Tuesday, July 15, 2008
နအဖစစ်ဖိနပ်အောက်မှ အဆိုးဝါးအနိမ့်ကျဆုံး မြန်မာပြည်ပညာရေး
(၂၀၀၅ခုနှစ် စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)
နအဖစစ်အစိုးရဟာ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တာ (၁၇)နှစ် ရှိခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် ဘာတစ်ခုမှ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ တနေ့တခြား ပိုပိုပြီးဆိုးဝါး တဲ့ အထွေထွေ ချွတ်ခြုံကျမှုဆီကိုသာ ဦးတည်ပို့ဆောင်နေတာ တွေ့ရတယ်။ သူတို့လက်ထဲ အာဏာမြဲဖို့ ကိုသာ အဓိကထား လုပ်ဆောင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အခြားကဏ္ဍအသီးသီးကို ဗိုလ်နေ၀င်း ဖျက်ဆီးခဲ့တာထက် အဆပေါင်းများစွာ သာလွန်အောင် ဖျက်ဆီးခဲ့ပြီ ဖြစ်တယ်။ တိုင်းပြည်ဟာ တစ်ကိုယ်လုံး ၀ဲစွဲတဲ့ လူလိုဖြစ်နေတယ်။ အဘက်ဘက်က ပျက်စီးယိုယွင်းနေ တာကို ရင်နာဖွယ် ရင်နင့်ဖွယ် မြင်တွေ့နေရတယ်။ အဲဒီလို ကဏ္ဍအသီးသီး ပျက်စီးယိုယွင်းနေတဲ့ အထဲက မြန်မာပြည် ပညာရေးကဏ္ဍအကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်။
နအဖလက်အောက်မှာ ပညာသင်နိုင်တာ ဘယ်သူတွေလဲ
နအဖစစ်အစိုးရရဲ့ လက်အောက်မှာ ဆင်းရဲချမ်းသာ ကွာဟမှုဟာ သိသိသာသာ ကြီးမားလာတာ တွေ့ရတယ်။ လူလတ်တန်းစားအလွှာဆိုတာ ပျောက်သလောက် ဖြစ်လာပြီး ပိုက်ဆံချမ်းသာသူနဲ့ ဆင်းရဲသူ အလွှာနှစ်ခုသာ ထီးထီးကြီး တွေ့လာရတယ်။ ဘယ်လိုလူတွေ အဓိက ချမ်းသာနေသလဲဆိုတော့ ပြည်သူ့ဘဏ္ဍာတွေကို မတော်မတရား ရယူထားကြတဲ့ အစိုးရဋ္ဌာနဆိုင်ရာ အရာရှိတွေ၊ နအဖ စစ်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး အခွင့်အရေးယူ စီးပွားရှာနေတဲ့ လုပ်ငန်းရှင်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေ၊ အရက်ဆိုင် ဘီယာဆိုင် ပိုင်ရှင်တွေ၊ အပေါင်ဆိုင် ပိုင်ရှင်တွေနဲ့ လောင်းကစားဒိုင်တွေပဲ အဓိက ချမ်းသာနေတာ တွေ့ရတယ်။
သမာအာဇီဝနည်းနဲ့ စီးပွားရှာနေသူတွေက သူတို့တွေရဲ့နောက်မှာ ရောက်နေတယ်။ အဲဒီလို မတော်မတရားနည်းနဲ့ ချမ်းသာနေသူတွေရဲ့ သားသမီးတွေသာ ပညာရေးကို အကောင်းဆုံး သင်ကြားနိုင်ပြီး သာမန်ပြည်သူတွေရဲ့ သားသမီးတွေကတော့ ချို့ချို့ငဲ့ငဲ့ ပညာသင်ကြားနေရတာကို တွေ့ရတယ်။ ကျောင်းနေအရွယ် ကလေးအများစုဟာ ကျောင်းမတက်နိုင်ကြဘဲ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရအောင် အရွယ်မတိုင်မီ စီးပွားရှာနေကြရတယ်။
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက်ဆိုင် ဘီယာဆိုင်တွေမှာ (၁၀)နှစ်ဝန်းကျင် ကျောင်းနေအရွယ် ကလေးငယ်တွေ စားပွဲထိုး အလုပ်သမား လုပ်နေကြတာ တနေ့တခြား ပိုပိုများလာတာ တွေ့ရတယ်။ စစ်တပ်အတွင်းမှာလည်း ထိပ်ပိုင်းအာဏာရှိ ခေါင်းဆောင်တွေရဲ့ သားသမီးတွေသာ အကောင်းဆုံး ပညာရေးကို သင်ကြားနိုင်ပြီး အောက်ခြေစစ်မှုထမ်းတွေရဲ့ သားသမီးတွေကတော့ တချို့ဆို ကျောင်းတောင် မနေနိုင်ကြဘဲ အပြင်ထွက် အလုပ်လုပ်နေကြတာ တွေ့ရတယ်။ အဲဒါဟာ အာဏာဆုပ်ကိုင်ထားတဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်မှုထမ်းတွေကြား ခံစားရတဲ့ အခွင့်အရေးချင်း မိုးနဲ့မြေလို ကွာခြားနေတာကြောင့်ပဲဖြစ်တယ်။
နအဖရဲ့ ပညာရေးစနစ်က ဘာလဲ
နအဖစစ်ခေါင်းဆောင်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ခေါင်းဆောင်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့တဲ့ အရပ်သား ကျောင်းသားတွေအပေါ် တော်တော်ကြီး အငြိုးကြီးပုံရတယ်။ အရပ်သား ကျောင်းသားတွေကို ဘာပညာမှ ဟုတ်တိပတ်တိ မတတ်အောင် ခိုးချပြီး စာမေးပွဲဖြေခွင့်ပြုကာ စာမေးပွဲအအောင်ပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ တိုင်းပြည်မှာ ပညာမတတ်တဲ့သူတွေများမှ အမှားအမှန်ကို တွေးခေါ်ဆင်ခြင်တတ်တဲ့သူတွေ မရှိမှ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်သူတွေ သူတို့ရေရှည်အုပ်ချုပ်လို့ ရမယ်လို့ တွေးမြင်ပြီး ခိုးချပညာရေးစနစ်နဲ့ အကွက်ချ ဖျက်ဆီးထားတာဖြစ်တယ်။
အစိုးရစစ် စာမေးပွဲတွေ နီးပြီဆိုရင် ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမတစ်ဝိုက်မှာ စာမေးပွဲဖြေရင် ခိုးချဖို့ မှတ်စုစာအုပ် သေးသေးလေးတွေ ပေါ်ပေါ်ထင်ထင် အော်ရောင်းနေကြတာ တွေ့ရတယ်။ သက်ဆိုင်ရာဋ္ဌာနတွေက ပေါက်ကြားတဲ့ မေးခွန်းတွေကို အပြင်ကျူရှင်ဆရာတွေက အားချင်းဖြေကြားပြီး ရောင်းစားကြတာ ဖြစ်တယ်။ ကျောင်းသားတွေက မနက်ဖြန်ဖြေမယ့် ဘာသာရပ်ကို မဖြေခင် တစ်ရက်အလို ညနေမှာ တိုးကြိတ်ဝယ်ယူနေကြတာ ဖြစ်တယ်။ ကျောင်းသားတွေရဲ့ အတွေးထဲမှာ စာကျက်စရာ မလိုဘူး။ စာတတ်စရာ မလိုဘူး။ ခိုးချပြီး စာမေးပွဲဖြေရင် အောင်တယ်ဆိုတဲ့ စိတ်ပဲ စွဲနေတော့တယ်။
စာမေးပွဲခန်းစောင့်တဲ့ ဆရာဆရာမတွေကိုလည်း ကျောင်းသားတွေ စာခိုးချရင် ပြဿနာမရှာဖို့ အမိန့်ထုတ်ထားတယ်။ ကျောင်းစစ်စာမေးပွဲတွေမှာတော့ ဆရာဆရာမတွေက တပည့်တွေကို မေးခွန်းပြန်ရောင်းစားတယ်။ ဆရာဆရာမတွေက လစာနဲ့ မလောက်ငှတော့ ကိုယ့်ကျောင်းက တပည့်တွေကို အခကြေးငွေယူပြီး ကျူရှင်ပြန်ပြရတယ်။ အဲဒီလို အရပ်သား ကျောင်းသားတွေရဲ့ ပညာရေးကို သုံးမရအောင် ဖျက်ဆီးထားတဲ့ နအဖရဲ့ ခိုးချပညာရေးစနစ်နဲ့ ကြီးပြင်းလာတဲ့ ကျောင်းသူကျောင်းသား တစ်နေ့တစ်ခြား များပြားလာတဲ့ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ အခြေအနေပါပဲ။
တပည့်ရှိရာ ဆရာလာရတဲ့ ပြောင်းပြန်ပညာရေး
မြန်မာ့ယဉ်ကျေးမှုထုံးစံအရ ပညာသင်ကြားရေးမှာ ပညာသင်ပေးမယ့် ဆရာထံကို တပည့်က လာရောက်ပြီး ပညာဆည်းပူးရတာ ဓမ္မတာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ တပည့်ရှိရာကို ဆရာကလာရတဲ့ ပြောင်းပြန်ပညာရေးစနစ် ပေါ်ထွန်းလာတယ်။ ငွေကြေးချမ်းသာတဲ့ အသိုင်းအ၀ိုင်းတွေက သူတို့သားသမီးတွေရဲ့ ပညာရေးအတွက် ဆရာတွေကို ကြိုက်ဈေးပေးပြီး အိမ်ခေါ်သင်တယ်။ ဆရာတွေက ကလေးတွေရှိရာကို တစ်နေကုန် အိမ်ပေါက်စေ့လှည့်ပြီး တစ်ယောက်ချင်း အချိန်ပေး သင်ကြားပေးရတယ်။
ငွေကြေးနဲ့ ချုပ်ကိုင်မှုကို ခံထားရတဲ့အတွက် ဆရာတွေဟာ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေရဲ့ မောက်မာတဲ့ ဆက်ဆံမှုကို ခံရတယ်။ အလွတ်ကျက် အာဂုံဆောင်ပြီး တစ်ပွဲတိုးနည်းနဲ့ စာမေးပွဲဖြေရတာကို ကျောင်းသားက သဘောကျတယ်။ ဆရာတွေကလည်း ကျောင်းသားအကြိုက်လိုက်ပြီး သင်ပေးရတယ်။ စာတတ်ဖို့ထက် စာမေးပွဲအောင်ဖို့သာ အဓိက သင်ကြားပေးနေရတာ တွေ့ရတယ်။
နအဖအသိုင်းအ၀ိုင်းအတွက် သီးသန့်ပညာရေး
ထိပ်ပိုင်းအာဏာရှိ စစ်ခေါင်းဆောင်တွေနဲ့ ငွေကြေးအမြောက်အမြား ချမ်းသာကြွယ်ဝသူတွေကတော့ သူတို့ရဲ့ သားသမီးတွေကို စင်္ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံတွေက ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ကျောင်းထားကြတယ်။ အဲဒီတော့ နအဖရဲ့ ပညာရေးစနစ်ဟာ ငွေကြေးချမ်းသာတဲ့ သူတွေသာ ပညာကောင်းကောင်း သင်ကြားနိုင်တဲ့ ငွေအဓိက ပညာရေးစနစ်ဖြစ်တယ်။ ငွေကြေးအမြောက်အမြား ချမ်းသာကြွယ်ဝသူတွေကလည်း အာဏာဆုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အသိုင်းအ၀ိုင်းတွေပဲဖြစ်တယ်။
သူတို့စစ်တပ်အသိုင်းအ၀ိုင်းအတွက် သီးသန့်စစ်တက္ကသိုလ်ပေါင်းစုံကို ဖွင့်လှစ်ပြီး အရပ်ဘက် တက္ကသိုလ်တွေထက် အဆများစွာသာတဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေနဲ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးတယ်။ တနည်းအားဖြင့် အစဉ်အမြဲ စစ်တပ်က ကြီးစိုးထားနိုင်ဖို့ စစ်တပ်အသိုင်းအ၀ိုင်းကို အရပ်သားတွေထက် သာလွန်အောင် ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်နေတာဖြစ်တယ်။
အရပ်သားများအတွက် အဆင့်နိမ့် ပညာရေး
နအဖစစ်ခေါင်းဆောင်တွေဟာ အရပ်ဘက် တက္ကသိုလ်တွေကိုတော့ တောကြိုခြုံကြားပို့ပြီး ဗရုတ်သုက္ခ ဖြစ်ကတတ်ဆန်းနည်းနဲ့ သင်ကြားကာ ဘာပညာမှ မတတ်ဘဲ ဘွဲ့တွေ ဗုံးပေါလအော ပေးပြီး အဆင့်အတန်း နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ပစ်တယ်။ အရပ်ဘက် ဘွဲ့ရကျောင်းသားတွေဟာ ပညာကို သေသေချာချာ အဆင့်မြင့်မြင့် မတတ်မြောက်ခဲ့တဲ့အတွက် သူတို့ရဲ့ အနာဂတ်ဟာ အာမခံချက်ရှိတဲ့ အနေအထား မတွေ့ရဘူး။ အဓိကကျတဲ့ နေရာကောင်းတွေကို နအဖအသိုင်းအ၀ိုင်းက လူတွေကသာ လက်ဝါးကြီးအုပ် ရယူထားကြတော့တယ်။ အရပ်ဘက် ကျောင်းသားတွေရတဲ့ ဘွဲ့ဆိုတာ အိမ်ဧည့်ခန်းမှာ အလှဓာတ်ပုံ ချိတ်ဆွဲဖို့လောက်ပဲ ဖြစ်တော့တယ်။
မြန်မာပြည်ပညာရေးကို နအဖ အကွက်ချ ဖျက်ဆီးခဲ့တာဖြစ်တယ်
ခြုံပြီးပြောရရင်တော့ နအဖ စစ်ခေါင်းဆောင်တွေဟာ သူတို့ရေရှည်အုပ်စိုးဖို့အတွက် သူတို့အုပ်စု အမျိုးအနွယ်တွေရဲ့ ပညာရေးကိုသာ ကောင်းမွန်အောင် အဓိကထား လုပ်ဆောင်ပြီး အရပ်သားတွေရဲ့ ပညာရေးကိုတော့ သုံးမရအောင် အကွက်ချ ဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်။ အဲဒီလို ယုတ်မာတဲ့ အကြံအစည်နဲ့ လုပ်ဆောင်ခဲ့ခြင်းဟာ အရပ်ဘက် ကျောင်းသားမျိုးနွယ်တွေအပေါ် နိုင်ငံရေးအရ အငြိုးအတေး ထားတာရယ်၊ တိုင်းပြည်မှာ ပညာမတတ်တဲ့သူတွေပေါမှ သူတို့စိတ်ကြိုက် ရှေရှည်အုပ်ချုပ်လို့ရမယ်လို့ မိုက်မဲစွာ တွေးကြံထားတာရယ်ကြောင့်ဖြစ်ကြောင်း စေ့ငုတင်ပြလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment