖို့ပဲ။
အချို့လူတွေ လူမုန်းခံရတာကိုက
သူ့အတွက်
ကိုယ်ရသင့်တာ
ငွေတွေ သောက်သောက်လဲ ရစေခဲ့သတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။

မိတ်ဆွေတစ်ယောက်ရဲ့ အောင်မြင်မှုဟာ
အရက်တစ်လုံးတောင်မှ
မဖြစ်ခဲ့ဘူးတဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။

ကိုယ့်အိမ်က တန်ဖိုးအရှိဆုံးပစ္စည်း
ဒီပစ္စည်းမှ ရွေးပြီး
အတိအကျ အမိအရ ခိုးသွားနိုင်သူ
ဒီသူခိုး
ဒင်းကို
အတိအကျ ကျေးဇူးဥပကာရ တင်ရှိရမယ်
သိကြ
ကိုယ့်ဂုဏ်သိက္ခာ မြင့်မားအောင်
မြှင့်တင်ပေးတယ်လို့ပေါ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းအရ။

နှင်းဆီဟာ
သောက်လို့ကောင်းတယ်
လမင်းဟာ
ဆေးစပ်ကောင်းတယ်
နွားဟာ
ဆေးစပ်ပြင်းပြင်းနဲ့
သောက်လို့ကောင်းတယ်။

လမ်းမတွေဟာ
သင်ခန်းစာတွေဖြစ်တယ်
သင်ခန်းစာတွေဟာ
လမ်းမတွေဖြစ်တယ်
မစ္စတာ ဒဗလျူကလက်ဟာ
ချည်မျှင်နဲ့ အထည်ကို မှတ်တမ်းတင်ခဲ့တယ်ပေါ့။

ဘ၀နဲ့ မျှော်လင့်ချက်ဟာ
မျှော်လင့်ချက်နဲ့ အသက်ရှင်မှုဟာ
လူတွေက လူမျက်နှာကို မကြည့်ခဲ့တာဟာ
ချည်မျှင်နဲ့ အထည်ကိစ္စဆိုတာ မသိခဲ့
ဒါကြောင့်ပဲ
မစ္စတာ ဒဗလျူကလက်နဲ့
မစ္စတာ ဒဗလျူကလက်ရဲ့ မှတ်တမ်းကို
မှတ်တမ်းတင်လိုက်မိပါရဲ့။ ။

မောင်ချောနွယ်

No comments: