မောင်ဖိုတို
လွတ်မြောက်နယ်မြေမှာ မောင်ဖိုတိုနဲ့ ခင်မင်တဲ့ စာနယ်ဇင်းသမား မိတ်ဆွေတွေ တော်တော်များများ ရှိတယ် ခင်ဗျ။ မောင်ဖိုတိုလို ငမြောက်ငခြောက်ကလေး တစ်ယောက်အနေနဲ့ တိုင်းပြည်အတွက် ဟဲဗီးဝိတ် (ကြီးလေး တဲ့) တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ စာနယ်ဇင်းသမားတွေနဲ့ ဘယ်လိုဘယ်ပုံ ခင်မင်ခွင့်ရတာလဲလို့ မြောင်းနားမှာတွေပြီး ခေါင်းစားကာနေသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို တဆိတ်တွေနေတဲ့ မိတ်ဆွေ တွေကို မောင်ဖိုတို ရှင်းပြချင်ပါတယ်။ ဒီလိုပါခင်ဗျ။ မောင်ဖိုတိုဆီမှာ ဘကြီးဆီက အမွေရထားတဲ့ ဒစ်ဂျစ် တယ် ကင်မရာလေး တစ်လုံးရှိပါတယ်။ မောင်ဖိုတိုက မျောက်အုန်းသီးရသလို လက်ဆော့တတ်တဲ့ အကျင့် ကလည်းရှိတော့ ကင်မရာရပြီဆိုတာနဲ့ တောရိုက်တောင်ရိုက် လျှောက်ရိုက်တော့တာပေါ့။ အဲသလို ရိုက်ရင်းနဲ့ ပုံတစ်ထောင်လောက် လက်ဆော့ပြီးရင် ပုံကောင်းတစ်ပုံတစ်လေ ထွက်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင် တာပေါ့လေ။
အဲဒီအခါမှာ အကောင်းဆုံးလို့ထင်တဲ့ ပုံကို စိတ်ကြိုက်ရွေး၊ ပြီးရင် နီးရာလူကို လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ခံစားခိုင်းတော့တာပေါ့။ အဲသလိုနဲ့ ဟိုလူကလည်း မဆိုးပါဘူး၊ ဒီလူကလည်း ကောင်းတယ်၊ ကောင်းတယ်ဆို တဲ့ ချီးကျူးသံတွေနဲ့အတူ လက်ဖက်ရည်ဖိုး ကုန်ပါများတော့ တစ်ဆင့်စကား တစ်ဆင့်နား ဆိုသလို မောင်ဖို တို လက်ရာတွေလည်း အယ်ဒီတာမင်းတွေ ရှေ့မှောက်ကို ရောက်ကုန်တော့တာပေါ့။ အဲသလိုရောက်ရင်း တော်ကောက်ရင်း (ဓာတ်ပုံကို ပြောတာနော်)နဲ့ မောင်ဖိုတိုလည်း နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်က တာ ၀န်ခံအယ်ဒီတာ ဒေါက်တာလွဏ်းဆွေတို့၊ ကွန်ပျူတာဒီဇိုင်းဆရာ ကျော်အဲနယ်တို့၊ ကွန်ပျူတာ စာစီစာရိုက်တဲ့ ကျော်မူးလာတို့နဲ့ ခင်မင်ရင်းနှီးခွင့်ရတာပေါ့။
အဲသလို ဧရာမ အခွင့်အရေးကြီးကို ရတယ်ဆိုရင်ပဲ မောင်ဖိုတိုတစ်ယောက် ကိုယ့်ထမင်းထုပ်ကိုယ်ဆွဲပြီး နိုက် တင်ဂေးလ်ဂျာနယ်တိုက်ကို နေ့စဉ်ပုံမှန် (မောင်းမထုတ်မချင်း) ရောက်ရောက်နေတော့တာပေါ့။ နိုက်တင် ဂေးလ်ဂျာနယ်တိုက်မှာ မောင်ဖိုတို နှစ်ခြိုက်တဲ့ ကဗျာဆရာ သစ်ကောင်းအိမ် ဆိုတာကိုများ တွေ့ရလေမလား၊ မောင်ဖိုတို အသည်းစွဲ ဆောင်းပါးရှင် စိုးနေလင်းနဲ့ပဲ မိတ်ဆက်ခွင့်ရမလား၊ အရေးအသားကောင်းတဲ့ ဒေါင်းပျို မေဆိုတာ ခပ်ချောချော ကောင်မလေး တစ်ယောက်လား၊ မြင့်အောင်သန့်ဆိုတာ အပြင်မှာကော ကလောင် နာမည်အတိုင်း အရပ်မြင့်မြင့် ခန့်ခန့်သန့်သန့်ကြီးပဲလား … အဲသလို ‘လား’ပေါင်းများစွာနဲ့ အားအားယားယား သွားသွားစောင့်နေတာပေါ့။
တစ်ရက်မှာတော့ မောင်ဖိုတိုတစ်ယောက် နိုက်တင်ဂေးလ်ဂျာနယ်တိုက် ကြမ်းပြင်မှာ အိပ်စောင့်နေတုန်း ကျော်မူးလာက ကွန်ပျူတာ စကရင်ပေါ်က စာတွေကို ထိုင်ဖတ်နေတဲ့ ဒေါက်တာလွဏ်းဆွေကို ‘ဆရာ ကျနော် လည်း ဆရာ့ကို အားကျလို့ ခေတ်ပြိုင်ဝက်ဘ်ဆိုက်ကို ဟာသတစ်ပုဒ် ပို့ထားတာကြာပြီ၊ ပါလည်း မပါဘူး၊ မသုံးဖြစ်ဘူးဆိုတဲ့ အကြောင်းလည်း အီးမေးလ်လည်း မပြန်ဘူး၊ ဆရာနဲ့ အဲဒီကအယ်ဒီတာနဲ့ခင်ရင် မေးကြည့် ပေးပါဦး’လို့ ပြောတယ်။ ဒေါက်တာလွဏ်းဆွေက ‘နေပါဦး၊ ကျော်မူးလာက ဘာအကြောင်းအရာ ရေးထားလို့ လဲ၊ ပြောပြစမ်းပါဦး’ လို့ မေးတယ်။
ကျော်မူးလာက ‘ဘားအံမှာ နေခဲ့တုန်းက အကြောင်းလေးပါ၊ ဒီလိုဆရာ၊ တစ်ရက်မှာ ဒီကေဘီအေ အဖွဲ့သားသုံးယောက် ဆိုင်ကယ်စီးလာတာကို ပုလိပ်ကတားပြီး ဘာလို့ ဆိုင်ကယ်ကို သုံးယောက်စီးတာလဲလို့ မေးတယ်။ အဲဒီမှာ ဆိုင်ကယ်မောင်းတဲ့လူက အဲဒါနင်နဲ့ ဘာဆိုင်လဲလို့ ပုလိပ်ကို ပြန်ပြောတဲ့ ဟာသလေးပါ ဆ ရာ’လို့ ပြောပြတယ်။ ဒေါက်တာလွဏ်းဆွေက ‘ဟ၊ အဲဒီဟာသဆိုရင် ခေတ်ပြိုင်မှာ မန်းမျိုးမြင့်က တောပျော် နာမည်နဲ့ ရေးသွားပြီးပြီကွ၊ မင်းမဖတ်လိုက်ရဘူးလား၊ တော်ကြာ အယ်ဒီတာက မင်းကို သူတို့ဆီမှာ ဖော်ပြ ပြီးသားကြီးကို ပြန်ခိုးချပြီး ပို့တယ်လို့ ထင်နေပါဦးမယ်ကွာ’လို့ ပြောတယ်။ ကျော်မူးလာက ‘အေးနော် ဆရာ ပြောသလို အယ်ဒီတာက ကျနော့်ကို ခိုးချတယ်လို့ ထင်ရင် ဒုက္ခပဲ၊ မန်းမျိုးမြင့်ကို ဘယ်သူပြောပြလိုက်လဲ မသိ ဘူးနော်၊ ကျနော်လည်း မပြောမိပါဘူး’လို့ ပြောတယ်။
ဒေါက်တာလွဏ်းဆွေက ‘ဟ၊ မင်းမပြောပြလည်း မန်းမျိုးမြင့် မယ်တော်ဆေးခန်းဘက် လာတုန်း မင်းပြော ပြဖူးတဲ့ တစ်ယောက်က ဖောက်သည်ချလိုက်တာ ဖြစ်မှာပေါ့၊ မန်းမျိုးမြင့်က မြို့ကို ယင်တစ်ကောင်လို မွှေ့နေ တဲ့ဥစ္စာ၊ တစ်ယောက်မဟုတ် တစ်ယောက်ဆီက သူကြားမှာပေါ့။ အဲဒါကြောင့်မို့ စာရေးမယ်ဆိုရင် စာလည်း ဖတ်ဦး ကျော်မူးလာရ၊ တော်ကြာ သူများရေးပြီးလို့ ရေးပြီးမှန်းမသိ ဖြစ်နေဦးမယ်’လို့ ပြောတယ်။ ဒေါက်တာ လွဏ်းဆွေ ပြောအပြီးမှာ ကျော်မူးလာတစ်ယောက် ‘သွားပါပြီ’လို့ ညည်းညူပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းအပြင် ထွက်သွားလေရဲ့။
နောက်သုံးလေးရက်လောက် အကြာမှာ မောင်ဖိုတိုလည်း ပျင်းပျင်းရှိတာနဲ့ နိုက်တင်ဂေးလ်ဂျာနယ်တိုက်မှာ သွားအိပ်နေပြန်တယ်။ အဲဒီမှာ ကျော်မူးလာက ဒေါက်တာလွဏ်းဆွေကို ဟာသတစ်ပုဒ်ပြောပြပြီး နှစ်ယောက် သား တ၀ါးဝါးနဲ့ ရယ်နေကြလို့ မောင်ဖိုတိုပါ ရောယောင်ပြီး လိုက်ရယ်ဖြစ်တယ်။ ရယ်လို့အပြီးမှာ ကျော်မူးလာ က ဒေါက်တာလွဏ်းဆွေကို စိုးရိမ်တကြီး မေးလိုက်သံကြောင့် သုံးယောက်သား ထပ်မံပွဲကျဖြစ်ပြန်တယ်။ ကျော်မူးလာ စိုးရိမ်တကြီး မေးလိုက်တာကတော့ ‘ဆရာ အဲဒီဟာသကော မန်းမျိုးမြင့် ရေးပြီးသွားပြီလား၊ မဟုတ်ရင် ပထမစာမူတုန်းကလို ခိုးချတယ်လို့ အယ်ဒီတာက ထင်မှာစိုးလို့ပါ’တဲ့။
မောင်ဖိုတို
Sunday, July 27, 2008
ခိုးချတယ်ထင်မှာစိုးလို့ …
Subscribe to:
Post Comments (Atom)
No comments:
Post a Comment