ဒေါက်တာလွဏ်းဆွေ
(၂၀၀၆ ခုနှစ်၊ မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
ပြီးခဲ့တဲ့ မတ်လအတွင်းက နိုင်ငံတကာအသိုင်းအ၀ိုင်းကြားမှာ သိုးမည်းလိုဖြစ်နေတဲ့ နအဖစစ်အစိုးရဆီ အာရှ နဲ့ အရှေ့တောင်အာရှက နိုင်ငံ့ခေါင်းဆောင်တချို့ ဆေးဖော်ကျောဖက်လုပ်ပြီး လာရောက်လည်ပတ်ခဲ့ကြတာ ကို တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ အထင်ကရ ခေါင်းဆောင်တွေကတော့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူစီလိုဘမ်ဘန် ယူဒိုယိုနိုနဲ့ အိန္ဒိယနိုင်ငံသမ္မတ အေပီဂျေအဗ္ဗဒူကာလမ်တို့ ဖြစ်ပါတယ်၊၊ အဆိုပါခေါင်းဆောင်နှစ်ဦး ရှေ့ဆင့် နောက်ဆင့်ဆိုသလို လာရောက်လည်ပတ်ခဲ့ကြတဲ့ ခရီးစဉ်တွေဟာဖြင့် ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ အတိုက်အခံအင်အားစုတွေကြားမှာ အထူးလှုပ်ခတ်တဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။ လာရောက်လည်ပတ်ကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ နအဖစစ်အစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်မှုတွေ နှောင့်နှေးနေ တာကို တွန်းအားပေးဖို့ လာရောက်လည်ပတ်ကြတာလား၊ နအဖနဲ့ပူးပေါင်းပြီး အကျိုးစီးပွားရှာဖို့ လာရောက် မိတ်ဆွေဖွဲ့ကြတာလားဆိုတာ ဒီမိုကရေစီတိုက်ပွဲဝင် အတိုက်အခံအင်အားစုတွေကြားမှာ အထူးစိတ်ဝင်တစား မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
ဧည့်သည်သမ္မတနှစ်ဦးစလုံးဟာ အလည်အပတ်ခရီးစဉ်အတွင်း ဒီမိုကရေစီအသွင်ကူးပြောင်ရေး လုပ်ဆောင်ဖို့ နအဖကို ကူညီမယ့်အကြောင်း ပြောကြားသွားကြပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံ ကူညီမယ်ဆိုတာကို အ သေးစိတ် သတင်းမထုတ်ပြန်ပုံထောက်ရင် အလည်အပတ်ရောက်တုန်း (နိုင်ငံတကာကလည်း ကြားကောင်း အောင် ဖိတ်ကြားတဲ့ အိမ်ရှင်နအဖစစ်အုပ်စုနဲ့လည်း မျက်နှာမပျက်ရအောင်) သံခင်းတမန်ခင်းအရ ပြောကြား သွားတဲ့ သဘောသာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
တကယ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဆိုပါသမ္မတနှစ်ဦး ကူညီရမှာက နအဖစစ်အုပ်စုကို မဟုတ်ပါဘူး။ နအဖစစ်အုပ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းချင်တဲ့သူတွေ မဟုတ်ပါဘူး။ နအဖဟာ မြန်မာ ပြည် ဒီမိုကရေစီနိုင်ငံ မဖြစ်ရေးကို နည်းအမျိုးမျိုးနဲ့ ဟန့်တားဖျက်ဆီးပြီး လက်နက်အားကိုးနဲ့ ဆက်လက်ဖိနှိပ် အုပ်ချုပ်နိုင်ရေးအတွက်သာ ကြိုးစားလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီမိုကရေစီကို အမှန်တကယ် လိုချင် သူတွေက အတိုက်အခံဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာပြည်သူတွေပါ။ ၄၄နှစ်ကျော်ကြာ စစ်အုပ်စုအဆက် ဆက်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ပြီး လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို ထူထောင် နိုင်ဖို့ တိုက်ပွဲဝင်နေကြသူတွေပါ။
အဆိုပါ သမ္မတတွေအနေနဲ့ အမှန်တကယ် စေတနာရှိတယ်ဆိုရင် (နအဖစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဖိအား ပေးပြီး) ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ မြန်မာပြည်သူတွေကို ကူညီရမှာပါ။ အ လည်အပတ်ခရီးစဉ်အတွင်း ပြည်တွင်းမှာရှိတဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ပြီး တိုင်းပြည်ရဲ့ တကယ့်အဖြစ်မှန်တွေကို နားထောင်ရမှာပါ။ အဲဒီလို အဖြစ်မှန်တွေကို ဂဃနဏသိမှ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဘယ်လိုဘယ်ပုံ ကူညီရမယ်ဆိုတာကို သိနိုင်မှာပါ။ အခု တော့ နအဖဧည့်ခံတဲ့ အစီအစဉ်အတိုင်း အလိုက်သင့်လည်ပတ်ပြီး နအဖရဲ့လိမ်ဆင်ဖြစ်တဲ့ လမ်းပြမြေပုံ(ရ) ချက်ကိုပဲ နားထောင်ပြီး ပြန်သွားကြပါတယ်။ အလည်အပတ်ခရီးစဉ်အတွင်း နအဖနဲ့ အကျိုးတူစီးပွားရေး လုပ်ဆောင်ဖို့ သဘောတူစာ ချုပ်တွေကိုသာ အသီးသီး ချုပ်ဆိုသွားခဲ့ကြပါတယ်။
အဲဒီလိုနအဖကို အပြုသဘောဆက်ဆံတာတွေဟာ ဒီမိုကရေစီအသွင်ပြောင်းရေးအတွက် အဟန့်အတားပို ဖြစ် စေတယ်ဆိုတာကို အာဆီယံရဲ့အဖြစ်အပျက်တွေက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ နအဖစ်အုပ်စုဟာ ရသမျှဝင် ငွေတွေကို စစ်တပ်အင်အားကြီးထွားရေးအတွက် လက်နက်ဝယ်ယူတဲ့နေရာမှာသာ အသုံးချနေတာကို အပြုသ ဘော ဆက်ဆံချင်တဲ့ နိုင်ငံတွေအနေနဲ့ မသိမဟုတ် သိကြပါတယ်။ ဒါပေမယ့် အခုလာရောက်လည်ပတ်တဲ့ သ မ္မတနှစ်ဦးစလုံးဟာလည်း ဒီလမ်းကိုပဲ ဆက်လျှောက်ခဲ့ကြတာကိုကြည့်ရင် သူတို့ရဲ့ အလည်အပတ် ခရီးစဉ် တွေဟာ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူညီဖို့ဆိုတာထက် ကိုယ်ကျိုးစီးပွားလုပ်ဆောင်ဖို့အ တွက်သာ ရှေ့ရှုပြီး လာရောက်လည်ပတ်ခဲ့ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
အဆိုပါသမ္မတနှစ်ဦးရဲ့ အလည်အပတ်ခရီးစဉ်တွေအပြီးမှာ မြန်မာပြည်ဒီမိုကရေစီရေးကို လေ့လာဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာယက်ဟာမစ်အယ်လ်ဘာ ရောက်လာပါတယ်။ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးဟာ အာဆီယံအဖွဲ့ရဲ့ကိုယ်စားလှယ်အနေနဲ့ လာရောက်ခြင်းဖြစ်ပါတယ်။ အဲဒီလို လာရောက် ဖို့အရေးကို နအဖစစ်အုပ်စုက အမျိုးအမျိုး အဟန့်အတား လုပ်ခဲ့ပါသေးတယ်။ နအဖဟာ သူတို့အတွက် ဖိအား မဖြစ်စေလောက်ဘူးလို့ ယုံကြည်တဲ့ အင်ဒိုနီးရှားနဲ့ အိန္ဒိယသမ္မတတွေကို ဖိတ်ကြားဧည့်ခံပြီးမှ သူတို့ အတွက် ဖိအားဖြစ်စေမယ်လို့ တွေးထင်ထားတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကို ရက်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာလည်း အတိုက်အခံအင်အားစုတွေနဲ့ တွေ့ခွင့်မရဘဲ ခရီးစဉ်ကိုချုံ့ပြီး စောစီးစွာ ပြန်သွားခဲ့ရပါတယ်။ ဌာနေကို ပြန်ရောက်တဲ့အခါမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို လေ့လာဖို့သွားတဲ့ သူ့ရဲ့ခရီးစဉ်ဟာ မအောင်မြင်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ သင်္ကြန်အပြီး ဧပြီလ(၁၉)ရက်နေ့မှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာ နအဖစစ်အစိုးရကိုယ်တိုင်က အပြောင်းအလဲမလုပ်ချင်ဘူးဆိုရင် အာဆီယံအနေနဲ့ ဘာမှတတ်နိုင်မှာ မဟုတ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် (တကယ့်တော့ အာဆီယံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီချင်ရိုးမှန်ရင် အပြောင်းအလဲ မလုပ်ချင်တဲ့ နအဖကို အပြောင်းအလဲလုပ်လာအောင်၊ တွေ့ဆုံဆွေးနွေး ရေးစားပွဲဝိုင်းကို နအဖရောက်လာအောင် နည်းမျိုးစုံနဲ့ ၀ိုင်းပြီးဖိအားပေးကြရမှာပါ။ ဒါဟာ ဖြစ်နိုင်တဲ့နည်း လမ်းပါ။ အဲဒီလိုကူညီရမယ့်အစား ကျနော်တို့ ဘာမှမတတ်နိုင်ဘူးဆိုတော့ အားကိုးလောက်ပါပေတယ် အာဆီယံရယ်လို့ပဲ ပြောလိုက်ချင်တော့တယ်)။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မအောင်မြင်တာကိုကြည့်ရင် နအဖစစ်အစိုးရဟာ အာဆီယံရဲ့ဖိအား ကို လုံးဝဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်တယ်။ မတ်လဆန်းတုန်းက အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး လာ ရောက်တဲ့ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့နှစ်ဦး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ မြန်မာနအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကိုလည်း နအဖက တုန့်ပြန်ခြင်းမရှိဘဲ လျစ်လျူရှုခဲ့တယ်။ ဒါဟာ နိုင်ငံတကာဖိအားကိုလည်း ဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်ပြန်ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပျော့ပျောင်းညင်သာတဲ့ ပြည်ထောင်စုနေ့ ထုတ်ပြန်ကြေညာချက်ကိုလည်း အကြောင်းပြန်ကြားခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း နအဖနိုင်ငံခြားရေးဝန်ကြီးက ဘယ်သူဘာပြောပြော သူတို့ရဲ့ (ဘယ် သူမှ အသိအမှတ်မပြု၊ မထောက်ခံတဲ့) လမ်းပြမြေပုံ(၇)ချက်အတိုင်းပဲ ဆက်သွားမယ်ဆိုတာကို ပြတ်ပြတ် သားသား ပြောကြားလိုက်ပြီဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီရေးပြဿနာမှာ နအဖဖက်က အဖြေကတော့ ရှင်းသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်မပေးဘူး၊ တွေ့ဆုံဆွေးနွေးရေးလည်း မလုပ်နိုင်ဘူး၊ မိုက်တွင်းနက်နက်ပဲ ဆက်တူးတော့မယ်ဆိုတဲ့ အဖြေပါပဲ။
အဲဒီတော့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဘက်က ပြတ်သားဖို့ပဲ ကျန်ပါတော့တယ်။ နိုင်ငံတကာဖိအား ဆိုတာကလည်း ‘ဘယ်ဆီဘယ်ဝယ် မှန်းဆကာတွေးမိတယ်’ ဆိုသလိုဖြစ်နေပြီး မျှော်လင့်ကောင်းတဲ့အရာ မဟုတ်တော့ပါဘူး။ အာဆီယံကိုယ်တိုင်က ဘာမှမတတ်နိုင်တော့ပါဘူးဆိုတာကို မျှော်ရင်းထိုင်စောင့်နေမယ် ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေ ပိုဒုက္ခရောက် တိုင်းပြည်အခြေအနေ အဖတ်ဆယ်မရအောင် ပိုပျက်စီးဖို့ပဲ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက် ဘယ်လိုပဲအလျှော့ပေးပြီး ကမ်းလှမ်းကမ်းလှမ်း ခေါင်းမာ မာနဲ့ ငြင်းဆန်နေတဲ့ နအဖကို ရင်ဆိုင်ဖို့နည်းလမ်းဟာ တစ်နည်းပဲ ရှိပါတော့တယ်။ အဲဒါကတော့ ထိပ်တိုက် တွေ့ပြီး ရင်ဆိုင်တဲ့နည်းပဲ ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းဟာ အန္တရာယ်များပြီး စွန့်စားမှုကြီးတာမှန် ပေမယ့် ဒီလမ်းကိုရွေးချယ်ရတာဟာ ခေါင်းမာပြီးမိုက်လုံးကြီးတဲ့ နအဖကြောင့် ရွေးချယ်ရတာပါ။ ရင်းနှီးပေး ဆပ်ရမှုတော့ ကြီးပါလိမ့်မယ်။ အဲဒါမှလည်း အောင်ပွဲကို အမြန်ဆုံးရနိုင်မယ့် အခြေအနေမျိုးကို ဆိုက်ရောက် နေပါပြီ။ မတတ်သာတဲ့အဆုံး နောက်ဆုံးပိတ် ရွေးချယ်ရတဲ့လမ်းပါ။ ဒီနည်းနဲ့ပဲ အာဏာရှင်ဗိုလ်နေ၀င်းနဲ့ မဆလ အစိုးရကို ဖြုတ်ချခဲ့ပြီးပါပြီ။ အခုအာဏာရှင် ဗိုလ်သန်းရွှေနဲ့ နအဖစစ်အစိုးရကို ဖြုတ်ချရမယ့် အလှည့် ရောက်လာပါပြီ။
ထိပ်တိုက်ရင်ဆိုင်တဲ့နည်းဟာ နှစ်ဆင့်ရှိပါတယ်။
ပထမအဆင့် - ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေေးကောက်ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့အတွက် ပြည်သူလူထုအများစုရဲ့ ထောက်ခံမှုအရ လုပ်ပိုင်ခွင့် အာဏာ (Mandate) အပ်နှင်းခြင်းခံရပြီးတဲ့ အဖွဲ့အစည်းဖြစ်နေပါပြီ။ အဲဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ အစိုးရဖွဲ့ဖို့နဲ့ လွှတ်တော်ခေါ်ဖို့ကိစ္စကို ဘယ်သူဆီမှ ခွင့်တောင်းနေစရာမလိုဘဲ လုပ်ဆောင်နိုင်ပါ တယ်။ အဲဒီလို ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရတစ်ရပ်ကို ကြေညာလိုက်ပြီဆိုတာနဲ့ အခုလက်နက်ကိုင်ပြီး တရားမ၀င်အုပ်ချုပ်နေတဲ့ နအဖစစ်အုပ်စု ဟာ အလိုလို သူပုန်ဖြစ်သွားပါပြီ။ အဲဒီအခါမှာ နအဖစစ်အုပ်စုက အကြမ်းဖက်ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းတာဆီးတာတွေလုပ်လာနိုင်ပါတယ်။ လုပ်လည်း သေချာပေါက်လုပ်မှာ ပါ။ အခုလို လည်စင်းပြီး တတိတိ အဖမ်းခံနေရတာထက်စာရင် ထိပ်တိုက်ရင်ဆိုင်ပြီး အဖမ်းခံရတာက ပိုပြီး ဂုဏ်သိက္ခာရှိပါတယ်။
ဒုတိယအဆင့် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို အကြမ်းဖက်တာနဲ့ နအဖဟာ ဖိအား နှစ်ခုကို မလွဲမသွေ ထပ်ပြီးရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပထမဖိအားက နိုင်ငံတကာဖိအားဖြစ်ပြီး ဒုတိယဖိအားက လူထုအုံကြွမှုဆိုတဲ့ ပွဲသိမ်းဖိအားပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖိအားဆိုတာကလည်း အိုးကပူမှ စလောင်းက လိုက်ပူတာမျိုးပါ။ အိုးကစပြီး ပူပေးဖို့ လိုပါတယ်။ အဲဒီလို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးအကြမ်းဖက်ပြီဆိုတာနဲ့ သူပုန်ဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နိုင်ငံတကာဖိအား အပြင် လူထုအုံကြွမှုနဲ့ပါ ထိပ်တိုက်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ပဲ အောင်ပွဲကို အရောက်လှမ်းဖို့ ရှိပါတော့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်တိုက်ရင်ဆိုင်မယ့်နည်းလမ်းကို ရွေးချယ်ပြီဆိုတာနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့ အစည်းအားလုံးကလည်း တညီတညွတ်တည်း ထောက်ခံ လိုက်ပါဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းဆိုတာ အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်ရတာဖြစ် တဲ့အတွက် မတတ်သာတဲ့အဆုံးမှ ရွေးချယ်ရတဲ့ ဆေးခါးကြီးတခွက်ပါ။ ဖြစ်နိုင်ရင် ထိပ်တိုက်ရင်ဆိုင်မယ့် နည်းလမ်းအစား နှစ်ဦးနှစ်ဖက် ပြေပြလည်လည်နဲ့ သက်သက်သာသာ ဖြစ်မယ့်လမ်းကိုပဲ ဘယ်သူမဆို လုပ် ဆောင်ချင်မှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တစ်လျှောက်လုံး ပျော့ပျောင်းညင်သာတဲ့လမ်းကိုပဲ ရွေး ချယ်လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ မိုက်လုံးကြီးတဲ့နအဖကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံအင်အားစုတွေအတွက် ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုတဲ့ နောက်ဆုံးလမ်းကို ရွေးချယ်ရုံမှ တပါး အခြားမရှိပြီဆိုတဲ့ အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Sunday, July 27, 2008
ထိပ်တိုက်ရင်ဆိုင်ခြင်း (သို့မဟုတ်) နောက်ဆုံးပိတ် ရွေးစရာလမ်း
Subscribe to:
Post Comments (Atom)
4 comments:
လွဏ်းဆွေ ရေ မင်းက ပြည်ပ ဘေးကင်းရာမှာ အေးအေး ဆေးဆေး နေပြီးတော့ ပြည်တွင်းမှာ ထောင်နားခမ်းဝမှာ လမ်းလျှောက် အလုပ်လုပ်နေတဲ့ လူကြီးတွေကို စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ချောက်တွန်းနေသေးတယ်။ ဟေ့လူ ခင်ဗျားပဲပြည်တွင်း ပြန်ဝင်ခဲ့ဦး။ ၀င်ရဲပါ့မလား။ ဖမ်းရင် နိုင်ငံရေး မလုပ်ရမှာ စိုးလို့ အကြောင်းပြချက် မပေးနဲ့။ ပြည်ပစစ်တပ်က ဖမ်းပေမယ့် ပြည်တွင်းမှာ ထောင်ထဲဝင်လိုက် ထွက်လိုက် နဲ့ နိုင်ငံရေး လုပ်နေတဲ့ လူတွေ အများကြီးပဲ။ အကြံပေး သလိုလို နဲ့ ပြည်တွင်းက လူတွေကို ချောက်လာမတွန်းနဲ့
မျိုးဆက်သစ်
မင်းတို့လိုကောင်မျိုးတွေဆီမှာ စကားပြောခဲတယ်ဟေ့။ မင်းကို post နဲ့ပြောဖို့အချိန်မရှိလို့ဒီမှာရေးလိုက်တာ။ စိတ်ထဲထင်ရာတွေရှောက်ပြောမနေနဲ့ဟ။ မင်းတို့အဲဒီလိုလုပ်နေလို့ ပြည်သူတွေအယုံအကြည်မရှိကြတော့တာ။
ဆ၇ာခင်ဗျား ဆ၇ာ့၇ဲ့အကြံပြုချက်များကိုကြိုဆိုပါတယ် ဒါပေ.မယ်.သွေးခွဲတဲ. personal ထိခိုက်မယ်.post တွေေ၇ှာင်သင်.ပါတယ် နိုင်ငံေ၇း သမိုင်းကိုလဲ သေချာပြန် ကြည့်ပါဦးခင်ဗျား NLD ကအမတ်တွေ parliament ခေါ်ဖို. ကြိုးစားလို.အဖမ်းခံ၇တာ 1990 ကတည်းကပါ ကလေးကလား ဆန်ပြီး Cbox မှာ block မလုတ်ပါနဲ.ဦးဆ၇ာ
မှန်ပါတယ်။ ဆရာလွဏ်းဆွေက အလွတ်သဘောအကြံ ပြု တာမျိုးလို့ ထင်ပါတယ်။ ကျွန်တော်အမြင်တော့ ၈၈ ပြီး နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့် ရင်
(၁) NLD လည်းကြိုးစားခဲ့ ပါတယ် လွတ်တော်ခေါ်ဖို့ကြိုးစားလို့ အဖမ်းခံရသူရှောင်တိမ်းရသူတွေ မနည်းပါဘူး
(၂) ပြည်သူတွေလည်း အရေးရယ်ဆို မတရားတာကို ခေါင်းငုံ့ မခံ တွန်းလှန်ရင် အသက်တွေပေးခဲ့ ပေါင်းလည်း မနည်းတော့ ပါဘူး
(၃) ငြိမ်းချမ်းတဲ့ နည်းနဲ့ စေ့စပ်ဖို့ စောင်းဆိုင်းခဲ့ တာကြိုးစားခဲ့ တာလည်း အကြိမ်းပေါင်းနည်းမယ်မထင်ပါဘူး (လူတစ်စုရဲ့ အတ္တကြောင့်ပျက်ပြယ်ခဲ့ ရတာဖြစ်တယ်လို့ ယုံကြည်တယ်)
ဒီလောက်လုပ်ခဲ့ တာကိုပဲ.. အာဏာရှင်က တစ်စတစ်စ ပိုပြီး ခိုင်မာလာတယ်။ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကို မကြည့် ပဲ ဒီအာဏာရှင်ကို သစ္စာခံတဲ့ အချောင်အခွင့်အရေးသမားတွေ ပိုများလာတယ်။ စိတ်ဓါတ်တွေပိုပြီးပျက်စီးလာကြတာကိုပဲတွေ့ ရတယ်။ တိုင်းပြည်က တဖြည်းဖြည်းပိုပြီး မွဲလာတယ်။ နောက်ကျသထက်ကျလာတယ်။ ပညာတတ်လူငယ်တွေလည်း ပြည်ပကိုရတဲ့နည်းနဲိ့ထွက်သထက်ထွက်လာတယ်။ ဒီအခြေကို ပြောင်းလဲဖို့ လိုအပ်နေတာ။ ဒီအာဏာရှင်တစ်စုကို ဖယ်ရှားဖို့ လိုအပ်နေတာကိုတော့ အသေအချာပါပဲ။ နည်းလမ်းရှာရပါမယ်။ တစ်ယောက်ထဲအကြံညဏ်နဲ့မရသလို. ညီညီညွတ်ညွတ်လုပ်ကြမှရပါလိမ့်မယ်။ အာဏာရှင်ကိုတော်လှန်တဲ့ အင်အားစုအားလုံးညီညွတ်မှု့  မရသ၍ မြန်မာပြည် ဒီအာဏာရှင်လက်အောက်မလွတ်ဘူးဆိုတာကျွန်တော်ပြောရဲ ပါတယ်။ အားလုံးရဲ့ အကြံညာဏ်တွေကိုလက်ခံပြီး အကောင်းဆုံးကို ပြင်ဆင်ရမှာမို့. ဆရာလွဏ်းရဲ့  အကြံပေးချက်ကိုလည်း လက်ခံကြို ဆိုသင့်ပါတယ် လို့ကျွန်တော်မြင်ပါတယ်။
Post a Comment