Saturday, July 12, 2008
မျက်ရည်စစ်စစ်တွေ (ကဗျာ)
ငါတို့အရိပ်တွေ တိုတိုလာခဲ့
ဟောဒီ
ကမ္ဘာမြေပေါ်
အရိပ်ကလေးတစ်ရိပ် ဖိတ်စဉ်မှာတောင်
ကြည်ကြည်လင်လင် မစီးခဲ့ရချေဘူး
ရှုံးလိုက်တာ။
လောကကြီးမှာ
သူ့နေရာနဲ့သူ စားရမယ့် အစားအစာ
ရှိကြရမှာကိုပဲ
သူ့နေရာ သူ့အစာ
ရှိကြတာကိုပဲ
ခုတော့ … ဒီမှာ
ငါ့ပေါင်မုန့်တွေကို လာလာပြီး လုနေကြ
ဘယ်သူတွေတုန်း …
ဘယ်ဂြိုဟ်က ဂြိုဟ်သားတွေတဲ့တုန်း
ဘယ်ချောင်က ထွက်ထွက်လာနေတဲ့
နီတိအဆုံးအမတွေတဲ့တုန်း
ဘယ်လိုကံဇာတာဝတ်စုံတွေတုန်း
ဘယ်ဘုံကလာတဲ့ နတ်သားတွေတဲ့တုန်း
ဘယ်လိုမကောင်းဆိုးဝါးတွေတဲ့တုန်း။
ဘာလဲ
ဥက္ကလာဟိုးမားက အိုးမဲ့အိမ်မဲ့တွေလာ
ဟော်လန်က နို့ချက်သမားတွေလား
ဘာလဲ
စကော့တလန်က အရက်ချက်သမားတွေလား
ဘာလဲ
အမရပူရက ရက်ကန်းသမားတွေလား
ဘာလဲ
ငါးတန်ချောင်းက ငါးဖမ်းသမားတွေလား
ဘာလဲ
မကျီးပင်သုံးခွက ဆားချက်သမားတွေလား
ငါ့မှာဖြင့် ဆုံးရှုံးလိုက်ရတဲ့ ငါ့ပေါင်မုန့်တွေ။
မဟုတ်ဘူး
ဘယ်နတ်ဒေ၀တာမှ လာမလုဘူး
မဟုတ်ဘူး
ဘယ်ဂြိုဟ်သားမှ လာမလုဘူး
မဟုတ်ဘူး
ဘယ်စုန်း ပြိတ္တာ တစ္ဆေ ဖုတ်ဘီလူးမှ လာမလုဘူး
လူလူချင်းသာ လာလုယက်နေကြတာ။
ဒီအမှု
ဒီအမှုသာ
ဆေးသားရေးခြယ် စီကုံးလို့ရရင်
ဒီအမှုသာ ဆင်ဖိုနီလည်ဆွဲဖြစ်ခဲ့ရင်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
ဟုတ်တယ်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
အလုခံရတဲ့ ငါ့ပေါင်မုန့်တွေ
ငါဘာလို့များ နှမျောပေးတော့မှာလဲလေ။
ခုတော့ဖြင့်
ငါ့ တူရာသီမှာ မီးလာလာတောက်တောက်နေတယ်
ခုတော့ဖြင့်
ငါ့ ကန်ရာသီမှာ ကြာတွေ လာလာပေါက်နေတယ်
ခုတော့ဖြင့်
ငါ့ သိဟ်ရာသီမှာ ခြင်္သေ့လာလာဟောက်ဟောက်နေတယ်
လှလိုက်တာ
သုခုမနှယ်မြောက်လိုက်တာ
ငါ့ပေါင်မုန့်တွေ ပျောက်ပြီးရင်း ပျောက်ပျောက်နေတော့ရဲ့ ။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 2:24 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment