Monday, July 21, 2008

ပေတိုး (ကဗျာ)

ဘယ်ကလေးတစ်ယောက်ဆီက
ကျခဲ့မှန်းမသိတဲ့
အကျထည် ဂါဝန်ပွပွကြီးနဲ့
အဲဒီ အကျထည် ဂါဝန်ကြီးကို
ထပ်မံစပ်ဟပ် ဖာထေးထားသေး
အဲဒီ အဆီအငေါ်မတည့်တဲ့ ဂါဝန်ပွပွကြီး ၀တ်လို့
ပေတိုး။

နှုတ်ခမ်းတစ်ခြား ဆေးတစ်ခြား
အပေါစား နှုတ်ခမ်းနီနီကြီးလည်း
နီနီရဲရဲကြီး ဆိုးထားခံရသေး
ပေတိုး။

အပေါစားပေါင်ဒါလည်း
မျက်နှာပေါ် တဖုန်းဖုန်း ရိုက်ခံထားရ
လူပုံအလယ်မှာ
မျက်နှာကြီး ဖွေးဖုံလို့
ပေတိုး။

ဆံပင်အရှည် မရှိလို့သာပေါ့
နို့မို့ဆို
ကော့စမက်တစ်တွေ၊ ဘယ်ရီကရိမ်းတွေ
တလှေကြီး လိမ်းခံရဦးမှာ
ကျိချွဲချွဲကြီးနဲ့ နေဦးမှာ
ဒါပေမယ့် (မလွတ်ပါဘူး)
ခုလည်း ဘယ်သက်သာလို့လဲ
ခေါင်းရမ်းပန်းရိုင်းပွင့်ကြီး တကားကား
ခေါင်းမှာ ပန်ထားခြင်းခံရသေး
ပေတိုး
မျောက်ကလေး ပေတိုး။

မျောက်ဆိုတာနဲ့ လုံလောက်ခဲ့ရဲ့သားနဲ့
ပေတိုးလို့ နာမည်မှည့်ခြင်းလည်း ခံရသေးတဲ့
ပေတိုး ပေတိုး
မျောက်ကလေး ပေတိုး။

သူ့မျောက်ဆရာက ကြိမ်လုံးလေး တစ်ချက်ဝင့်
ဟဲ့ ပေတိုး ရှေ့ဂျွမ်း(ကျွမ်း)ဆိုရင်
ပေတိုးခမျာ
ရှေ့ဂျွမ်း။

ဟဲ့ ပေတိုး
နောက်ဂျွမ်းဆိုရင်
ပေတိုးခမျာ
နောက်ဂျွမ်းတွေ တသွင်သွင် ထိုးလိုက်ရ
ဟဲ့ ပေတိုး
ရှေ့ဂျွမ်းဆိုရင်
ပေတိုးခမျာ
ရှေ့ဂျွမ်းတွေ တသွင်သွင် ထိုးလိုက်ရ။

မျောက်ဆရာက
ကြိမ်လုံးကလေး ၀င့်ဝင့်ပြလိုက်တိုင်း
မျောက်ကလေး ပေတိုးခမျာ
ဂါဝန်ကြီး တဖားဖား
ပေါင်ဒါကြီး တဖွေးဖွေး
နှုတ်ခမ်းနီကြီး တရဲရဲ
ပန်းပွင့်နီကြီး တကားကားနဲ့
လူလယ်ခေါင်ကြီးမှာ
အမြီးငေါက်တောက်နဲ့
ပေတိုးခမျာ
ကခုန်ရ ဂျွမ်းတွေ ဂျွမ်းတွေ
ထိုးထိုးပြရ
သူငယ်ချင်း လီကီရေ …
ငါတို့တွေမလဲ
ဆိုကြပါစို့
လောကဓံ မျောက်ဆရာက
ကြိမ်ကလေး ၀င့်ပြလိုက်တဲ့အခါ
ပေတိုးပဲ မဟုတ်ဘူးလား။

ဒါပေမယ့်
တို့တွေ
ပေတိုးလိုပဲ ကံကောင်းတယ်
တို့က
ရှုမျှော်နေကြရတယ်
ပေတိုးခမျာ
ကျောပေါ်ကျတဲ့ ကြိမ်ချက်ကမှ
သက်သာလိမ့်ဦးမယ့်လို့
မသိခဲ့ရှာဘူးကိုး။

ခုတော့ …
အမြီးငေါက်တောက်ကြီးနဲ့
ခမျာမှာ
ဂါဝန်ကြီး တဖားဖား
နှုတ်ခမ်းနီကြီး တရဲရဲ
ပေါင်ဒါကြီး တဖွေးဖွေးနဲ့
လူလယ်ခေါင်ကြီးမှာ
ပေတိုး
မျောက်ကလေး ပေတိုး။ ။

မောင်ချောနွယ်

No comments: