ဒေါက်တာလွဏ်းဆွေ
(၂၀၀၆ခုနှစ် သြဂုတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
မြန်မာ့ရုပ်ရှင်လောကမှာ သရုပ်ဆောင် အံ့ကျော်ကို လူကြမ်းလူယုတ်မာ (villain) အဖြစ်နဲ့ပဲ လူသိများကြတယ်။ ဇာတ်ကားတချို့မှာ လူကောင်းနေရာကနေ ၀င်သရုပ်ဆောင်ပေမယ့် လူကြမ်းလူယုတ်မာအဖြစ် သရုပ်ဆောင် တဲ့ ဇာတ်ကားက များနေတော့ အံ့ကျော်ဟေ့ဆိုရင် ပရိသတ်တွေက ဗီလိန်အဖြစ်သာ မျက်စိထဲ ပြေးမြင်နေကြ တော့တယ်။ အခုလည်း နအဖစစ်အုပ်စုဟာ အံ့ကျော်လိုပင် ‘နိုင်ငံရေးဗီလိန်’ ဖြစ်နေပေပြီ။ ပြည်သူလူထုက နှာခေါင်းရှုံ့၊ နိုင်ငံတကာက အော့ကြောလန်၊ အာဆီယံကပင် ချဉ်တင်တင်ဖြစ်ကာ နိုင်ငံတကာအသိုင်းအ၀ိုင်း မှာရော ပြည်တွင်းမှာပါ နိုင်ငံရေးဗီလိန် ဖြစ်နေခဲ့တာ နှစ်ပေါင်းအတော်ကြာလှပေါ့။
တကယ်တော့ နအဖစစ်အုပ်စုမှာလည်း မင်းသားဖြစ်ချင်ရင် ဖြစ်လို့ရတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။
(၁) ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးထားတဲ့ကတိက၀တ်အတိုင်း လူကြီးလူကောင်းဆန်ဆန် အာဏာလွှဲပေးခဲ့ရင် …
(၂) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထွက်ပေါက်ပေးထားတဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးပေါက် ကနေ ဂုဏ်သိက္ခာရှိရှိ ထွက်ခဲ့ရင် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ မင်းသားအဖြစ်နဲ့ လက်ခုပ်လက်ဝါးတီး အားပေးခံရမှာ အသေအချာပါပဲ။
အဲဒီလို အခွင့်အခါကောင်းတွေကို အရအမိ မယူခဲ့တဲ့ နအဖစစ်အုပ်စုဟာ အခုအခါမှာတော့ ဗီလိန်ဘ၀နဲ့ ခွေး တိုးပေါက်က ထွက်ရမယ့် အနေအထားကို ဆိုက်ရောက်နေပါပြီ။ နအဖစစ်အုပ်စုဟာ မင်းသားလုပ်ချင် ပေမယ့် လုပ်လို့မရတဲ့ အခြေအနေတွေ ဖြစ်နေလို့လား၊ မင်းသားလုပ်လို့ရတဲ့ အခြေအနေတွေကို တကယ်ပဲ မသိခဲ့လို့ လား၊ ဒါမှမဟုတ် ဗီလိန်လုပ်ရတဲ့ အနေအထားကပဲ အနေအစား ပိုချောင်လို့ပဲလားမသိ၊ အာဏာအမဲရိုးကို ကိုက်ချီပြီး ဗီလိန်အဖြစ်နဲ့ တစ်ချိန်လုံး မာန်မဲနေတာကိုပဲ တွေ့ရတယ်။
တကယ့်တော့ နအဖစစ်အုပ်စု အတွင်းမှာလည်း ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ဖီဒယ်ရာမို့စ်လို မင်းသားလုပ်ချုပ်တဲ့ အတွေးအခေါ်ကောင်းတဲ့ ဗိုလ်ချုပ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်ကတည်းက စစ်တပ်မှာ သူ့လို ပါဝါပြည့် ချုပ်ကိုင်နိုင်မယ့် သူတွေကို အဆင့်ဆင့် မပျိုးထောင်ဘဲ သူနဲ့ ရာထူးအဆင့်အတန်း အလှမ်းကွာတဲ့ သူမသာကိုယ်မသာ ဗိုလ်ချုပ်တွေကိုသာ များများစားစား မွေးမြူ ခဲ့တာကလည်း မင်းသားလုပ်ချင်သူ ဗိုလ်ချုပ်များ မင်းသားလုပ်ခွင့်မသာတဲ့ အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။
ဒါဟာလည်း အာဏာရှင်တွေရဲ့ သဘာဝအတိုင်း သူတို့အာဏာတည်မြဲရေးအတွက် (သူတို့ကို အာဏာပြန် မသိမ်းနိုင်ရေးအတွက်)ကို ဦးစားပေး စဉ်းစားပြီး စစ်တပ်ကို တည်ဆောက်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျိုး ဆက် ဖြစ်ပါတယ်။ အဲဒီတော့ ဒီကနေ့ စစ်တပ်မှာ ဖြစ်နေတာက ဗိုလ်ချုပ်သန်းရွှေမှာလည်း အာဏာပါဝါကုန် မရှိ၊ ဗိုလ်ချုပ်မောင်အေးမှာလည်း အာဏာပါဝါကုန် မရှိနဲ့ အရေးကြီးတဲ့ နေရာတွေကို သူ့လူကိုယ့်လူ ဦးအောင် ထိုးထည့်ပြီး ကိုယ့်နေရာကိုယ် ရွေ့မသွားအောင် မှင်သေသေနဲ့ နေနေရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒီလို အခြေအနေမျိုး ဆိုက်နေလို့ ဘယ်သူ့ဘယ်သူမှ မင်းသားလုပ်ခွင့်မသာတာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ နအဖ စစ်အုပ်စုဝင် ဗိုလ်ချုပ်အတော်များများဟာ အာဏာရဲ့ အရသာကို သိနေ တဲ့အတွက် အာဏာလွှဲပြောင်းမှု၊ တွေ့ဆုံဆွေးနွေးမှု မလုပ်ချင်ဘဲ ပေခံနေတာလည်း ဖြစ်နိုင်ပါတယ်။ အခုအ ချိန်မှာ ကိုယ်အုပ်ချုပ်တဲ့ စစ်တိုင်းတွေမှာ နယ်စားပယ်စားတွေလို မင်းမူတဲ့ စစ်တိုင်းမှူးတွေထဲမှာလည်း ဒီမိုက ရေစီခေတ်ရောက်ရင် ဒီလိုအခွင့်အရေးမျိုးတွေ ရမှာမဟုတ်တော့လို့ ရတုန်း လက်မလွှတ်တော့ဘူး၊ ဖြစ်ချင် ရာဖြစ်ဆိုပြီး မိုက်မိုက်မဲမဲ တွေးခေါ်လုပ်ကိုင်နေသူတွေ ရှိနိုင်ပါတယ် (အခုနောက်ပေါက် တိုင်းမှူးတွေက တိုင်းမှူးဆိုပေမယ့် တွေးတတ်ခေါ်တတ်တဲ့ အသိဥာဏ်ကနည်းပြီး တိုက်တတ်ခိုက်တတ်တဲ့ လူမိုက်သာသာ အရည်အချင်းလောက်ပဲ ရှိကြတာကလား)။
အဲဒီလို အာဏာလက်မလွှတ်ရရေးကို ဦးတည်ပြီး ဆင်ကန်းတောတိုး လုပ်ဆောင်ခဲ့လို့လည်း ဒီပဲယင်း လူ သတ်ပွဲ (killing field) ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နအဖစစ်အုပ်စု အတွင်းစည်းမှာတောင် ဒီပဲ ယင်းလူသတ်ပွဲ လုပ်ဆောင်တာကို မသိလိုက်တဲ့ ဗိုလ်ချုပ်တွေ ရှိတယ်ဆိုတာကို တွက်ဆရင် သူတို့အထဲမှာ လည်း ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ထင်ရာစိုင်းနေကြတယ်ဆိုတာ ပေါ်လွင်နေပြန်တယ်။ ဘယ်လိုပဲ ထင်ရာစိုင်း စိုင်း၊ ဘယ်သူပဲ ထင်ရာစိုင်းစိုင်း နာမည်ပျက် အရှက်ရတာကတော့ စစ်တပ်တစ်တပ်လုံးပါပဲ။
နောက်တစ်ချက်က နအဖစစ်အုပ်စုဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အဆမတန် များနေတဲ့အတွက် ခုံရုံးတင် အပြစ်ပေး အရေးယူခံရမှာကို အကြောက်ကြီး ကြောက်ပြီး တွေ့ဆုံဆွေးနွေးရေး မလုပ်ချင်တာလည်း ဖြစ်နိုင် ပါတယ်။ အဲဒါကြောင့်မို့လည်း ချောင်ပိတ်မိနေတဲ့ ခွေးလို ခံကိုက်နေတာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားမှာ ဦးနှောက်မရှိတဲ့ စစ်ဗိုလ်တစ်စု အကောက်ကြံလိုက်တဲ့ ဒီပဲယင်းလော့ခ် (lock)ကျပြီး တွေ့ဆုံဆွေးနွေးရေးဟာ ပိုပြီး အလှမ်းဝေးခဲ့ရပါတော့တယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ဆိုတာ ဒီပဲယင်းလော့ခ်ကျနေတာကို ဖွင့်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှဖြစ်မှာပါ။
ဒီပဲယင်းလော့ခ်ကျနေတာကို ဖွင့်ဖိုဆိုတာလည်း နအဖစစ်အုပ်စုအဖို့ မတွေးရဲစရာ အနေအထားပါ။ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီဆိုတာနဲ့ နအဖဟာ အဲဒီလူသတ်ကွင်း (killing field) အမှုအခင်းကြီး ကို ရှင်းရတော့မှာ ဖြစ်ပါတယ်။ အဲဒီဧရာမ အမှုအခင်းကြီးကို မရှင်းချင် မရှင်းနိုင်လို့လည်း ဒေါ်အောင်ဆန်းစု ကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ (မထားချင်ချင်၊ ထားချင်ချင်) ဆက်ထားနေရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီပဲယင်းလော့ခ်ဟာ ကျမြဲကျနေဦးမယ့် အနေအထားပါပဲ။ အဲဒီ ဒီပဲယင်းလော့ခ်ကျနေတာကို နအဖဘက်က ဘယ်လိုမှ မဖွင့်ဘူးဆိုရင်တော့ ဖွင့်နိုင်တဲ့နည်းလမ်းက တစ်နည်းပဲ ရှိပါတော့တယ်။ အဲဒါကတော့ လူထုအုံ ကြွမှု နည်းလမ်းပါပဲ။ ဒီနည်းနဲ့ ဖွင့်မှပဲ ပွင့်တော့မယ့် အနေအထားကို ဆိုက်ရောက်နေပါပြီ။
အဲဒီတော့ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ့် အနေအထား မရှိဘူးဆိုရင် အုံကြွအံ့ဆဲဆဲ လူထုကို ခေါင်းဆောင်ဖို့အတွက် နိုင်ငံတကာကရော လူထုကပါ အသိအမှတ်ပြုတဲ့ ဒုတိယခေါင်းဆောင် (second leader)ရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ အဲဒီစက္ကဲန်းလီဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထဲကပဲ ပေါ်လာမလား၊ ၈၈မျိုးဆက်ကျောင်းသားတွေထဲပဲ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ပါ။ တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက စက္ကဲန်းလီဒါ ပေါ်မလာဘူးဆိုရင်တော့ လက်ရှိအနေအထား မှာ လူထုကို ခေါင်းဆောင်ဖို့အတွက် ၈၈မျိုးဆက်ကျောင်းသားအုပ်စုထဲက တစ်ယောက်ကိုပဲ မျှော်လင့်ရတော့ မှာ ဖြစ်ပါတယ်။
လူထုကလည်း အခုလို အကျပ်အတည်း ဆိုက်နေတဲ့အချိန်မှာ ၈၈မျိုးဆက်ကျောင်းသားတွေထဲက တစ်ဦးကို အမျှော်လင့်ကြီး မျှော်လင့်နေကြပါပြီ။ တိုင်းပြည်လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ ထက်ထက်မြက်မြက် ဦး ဆောင်သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်အရွယ် အပိုင်းအခြားနဲ့ နှိုင်းစာရင် ၈၈မျိုးဆက်ကျောင်း သားတွေရဲ့ အသက်အရွယ် အပိုင်းအခြားဟာ ပိုပြီးရင့်ကျက်တဲ့ အနေအထားကို ရောက်နေပါပြီ။ အဲဒါကြောင့် ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို support လုပ်ရုံပဲလုပ်တဲ့ အနေအထားကနေ လိုအပ်ရင် ဦးဆောင်ကဏ္ဍ (leading role)ကို တာဝန်ယူနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေပြီး စနစ်တကျ ပြင်ဆင်ထားသင့်ပြီလို့ အကြံပြုလိုပါ တယ်။ ဒါဟာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ပခုံးပေါ် မလွဲမသွေ ကျရောက်လာတဲ့ သမိုင်းပေးတာဝန်လည်း ဖြစ်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Thursday, July 24, 2008
ဗီလိန်နအဖ၊ ဒီပဲယင်းလော့ခ်၊ စက္ကဲန်းလီဒါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment