Thursday, July 24, 2008

ပြည်သူ့ကိုယ်စားလှယ်များမှ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် လုံခြုံရေး ကောင်စီသို့ အိတ်ဖွင့်ပေးစာ

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၀၀၈ ဇူလိုင် ၂၁ ရက်

မစ္စတာဘန်ကီမွန်း
အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ

အမြဲတန်းကိုယ်စားလှယ်များ
လုံခြုံရေးကောင်စီဝင်နိုင်ငံများ၊ ကုလသမဂ္ဂ

ရည်ညွှန်း ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ

ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား …

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဇူလိုင်လကုန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်မည်ဟု မီဒီယာများမှတဆင့် ကျွန်ုပ်တို့ ကြားသိရပါသည်။ ထို့အပြင် အတွင်းရေးမှူးချုပ်၏ ကြားဝင်အကျိုးဆောင်အခန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် ကုလအထူးတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သြဂုတ်လလယ်တွင် ကျွန်ုပ်တို့နိုင်ငံကို ထပ်မံလာရောက်မည်ဟုလည်း ကြားသိရပါသည်။ သို့ပါ၍ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ရပ်တည်ချက်ကို လည်းကောင်း၊ ကုလသမဂ္ဂထံမှ ကျွန်ုပ်တို့ မျှော်လင့်မှုများကို လည်းကောင်း ဖော်ပြနိုင်ရန် ဤစာကို ရေးသားပေးပို့လိုက်ရပါသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအား ကူညီထောက်ကူပေးနိုင်ရန် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေခဲ့ပါသည်။ ၁၉၉၅ ခုမှစ၍ အတွင်းရေးမှူးချုပ်သည် ကုလအထွေထွေညီလာခံ၏ အခွင့်အာဏာဖြင့် အထူးတမန်တယောက်ကို ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ စေလွှတ်၍ အာဏာရ စစ်အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (နအဖ) နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် တခဲနက် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)၊ တိုင်းရင်းသား ကိုယ်စားလှယ်များအကြား အဓိပ္ပာယ်ရှိသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် တွန်းဆော်ပေးခဲ့ပါသည်။ နောက်ပိုင်း ၂၀၀၃ ခုနှစ်တွင် အတွင်းရေးမှူးချုပ်က ၎င်း၏ကြားဝင် အကျိုးဆောင်လုပ်ငန်း တာဝန်ကို ပြောင်းလဲပစ်လိုက်ပြီး နအဖမှ တီထွင်ဖန်တီးထားသော အဆင့်(၇)ဆင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်အား ကျယ်ပြန့်၍ အားလုံးပါဝင်နိုင်ဖို့နှင့် ပွင့်လင်းမြင်သာဖြစ်ဖို့ တွန်းအားပေးခဲ့ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလအထူးတမန်အားလုံးက အဲန်အယ်လ်ဒီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကို (၇)ဆင့် လမ်းပြမြေပုံထဲ ပါဝင်ဆောင်ရွက်ရန် အကြံပြုခဲ့ကြပြီး၊ နအဖကိုလည်း ယင်းလုပ်ငန်းစဉ်တွင် ပါတီအားလုံး ပါဝင်နိုင်အောင်နှင့် ကျယ်ပြန့်ပြီး ပွင့်လင်းမြင်သာအောင်လုပ်ဖို့ တွန်းအားပေးခဲ့ပါသည်။

ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်ကို လည်းကောင်း၊ ၎င်း၏ ကြားဝင်အကျိုးဆောင် အခန်းကဏ္ဍကို လည်းကောင်း၊ ၎င်း၏ အထူးတမန်ကို လည်းကောင်း ယုံကြည်ခဲ့ကြပြီး၊ လမ်းပြမြေပုံ လုပ်ငန်းစဉ် စိတ်ချယုံကြည်နိုင်စရာ ဖြစ်စေရန်နှင့် အဲန်အယ်လ်ဒီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်နိုင်စေရန်အတွက် အတွင်းရေးမှူးချုပ်သည် လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် နအဖကို ဖြောင်းဖြနားချနိုင်လိမ့်မည်ဟု မျှော်လင့်မိခဲ့ကြပါသည်။ အတွင်းရေးမှူးချုပ်နှင့် ၎င်း၏ အထူးတမန်တို့၏ ပံ့ပိုးစောင်မမှုဖြင့် (၇)ဆင့် လမ်းပြမြေပုံသည် အဓိပ္ပာယ်ရှိသော နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရာ စခန်းဖြစ်လာ၍ ပါတီအားလုံး အကျုံးဝင်သည့် လုပ်ငန်းစဉ် ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ခဲ့ကြပါသည်။ သို့အတွက် ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်၏ လုပ်ငန်းဆောင်တာကို ထောက်ခံအားပေးရန် သဘောတူခဲ့ကြပြီး (၇)ဆင့် လမ်းပြမြေပုံ ဘောင်အတွင်း နအဖနှင့်အတူ လက်တွဲအလုပ်လုပ်ရန် မိမိတို့ဘက်မှ ပြင်ဆင်ခဲ့ကြပါသည်။

သို့သော်လည်း နအဖက လမ်းပြမြေပုံ၏ အဆင့်လေးဆင့်ကို တဖက်သတ် လုပ်ဆောင် ပြီးစီးစေခဲ့သည်။ လမ်းပြမြေပုံ ပထမဆင့်ဖြစ်သော အမျိုးသားညီလာခံကို (၁၄)နှစ်အကြာတွင် နအဖမှ ခေါင်းခေါက်ရွေးထားသည့် ကိုယ်စားလှယ်များဖြင့် အဆုံးသတ်ခဲ့သည်။ အခြေခံဥပဒေ မူကြမ်းကိုလည်း နအဖစိတ်ကြိုက် ပုဂ္ဂိုလ်များနှင့် ရေးဆွဲခဲ့ပြန်သည်။ ယင်းမူကြမ်းက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်မှ အသေအချာ ဖယ်ထုတ်ထားသည်။ ပြည်သူပြည်သား သန်းပေါင်းများစွာ အကြီးအကျယ် ဘေးဒုက္ခဆိုက် အားကိုးရာမဲ့ ဖြစ်ခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခတ်သွားပြီးစ အချိန်တွင် အခြေခံဥပဒေ မူကြမ်းကိုအတည်ပြုရန် နအဖက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ မဲဆန္ဒပေးခြင်း လုပ်ငန်းစဉ်၌ မသမာမှု၊ ညစ်ပတ်မှုနှင့် ခြိမ်းခြောက်မှုများ အလျှံပယ် ဖြစ်ပွားခဲ့သည်။ အခြေခံဥပဒေကို မဲဆန္ဒရှင် (၉၂)ရာခိုင်နှုန်းက ထောက်ခံအတည်ပြုခဲ့သည်ဟု နအဖက ဆိုခဲ့သည်။ ဤသို့ နအဖက တဖက်သတ် အောင်ပွဲကို ကြေညာနေပြီး ယင်း၏ တဇွတ်ထိုးလုပ်ရပ်များကို ဆက်လုပ်နေချိန်တွင် ကုလသမဂ္ဂမှာမူ မိမိ၏ ရည်ညွှန်းစံများမှ လျှောကျလာကာ၊ နအဖ အနေဖြင့် အရေးယူမခံရဘဲ မသမာမှုများ အကောင်အထည်ဖော်နိုင်ရန် ခွင့်ပြုလိုက်လျောခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရှိရပါသည်။ တချိန်တည်းတွင် အဲန်အယ်လ်ဒီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကို လမ်းပြမြေပုံ လက်ခံစေရန်လည်း ကုလသမဂ္ဂက ဖိအားပေးလာပါသည်။

ကျွန်ုပ်တို့၏ နိုင်ငံ၌ အပြောင်းအလဲ ဖြစ်ပေါ်စေရန် တခုတည်းသော တာဝန်ရှိသူမှာ မြန်မာပြည်သူများသာ ဖြစ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်သဘောပေါက်ပါသည်။ သို့ရာတွင် မည်သို့သော ငြိမ်းချမ်းစွာ လှုပ်ရှားမှုကိုမဆို ရက်စက် ကြမ်းကြုတ်စွာ အင်အားအလွန်အကျွံသုံး ချေမှုန်းနှိမ်နင်းပစ်ရန် မည်သည့်အခါကမှ လက်မတွန့်ခဲ့သော စစ်အစိုးရကို ကျွန်ုပ်တို့ ရင်ဆိုင်နေရချိန်တွင် ကုလသမဂ္ဂအနေဖြင့် နအဖ၏ သွေးဆာသော အကျင့်အကြံများကို သံတမန်နည်းဖြင့် လည်းကောင်း၊ ဖိအားဖြင့် လည်းကောင်း ပြောင်းလဲပေးနိုင်လေမလားဟု ကျွန်ုပ်တို့ မျှော်လင့်ခဲ့မိပါသည်။ အနိမ့်ဆုံးအားဖြင့် ကျွန်ုပ်တို့သည် ကုလသမဂ္ဂက အာဏာရှင်များဘက်လိုက်ကာ မြန်မာပြည်သူတို့ကို အကာကွယ်မဲ့ အနေအထားသို့ တွန်းပို့သည်ကို မလိုလားပါ။

ကျွန်ုပ်တို့သည် မိမိတို့၏ ဥပဒေကြောင်းညီမှုကို စွန့်လွှတ်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရပ်တည်ချက် အနေအထားကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုပါသည်။ ကျွန်ုပ်တို့သည် မိမိတို့တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်မည့်သူများ ဖြစ်သည့်အားလျော်စွာ အခြေခံဥပဒေကို အသိအမှတ် မပြုရန်နှင့် နအဖ၏ လုပ်ငန်းစဉ်၌ မပါဝင်ရန် ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့သည်။ စစ်အစိုးရ၏(၇)ဆင့် လမ်းပြမြေပုံသည် အကျိုးမရှိ မဆီလျော်တော့၊ ဆန္ဒခံယူပွဲသည် အတုအယောင် ဖြစ်သည်၊ အခြေခံဥပဒေသည် ဥပဒေနှင့် မညီညွတ်ဘဲ၊ ကျွန်ုပ်တို့အနေဖြင့် နအဖကို အဲန်အယ်လ်ဒီ၊ တိုင်းရင်းသား လူမျိုးစုများနှင့် အဓိပ္ပာယ်ရှိ၍ အချိန်ဇယား သတ်မှတ်ထားသော စေ့စပ်ဆွေးနွေးမှု ထူထောင်ရန် ဆက်လက် တောင်းဆိုပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အဓိကအရေးအရာ ပါဝင်သူများဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရန် ကျွန်ုပ်တို့ ရပ်တည်ချက်မှာ အထူးတလည် ရှင်းလင်းနေပြီး ဖြစ်ပါသည်။

စစ်အစိုးရ၏ ဆန္ဒခံယူပွဲသည် ဇင်ဘာဘွေမှ ဒုတိယပြန်ကျော့ ရွေးကောက်ပွဲနှင့် အလားတူပါသည်။ အတွင်းရေးမှူးချုပ်က ၂၀၀၈ ခု ဇွန်(၃၀)ရက်တွင် ဇင်ဘာဘွေနိုင်ငံနှင့် ပတ်သက်၍ ပြင်းထန်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ "(ဒုတိယပြန်ကျော့ သမ္မတရွေးကောက်ပွဲ) ရလဒ်သည် ဇင်ဘာဘွေပြည်သူတို့၏ စစ်မှန်သည့် ဆန္ဒသဘောထားကို အမှန်တကယ် ထင်ဟပ်ခြင်း မရှိသလို ဥပဒေနှင့် ညီညွတ်သည့် ရလဒ်ကိုလည်း မထွက်ပေါ်စေခဲ့" ဟု ဆိုခဲ့သည်။ ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်၏ သတ္တိနှင့် "ဇင်ဘာဘွေပြည်သူတို့မှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် ဥပဒေနှင့်ညီသည့် အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခွင့်အား ကာကွယ်ပေးသည့်" အတွင်းရေးမှူးချုပ်၏ လူ့ကျင့်ဝတ်ရေးရာ အာဏာပိုင်မှု ဖော်ပြချက်တို့ကို သြဘာပေး ထောက်ခံအပ်ပါသည်။ အတွင်းရေးမှူးချုပ်သည် နအဖမှ ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတွင် မိမိတို့၏ အစစ်အမှန် မျှော်လင့်ချက်များ ထုတ်ဖော်ပြသခွင့် မရခဲ့ကြသော မြန်မာပြည်သူတို့၏ အခွင့်အရေးများအတွက်လည်း ရပ်တည်ပေးလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ယခုအခါ ကုလသမဂ္ဂအနေဖြင့် နအဖ၏ (၇)ဆင့် လမ်းပြမြေပုံသည် မဆီလျော် အရာမရောက်တော့ကြောင်းနှင့် အခြေခံဥပဒေသည် ဥပဒေနှင့်မညီ တရားမဝင်ကြောင်း ကြေညာဖို့အချိန် ကျရောက်နေပြီ ဖြစ်ပါသည်။ အတွင်းရေးမှူးချုပ်နှင့် ကုလလုံခြုံရေးကောင်စီသည် နအဖကို ၎င်း၏ လမ်းပြမြေပုံ စွန့်လွှတ်၍ တိတိကျကျ သတ်မှတ်ထားသည့် အချိန်ဇယားအတွင်း နိုင်ငံရေးအဖြေတစ်ခု စေ့စပ်ဆွေးနွေး ယူနိုင်ဖို့အတွက် အဲန်အယ်လ်ဒီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ချက်ခြင်း စတင်ဆွေးနွေးရန် မလိုက်နာမနေရ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ညွှန်ကြားပေးခြင်းအားဖြင့် မြန်မာပြည်သူတို့အား နှစ်ဆတိုးအားထုတ် ကူညီပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါကြောင်း …။

လေးစားစွာဖြင့် …

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုမြန်မာနိုင်ငံတော်


ဆက်သွယ်ရန်ပုဂ္ဂိုလ်များ

အမည်၊ မဲဆန္ဒနယ်နှင့် ပါတီ

ပူကျင့်ရှင်းထန်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တီးတိန်-၂ မဲဆန္ဒနယ်၊ ချင်းပြည်
ဥက္ကဋ္ဌ၊ ဇိုမီးအမျိုးသားကွန်ဂရက်
အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
အဖွဲ့ဝင်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့

ဦးသိန်းဖေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ်(၁) မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်း
တသီးပုဂ္ဂလ
အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

ဒေါက်တာမြင့်နိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ်(၂) မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးညီပု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဂွမြို့နယ် မဲဆန္ဒနယ်၊ ရခိုင်ပြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာတင်မင်းထွဋ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပန်းတနော်မြို့နယ်(၁) မဲဆန္ဒနယ်၊ ဧရာဝတီတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

မိတ္တူကို ။ ။

ဒေါက်တာကွန်ဒိုလီဇာရိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်ပြည်ထောင်စု
မစ္စတာလင်းပါ့စကိုး၊ လက်ထောက်အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ
မစ္စတာအီဘရာဟင်ဂမ်ဘာရီ၊ အတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာအထူးအကြံပေးပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မစ္စစ်လော်ရာဘွတ်ရှ်၊ အမေရိကန်သမ္မတကတော်

No comments: