Friday, July 11, 2008

ကျမ မမြင်ချင်တော့သော … (၂)

ပြောချင်နေခဲ့တာ ကြာပါပြီ။ မနေ့က ဧရာဝတီ စာမျက်နှာမှာ “မမွှေးနိုင်သော ညမွှေးပန်းကလေးများ” ဆိုတဲ့ သတင်းဆောင်းပါးကို ဖတ်လိုက်ရတော့ ...။ ကျမ မမြင်ချင်တော့သော ... အပိုင်း (၂) အဖြစ်နဲ့ ရေးဖြစ်သွားခဲ့ပါတယ်။ ကျမအနေနဲ့ ကျမနေထိုင်သွားလာနေတဲ့ အသိုင်းအ၀ိုင်း ကွက်ကွက်ကလေးပေမယ့် မြင်သလောက်လေးနဲ့တင် ရင်ထဲမကောင်းပါဘူး။ ဧရာဝတီ ဆောင်းပါးရှင်လိုတော့ ကျမ ထဲထဲဝင်ဝင် မလေ့လာခဲ့ဖူးပါဘူး။ ဆရာမ မိုးမိုး(အင်းလျား)၊ ဆရာမ နုနုရည်(အင်းဝ) တို့ကို အားကျပေမယ့် ရင်ထဲ တင်းကျပ်လာတာကို ဖြေလျော့ချင်ရုံ သက်သက်ကိုပဲ မနေနိုင်လွန်းလို့ စာရေးဖြစ်နေတာပါ။

ကျမအရင်ကတော့ သူတို့လေးတွေကို သတိမထားမိခဲ့ဘူး။ နောက်ပိုင်း ည ရ နာရီ ၈ နာရီလောက်ဆိုရင် လမ်းဘေးမှာ ၂ ယောက် ၃ ယောက် ရပ်နေတာ တွေ့တွေ့မိတော့ ညဖက်ကြီး ဒီလိုအ၀တ်အစားမျိုးတွေ ၀တ်ပြီး ထွက်တယ်ဆိုတော့ နဲနဲထူးဆန်းတာပေါ့။ ကာရာအိုကေဆိုင် ဘီယာဆိုင်တွေ ခေတ်စားလာတော့ သီချင်းဆိုကောင်းတဲ့ မိန်းကလေးတွေ၊ အဆိုမကောင်းလည်း လှလှပပ ၀တ်စားပြီး အကလေးနဲ့ တွဲတော့ ကြည့်လို့တော့ အကောင်းသား။ နောက်တော့ အဲဒီလို ပုံစံမျိုးနဲ့ အမျိုးသမီးငယ်တွေ လမ်းဘေးမှာ ကားစောင့်နေတတ်တယ်။ အမျိုးသားက အဲဒါ အဲဒီလိုဆိုမှ ကျမလည်း သဘောပေါက်သွားပြီး သူတို့ကို ဂရုတစိုက် သတိထားဖြစ်ပါတယ်။ အဲဒီတုန်းက ရှိနေတတ်ပေမယ့် တစ်နေရာ၊ နှစ်နေရာလောက်မှာပဲ ... မှောင်ရိပ်ခိုလို့ပေါ့။

နာဂစ်ပြီးတော့ ရုံးနားမှာ ကျမတို့ ရုံးပြန်ချိန် ၆ နာရီလောက်ဆို အဲဒီအမျိုးသမီးကြီး ရောက်နေပါပြီ။ ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ပြီး ဖြတ်သွားသမျှ ကားမောင်းတဲ့ သူတွေကို ပြုံးစေ့စေ့ မျက်နှာပေးနဲ့ လှမ်းလှမ်းကြည့်လို့။ အသက် လေးဆယ်ကျော်၊ ငါးဆယ်နီးပါးအရွယ် ပုခုံးလောက်ရှိတဲ့ ဆံပင်ကောက်ကောက် ပွပွနဲ့ သတိထားမိချင်စရာ အကျီင်္ အနီရဲရဲကို ဒူးခေါင်းကျော်ရုံ အနက်ရောင် စကတ်တိုတိုနဲ့။ တစ်ရက်မဟုတ်၊ ၂-ရက်၊ ၃-၄ ရက်ကြာတော့ ကျမက အမျိုးသားကို ပြောမိတယ်။ အမြဲတမ်း အဲဒီယူနီဖောင်းနဲ့ပဲ အမြဲတွေ့နေရတာကိုး။ ကျမပြောတော့ ကျမအမျိုးသားက ကားဖြတ်ကျော်သွားတဲ့ အချိန်မှာ စောင်းငဲ့ကြည့်လိုက်တော့။ ကျမ အသည်းယားသွားတယ်။ မကြည့်နဲ့လေ။ ကြောက်စရာကြီး။ ဟုတ်တယ်။ ကျမကတော့ ကြောက်တယ်။

မိုးရွာတဲ့ ညနေခင်းတွေမှာလည်း ထီးဆောင်းပြီး အဲဒီပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ရင်း စောင့်နေတာပဲ။ တခါတလေ ကျမတို့ ညနေရုံးအပြန် ၅နာရီခွဲလောက်မှာ မြင်ခဲ့ရတဲ့သူမ၊ ကျမတို့ ဟိုဟိုသည်သည် လျှောက်သွားပြီး အိမ်အပြန် ည ၉နာရီလောက်အထိ သူမ ရပ်နေဆဲလည်း ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမျိုးဆို ဟယ် … အဖေရယ် ခုထိရှိနေတုန်းပဲတော့ဆိုပြီး ကျမတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းချခဲ့ဖူးပါတယ်။ အမျိုးသားကတော့ ဒီအရွယ်နဲ့ဆို သူကိုယ်တိုင် အလုပ်လုပ်တာတော့ မဟုတ်လောက်ဘူးလို့ သူ့အထင်ကို ပြောပါတယ်။ နောက်သိပ်မကြာခင်မှာပဲ သူမနဲ့ မလှမ်းမကမ်းမှာ ၂ ယောက်တွဲ၊ ၃ ယောက်တွဲ အမျိုးသမီးငယ်လေးတွေ နှစ်စု၊ သုံးစုလောက် တွေ့လိုက်ရပါတယ်။ တခါတလေ ကောင်လေးတွေ တစ်စုကလည်း ရစ်သီရစ်သီနဲ့ပေါ့။

နာဂစ်အလွန် ၃ ပတ်ကျော်လောက်မှာတော့ သူတို့လေးတွေ တခဏမျှ မျက်စိအောက်က ပျောက်သွားပါတယ်။ အဲဒီတလောက လုံခြုံရေးတွေ ချထားလို့များ သူတို့လေးတွေကို ဆွဲသွားလို့လား။ အဲလိုဆို သူတို့ ဘယ်မှာ ဈေးဖွင့်နေကြမှာလဲ။ အဆင်ပြေသွားကြတာလား ဘာသာ အတွေးပိုနေခဲ့ရပါတယ်။ ကျမလည်း အဝေးကနေပဲ ဟိုတွေး သည်တွေးပေါ့။ သူတို့တွေရဲ့ ၀န်ဆောင်ခက ဘယ်လောက်လောက် ယူသလဲဆိုတာလည်း ကျမက သိချင်သေးတယ်။ အမျိုးသားက အဲလိုဆို ခင်ဗျားခေါင်းငုံ့နေလိုက်၊ ကျုပ်မေးကြည့်ပေးမယ် ဆိုတော့လည်း ဟယ် မဟုတ်တာ။ မလုပ်ပါနဲ့။ ကျမ လန့်တာလည်း ပါတယ်။ သူတို့တွေကို မိန်းမချင်း အားနာတာလည်း ပါတယ်လေ။ အမျိုးသားကတော့ ငါလည်း သေသေချာချာ မသိဘူးတဲ့။ အင်းလေ ...။ သူက ဈေးသိနေရင် ကျမနဲ့ ကွိုင်မှာပေါ့နော့။ ကျမသိချင်တာက ဘယ်လောက်ရလို့ ဒီအလုပ်ကို သူတို့လုပ်နေရတာလဲ။ တခြားအလုပ် မရှိကြတော့တာလား။ ဘယ်အရာတွေကများက သူတို့ကို ဒီအလုပ်လုပ်ဖြစ်အောင် တွန်းပို့ခဲ့ရတာလဲ။ ငွေရှာရတာ သိပ်ခက်ခဲ ပင်ပန်းနေကြလို့များလား။ ခက်ခဲတာတော့ အမှန်ပါပဲ၊ ဈေးနှုန်းတွေ အဆမတန် ခုန်တက်သွားတယ်။ တစ်လတစ်လ အသုံးစရိတ်တွေ ကြည့်ပြီးတိုင်း၊ တခါတခါ စားသောက်ပြီးလို့ ဘီလ်ကြည့်ရတိုင်း၊ ၀ယ်နေကျ ပစ္စည်းတွေကို ၀ယ်ပြီး cashier မှာ ငွေရှင်းရတိုင်း၊ မညည်းဘူး၊ မညည်းဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေပေမယ့် အသွားဖောင်းဖောင်း အပြန်လျော့ရဲရဲ ဖြစ်နေတတ်တဲ့ ပိုက်ဆံအိတ်လိုပဲ ကိုယ်လည်းပဲ လျော့ရဲရဲတော့ ဖြစ်မိပါရဲ့။

ဒါမျိုးတွေ ခုမှရှိနေတာ မဟုတ်ပါဘူးဆိုတာ ကျမသိပါတယ်လေ။ ဘုရားခေတ်ကထဲက ဇာတ်လမ်းတွေမှာ၊ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည် အစရှိတဲ့ ရုပ်ရှင်တွေ၊ ခေတ်အဆက်ဆက် ရေးလာခဲ့ကြတဲ့ စာတွေမှာ တွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ညဥ့်ငှက်လေးတွေ နေ့ခင်းကြောင်တောင်ကြီးတောင် အထွက်များလာရတာ ကောင်းတဲ့လက္ခဏာ မဟုတ်တာတော့ အသေအချာပါပဲ။ စားဝတ်နေရေး မပြေလည်ကြလို့လား၊ ပိုက်ဆံအရ လွယ်လို့လား၊ ရင်းနှီးစရာ ကုန်ပစ္စည်း ဒီတစ်ခုပဲ ကျန်တော့လို့လား၊ ကိုယ့်ဝမ်းကိုယ်ရှာစားနေရတာပဲလား၊ မှီခိုနေတဲ့ သူတွေ နပ်မှန်ဖို့အတွက်ပဲလား၊ မိအိုဖအိုတွေအတွက် ကြီးမားလှတဲ့ နေ၊ နာစရိတ်အတွက် သူတို့လေးတွေကိုပဲ အားပြုနေရလို့ပဲလား၊ ပေါ့ပေါ့ပါးပါးပြုံး လှလှပပ ခေတ်မီတဲ့ စတိုင်အသစ်နဲ့ အ၀တ်အစားလေးတွေ ၀တ်ပြီး ရပ်လာတဲ့ ကားဘေးနားမှာ ဈေးစကားတွေ ပြောနေကြတာ ... သူတို့ရင်ထဲ ဘယ်လိုရှိမယ် လှမ်းတော့ကြည့်ချင်မိရဲ့လေ။

ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ ကုန်ဈေးနှုန်းတွေကြောင့်လား၊ မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာတွေကြောင့် ပဲလား။ အဲဒါတွေက ဘာအတွက် နိမိတ် သင်္ကေတတွေလဲ။ ဒါတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဘာတွေ ရှိနေသေးသလဲ။ ကျမတို့တွေ တိုးတက်နေတာလား၊ ဆုတ်ယုတ်နေတာလား၊ တိုးတက်ခြင်းနဲ့ ဒွန်တွဲနေတဲ့ ဆုတ်ယုတ်ခြင်း ပုံနိမိတ်တွေပဲလား။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ အဲဒီမြင်ကွင်းမျိုးတွေ ကိုတော့ဖြင့် ကျမ မမြင်ချင်တော့ပါဘူး။ မျက်စိကိုမှိတ်၊ ခေါင်းကိုလွှဲရုံပဲ ကျမ တတ်နိုင်မှာလား ...။

မြန်မာအမျိုးသမီးတစ်ဦး

No comments: