Thursday, July 24, 2008
စက်ချုပ်သမား ရန်ကုန် (ကဗျာ)
မနက်မိုးလင်းပြီဆိုတာနဲ့ပဲ
လူတွေကတော့ သူတို့အလုပ် သူတို့ဒုက္ခတွေ
ခါးထစ်ခွင်ကျ၊
ခေါင်းပေါ်က ခံတောင်းထဲထည့်ကျ၊
ဟော … ခံတောင်းထဲက ငါးအရှင်လတ်လတ်တစ်ကောင်
ကားပေါ် ထွက်ကျ၊
ခါးထစ်ခွင်ပေါ်က ကလေးကငို
ကောင်မလေးတွေက ခုန်ရှောင်
လူကြီးတွေက ရယ်ကြ
လမ်း ၅၀ မှာ …
ငါးက ကားပေါ်က ဆင်းမလို့ ထင်ပါရဲ့
ဂေါ်ကီရပ်ကွက်က လာကြတာတွေလေ
လန်ဒန်အရှေ့ပိုင်းကလည်း ဖြစ်နိုင်ပေသေးရဲ့
“ကိုကိုကလေ …
မနက်မျက်နှာသစ် ရေမိုးသန့်စင်ပြီးရင်
ကိုကာကိုလာ တစ်ဗူးသောက်မယ်
အဲဒါမှ အာခံတွင်းကနေ ကြာညိုနံ့သင်းနေမယ်”
“ပြီးရင် ဂွတ်မောနင်းကိတ် စားမယ်”
“ကမ္ဘာကြီးအတွက်ပါ ကိုကို့အတွက် မဟုတ်ပါဘူး”
ဟား ဟား ဟား …
ဒီလိုအတွဲကလေးကလည်း
မြို့တော်ကို စိုပြေစေသလိုပေါ့လေ
ပန်းကလေးတွေကတော့
ပျော်လို့ပေါ့လေ
မကြာခင် သခင်မဆီရောက်မယ်၊
မကြာခင် ဘုရားသခင်ဆီမှာ ဆည်းကပ်ရမယ်၊
... ကတော့ ပျော်တယ်
လိပ်စာပေးထားနော်
နောက်လည်း ဆုံကြရအောင်
တီးတိုးကလေးများ
စကားတွေဖွဲ့ကြလို့သာ
ပျော်ကြရှာ။
ရုန်းထား ရုန်းထား
ရုံးသမားရေ
ရုန်းထားရမှာပဲ
ရုံးသမားတွေလည်းပါရဲ့။
ဒါ ရန်ကုန်လေ
မြို့ကြီးသား ရန်ကုန်လေ၊
ကဖီးဆိုင်တွေ ဖွင့်ကုန်ကြပြီ
စက်ချုပ်သမား ရန်ကုန်လည်း
သူ့စက်ခေါင်းကို ဖွင့်ပေါ့၊
မနေ့ညက အပ်ထည်လေးကို ဘယ်လိုညှပ်မယ်
ဘယ်လို ချုပ်သီမယ်
ဘယ်လို ဘီတင်ဖောက်မယ်၊
ဘယ်လို ဇာနားကွပ်မယ်၊
စက်ချုပ်သမားရန်ကုန်
စဉ်းစားပြီး
လူတွေကပဲ ကူစဉ်းစားသလိုလို
စဉ်းစားပြီးရင်း စဉ်းစား
စိတ်ကူးဒီဇိုင်းရရင်
ရင်ထဲပျော်
ရှေ့က နက်စ်ကော်ဖီကို တစ်ငုံငုံ
လန်ဒန်စီးကရက်ကို တစ်ကိုက်ခဲ
ဆိုင်ရှေ့က ဖြတ်သွားကြတဲ့ ခေတ်လူငယ်
အပျိုကလေးတွေကိုကြည့်
လက်ဖက်ရည်သုံးခွက်ဗျို့လို့ အော်လိုက်တဲ့
စားပွဲထိုး ခေတ်လူငယ်ကလေးရဲ့ အသံမှာ
ရန်ကုန်မျက်လုံးပွင့်ပြီးကျယ်သုဉ်း
အော် …
မြို့ကြီးကို စားပွဲထိုးနေရပြီပေါ့ကွယ်။
အရောင်စုံ အသွေးစုံ အသားစုံ အသံစုံ
ရန်ကုန်၊
ရန်ကုန်ဟာ ရန်ကုန်မှာပဲ မွေးတယ်
ရန်ကုန်ဟာ ရန်ကုန်မှာပဲ ကြီးတယ်
ရန်ကုန်ဟာ ကမ္ဘာ့မြို့ကြီးတွေနဲ့
ရင်ဘောင်တန်းပြီး ရပ်တည်တယ်
ရန်ကုန်ဟာ သွေးကြီးတယ်
သူ့ကိုယ်သူ မြို့ကြီးသားလို့ အမြဲတမ်း ခံယူတယ်
မီးသီးအ၀ါတွေ
မီးသီးအပြာတွေ
မီးသီးအဖြူတွေ
မီးသီးအနီတွေဟာ
လူတွေလို့ ရန်ကုန်က ခံယူတယ်
နေ့ရော ညရော ထွန်းလင်းတယ်
သူသဘောကျတယ်
ရန်ကုန်က သူ့ရင်ဘတ်ကြီးထဲ
လူမီးသီးတွေ လာထွန်းလင်းဖြာဝေတာကို
ပီတိဖြစ်တယ်၊ သဘောကျတယ်၊
တုန်ခါမယ်
မိုးခါမယ်
ရန်ကုန်မိုးဟာ
ရန်ကုန်လို သာယာသွားမယ်
ရန်ကုန်မှာ ဆောင်းမရှိဘူး
ရန်ကုန်မှာ နွေမရှိဘူး
ရန်ကုန်မှာ မိုးပဲရှိတယ်
ရန်ကုန်မှာ မိုး
မန္တလေးမှာ နွေ
ပြည်မှာဆောင်းလို့ ဆိုကြတယ် မဟုတ်လား
တကယ်ပဲ
ရန်ကုန်မိုးကတော့
မူယာမာယာတွေများတယ်
ရွာတာတောင်မှ ဥာဏ်နီဥာဏ်နက်တွေ
ဥာဏ်ပြာဥာဏ်ဝါတွေများတယ်
မိုးမှမိုး
ရန်ကုန်အရသာဟာ မိုးမှမိုးပါပဲ။
သိပါတယ် ရန်ကုန်
ငြိပါတယ် ရန်ကုန်ရယ်
ဗိုက်ခေါက်ထူထူ ၀တ်ကောင်းစားလှတွေ
ဆိုင်ထဲဝင်လာကြပြန်ပြီ၊
ရောင်စုံကာလာပေါ့၊
ဘဲသားဖတ်၊ ဆိတ်သားဖတ်တွေ မှာစားကြ
မုန့်ဘူးလေးထဲထည့်
ခေတ်လူငယ် ကျောင်းသားလေးတွေ
ခုန်ပေါက်လို့၊
“မေမေ ဆရာမဖို့ မုန့်ဝယ်သွားရအုံးမယ်လေ
အေး အေး သား” …
“ဂွတ်တမောနင်း ကိတ်တစ်လုံးဆို
လုံလောက်ပါပြီ”
ဒါမှမဟုတ် အေအန်တီကိတ်
တစ်လုံးလုံးပေါ့လေ
“မေမေ ၀ယ်ခဲ့ပြီ သားတို့ရေ” တဲ့
အောင်မြင်တဲ့ လေသံမှာ
ရန်ကုန်မြို့ကြီးလည်း တံခါးဖွင့်ပြီ
ဂျိမ်း ဂျိမ်း … ဂျိမ်း ဂျိမ်း
ဂျုံး ဂျုံး ဂျုံး ဂျုံး …
ရထားဥသြမှုတ်သံလည်း ချလာပြန်ပြီ
မြို့ကြီးထဲ
မြို့ကြီးကို ၀ယ်ခဲ့တဲ့ မီးရထားတွေ
အဝေးရပ်က တင်လာတဲ့ မီးရထားသံတွေ
ကုမ္ပဏီတံခါးဖွင့်သံတွေ
ဈေးတွေ၊ ဈေးတွေမှာလဲ
ဈေးသည် ဈေးဝယ်တွေ
ငှက်အုပ် ဆင်အုပ်တွေ
ပြိုဆင်းလာသလို ပြိုဆင်းလာကြ
ဂျပန်ဖိနပ် နောက်မြီးပြတ်နဲ့
ကုန်ထမ်းသမား အပြေးအလွှား
စည်ပင်တံမြက်လှည်းသမား
အပြေးအလွှား
နက်ကတိုင်တွေ အင်္ကျီတွေ
အထည်တွေ၊ ဘွတ်ဖိနပ်တွေ
ကတ္တီပါစတွေ၊ ခက်ရင်းနဲ့ ဇွန်းတွေ
ပန်းကန်တွေ၊ ပိတ်သားရောင်စုံတွေ
အသံတွေ မြန်လာကြပြီ
အရုပ်တွေ မြန်လာကြပြီ
လူ၏ထင်ရှားမှုတွေ မြန်လာကြပြီ
‘အောင်ဇေယျ ထွက်ခွာမယ်’
‘ဗန္ဓုလ ဆိုက်ကပ်မယ်’
လူတွေ လူတွေ အပြေးအလွှား
ပန်းဆိုးတန်းဆိပ်ကမ်းမှာ
ချီတက်လာကြ
ပြေးဆင်းသွားကြ
ဝမ်းစာဆီကပ်ပွဲ
ဝမ်းစာပြေးပြိုင်ပွဲ
ပင်လယ်ကူး သင်္ဘောကြီးတွေ ရပ်တချို့
ဝင်လာခုတ်မောင်းတချို့
တည်ငြိမ်လို့၊
ဒီလိုနဲ့ ရန်ကုန်စက်ချုပ်သမား
တစ်နေကုန် တဂျုန်းဂျုန်းချုပ်
တစ်နေကုန် တကုန်းကုန်းချုပ်
ဟော … ညနေရီ မိုးချုပ်စပြုလာပြီ
မာကျူရီမီးတွေ ထွန်းကား
ကားမီးရောင်စုံတွေ ထွန်းကား
အရက်ဘားတွေ ကျူးရင့်ဖွင့်သီ
နိုက်ကလပ်တွေ ဖူးပွင့်တင့်ပြီ
ကဲ …
မြို့ကြီးသား စက်ချုပ်သမားရန်ကုန်ရေ
ညမြို့ကြီးကို ဘီတင်ဖောက်လိုက်ပါတော့
နို့မို့ဆို
မင်းကို အမှောက်သောက်သွားပေလိမ့်မယ်
ဟော …
ရွှေပေါက္ကံကို အရောက်ပြန်မယ်
ဘတ်စ်ကားကို ရဲရဲတိုးစီး
ဘတ်စ်ကားကို မီးဖိုကြီးလိုလှုံကာ
ရန်ကုန်ရေ … တာ့ တာနော် တဲ့ ။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 4:32 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment