မနက်လင်းပြီဆိုတော့ …
ကမ္ဘာကြီးနဲ့အတူ အိပ်ရာထ
ကမ္ဘာကြီးနဲ့အတူ မျက်နှာသစ်
ကမ္ဘကြီးနဲ့အတူ လမ်းလျှောက်ထွက်ခဲ့တယ်ပေါ့။
ကမ္ဘာကြီးက မနက်ခင်းကိုကြည့်
ကမ္ဘာကြီးက သူ့ကမ္ဘာကြီးကို သူကြည့်
ငါကတော့
ကမ္ဘာကြီးကိုကော သူ့ကမ္ဘာကြီးကိုကော ကြည့်ရင်းပေါ့။
ကမ္ဘာကြီးက မနက်ခင်းအတွက် ကော်ဖီတစ်ခွက်တဲ့။
ကမ္ဘာကြီးက ကော်ဖီသောက်တယ်။
ငါကတော့ ကမ္ဘာကြီးအတွက် မောနင်းပက်ပေါ့။
ကမ္ဘာကြီးအတွက် မောနင်းပက်ကို
စီးကရက်တစ်လိပ်နဲ့ စတင်
ငါတို့တွေ အောင်မြင်ပျော်ရွှင် ရယ်မောဖို့
အသံထွက်ခပ်ညံ့ညံ့နဲ့ ကံကြမ္မာ
တစ်နေ့ထက်တစ်နေ့ သစ်လွင်လာတဲ့
သစ်သစ်လွင်လွင် ဒဏ်ရာတွေ
ဘယ်လောက် စုဆောင်းမိပြီလဲ၊
ဘ၀က စီးကရက်ခိုးငွေ့တွေ ပွတ်သပ်မိရင်း
ဟုတ်တယ် …
ငါတို့တတွေ …
ကမ္ဘာကြီးအတွက် မောနင်းပက်တွေ သောက်သင့်တယ်
ဒီလိုမျိုး …
ကမ္ဘာကြီးအတွက် မောနင်းပက် သောက်တယ်ဆိုတာ
သိပ်ကောင်းမြတ်တဲ့ အချက်အလက်တစ်ခုလို့
ငါတို့တွေ သိခဲ့တာအတွက်လည်း
ကမ္ဘာကြီးက ကျေးဇူးတင်မဆုံး ရှိနေမှာပါ။
ဟုတ်တယ် …။
ကမ္ဘာကြီးအတွက် မောနင်းပက်တွေ သောက်ရမယ်
ဘာကြောင့်လဲ သိလား
ငါတို့တွေဟာ အကောင်းဆုံး အချက်အလက်တွေသိတဲ့
အမျိုးကောင်းသားတွေဖြစ်လို့
ဒါပေမယ့် အမျိုးကောင်းတွေဟာ
အမျိုးကောင်းရုံကလွဲပြီး
ဘာမှမကျန်တော့ဘူးဆိုတာ ကမ္ဘာကြီး မသိစေနဲ့။ ။
မောင်ချောနွယ်
Tuesday, July 15, 2008
ကမ္ဘာကြီးအတွက် မောနင်းပက် (ကဗျာ)
Posted by ဒေါက်တာလွဏ်းဆွေ at 6:01 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment