Wednesday, July 16, 2008
မမတင်ရဲ့ ကျောင်းကလေး (ကဗျာ)
နေတဖွေးဖွေး လေတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
သဲတဖွေးဖွေး ဖုံတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး။
မမတင်ရဲ့ ကျောင်းကလေးမှာ
ထန်းပင်တွေကလည်း လက်ပိုက်ပြီး တန်းစီရပ်လို့
တစ်ဘ၀လုံးပဲ မမတင်ကျောင်းက မထွက်တော့ဘူးတဲ့၊
တစ်သက်လုံးပဲ မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်မတဲ့။
ထန်းသီးတွေကလည်း အပြွတ်လိုက် အခိုင်လိုက်
သီးလို့၊
မမတင်ရဲ့ ကျောင်းမှာလည်း
ကျောင်းသားတွေက အပြွတ်လိုက် အခိုင်လိုက်
သီးလို့၊
ယာကွက်ကလေး တစ်ကွက်ကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းတက်လို့
မြေပဲနဲ့ ပဲစဉ်းငုံတွေကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းလာတက်လို့၊
ဟိုတောင်ဘက်က ဂေါင်းနီတောင်ကလည်း
မမတင်ကျောင်းကို တက်ချင်ရက် မတက်ရလို့
တစ်ဘ၀လုံး တစ်သက်လုံး ဆွေးနေရပါပြီ … တဲ့။
မမတင်ရဲ့ ကျောင်းကလေးကို
လှမ်းမျှော်ငေးလို့။
ပုပ္ပါးတောင်ကြီးကတော့
မမတင်ရဲ့ ကျောင်းထွက်ကြီးပေါ့
မမတင်ရဲ့ ကျောင်းသားဟောင်းကြီးပေါ့
ခုလည်း မမတင်ကျောင်းကို ငေးကြည့်
တစ်ဘ၀လုံး ပီတိတွေနဲ့
မမတင်ကျောင်းကလေးကို
မြိန်မြိန်ကြီးငေးလို့။
မမတင် ကျောင်းလာရင်
သူများမိန်းကလေးတွေလို
ရွှေတွေ ငွေတွေ ဖိတ်လက်နေအောင် ၀တ်စားမလာဘူး။
စေတနာရယ်
ဝါသနာရယ်
အနစ်နာရယ်
နာသုံးနာကို
ဖိတ်လက်ရွှန်းတောက်နေအောင် ၀တ်စားလာတယ်။
မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်က
လင်မယူ သားမမွေး
အနာဂတ်သစ်တွေကို မွေးတယ်
စာကျက်သံ စာအံသံ တညံညံတွေကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်။
မမတင်ရဲ့ ကျောင်းကလေး မြောက်ဘက်မှာ
သင်္ချိုင်းထဲက အုတ်ဂူတွေဟာ
အဝေးပြေး ကားဂိတ်ထဲမှာ
ကားတွေ တန်းစီဂိတ်ထိုးသလိုပဲ
မမတင်ကျောင်းကလေးမှာတော့
အဝေးပြေးတေးသံတွေ ဆော့ကစား ပျော်ပါးလို့ပေါ့ ။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 12:24 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment