Monday, July 21, 2008

ဒီနေ့ကွန်နက်ရှင်မကောင်းဘူး

(ခေတ်ပြိုင် ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
အင်တာနက်ဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် မည်သည့်အရာကိုမဆို အသုံးပြုနိုင် သော်လည်း မြန်မာနိုင်ငံတွင်မူ အင်တာနက် ကန့်သတ်ထိန်းချုပ်မှုမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွား ဆုံး (၁၀)နိုင်ငံတွင် ပါဝင်ခဲ့သည်။ လက်ရှိအစိုးရ ထိန်းချုပ်ထားသည့် ISP (Internet Services Provider) နှစ်ခုကပင် အင်တာနက်လိုင်းများ မလောက်မင ပေးနေရ၍ အင်တာနက်မြန်နှုန်းမှာ နှေးကွေးနေရသလို လူ ငယ်နှင့် အင်တာနက်ယဉ်ကျေးမှု အကျွမ်းတ၀င် ဖြစ်သွားမည်ကို စိုးရိမ်၍ အင်တာနက်မြန်နှုန်းကိုလည်း 512 kbps ထက် ပိုမပေးချေ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း အများပြည်သူ သုံးစွဲသော အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်မှုပြုခဲ့သကဲ့သို့ နောက်ပိုင်းတွင်လည်း အင်တာနက်သုံးစွဲသူများ၏ မှတ်ပုံတင်အမှတ်နှင့် နေရပ် လိပ်စာပါ မေးမြန်းထားရန် မည်သည့်ဝက်ဘ်ဆိုက်များ ကြည့်ရှုသည်၊ Download လုပ်ယူသည်များကိုပါ မှတ် ပုံတင်ထားရန် ညွှန်ကြားထားသည်အထိ အင်တာနက် သုံးစွဲမှုကို တင်းကျပ်စွာ တားမြစ်ထားသည်။

အများပြည်သူများ သုံးစွဲနေသော အင်တာနက်စနစ်ကို လုံးဝရပ်တန့်ပစ်ရန်ထိပင် ဆန္ဒရှိသော်လည်း နအဖ အနေဖြင့် ၎င်းအင်တာနက်မှ ရရှိသော ငွေကြေးနှင့် အခြားသော အကျိုးအမြတ်များ ရရှိနေသေးသဖြင့် မချစ် သော်လည်း အောင့်ကာနမ်းနေရသည်။ အင်တာနက်နှင့် ပတ်သက်၍ မြန်မာသတင်းနှင့် နည်းပညာဆက် သွယ်ရေး ကော်မတီက မေ (၂၉)ရက်နေ့တွင် သတင်းတခု ထုတ်ပြန်ကာ အင်တာနက်သုံးစွဲမှုကို သွယ်ဝိုက်၍ တင်းကျပ်လိုက်ပြန်ပါသည်။

မေ (၂၉)ရက်နေ့စွဲဖြင့် အင်ဂျင်နီယာအဖွဲ့ ကွန်ရက်လည်ပတ်ဌာန မြန်မာတယ်လီပို့ဟု အကြောင်းကြားထား သောစာတွင် မြန်မာတယ်လီပို့ အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့် ကောင်းမွန်သော အင်တာနက်ဝန်ဆောင် မှုများကို ပေးနိုင်ရန်အတွက် လိုအပ်သော စက်ကိရိယာများကို ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါတွင် အင်တာနက် သုံးစွဲရန်အတွက် Proxy Server များကို အသုံးပြုရန် မလိုတော့ပါ။ သို့ဖြစ်ပါ၍ Web Browser Software များတွင် Proxy Server Setting များကို ဖြုတ်၍ အင်တာနက်သုံးစွဲပါရန် ညွှန်ကြားစာများ အီးမေးလ်မှတဆင့် ပေးပို့ခဲ့သည်။

အများပြည်သူများအား ခြိမ်းခြောက်စာဆန်ဆန် ပေးပို့ခဲ့သည့် အင်ဂျင်နီယာအဖွဲ့ ကွန်ရက်လည် ပတ်ရေးဌာန မြန်မာတယ်လီပို့ဆိုသည်မှာ စဖရခေါ် စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ထားခြင်းဖြစ်ပြီး မော်စ ကိုတွင် သွားရောက်လည်ပတ်သင်ကြားခဲ့သော ဗိုလ်သင်တန်းကျောင်းဆင်း အများစုနှင့် ဖွဲ့စည်းထား ကာ ယခင် MICT Park ယခု Myanmar Info Tech တွင် ၎င်းတို့ဌာနကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာက ပေါ်ပေါက်ခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း အများပြည်သူ သုံးစွဲနေသော အင်တာနက် ချိတ်ဆက်မှုကို နိုင်ငံအနှံ့ ဖြတ်တောက်၍ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ် တောက်မှုပြုခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့ ၂၀၀၈ ခုနှစ်အတွင်း www.blogger.com နှင့် အခြားသော ၀က်ဘ်ဆိုက်များအား ပိတ်ပင်တားမြစ်ခဲ့သည့်အဖွဲ့လည်း ဖြစ်သည်။ ယခင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ဗိုလ်မှူးကြီးတင်ဦး ဦးစီးသည့် ကွန်ပျူတာအရေးပေါ် တုံ့ပြန်မှုကော်မတီကို ပြန်လည် အသက်သွင်းထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ကွန်ရက်လည်ပတ်ရေးဌာန ညွှန်ကြားချက်အတိုင်း အချို့သော အင်တာနက် ကဖေးပိုင်ရှင်တို့က ၎င်းတို့၏ Yourfreedom,Ultrasurf စသော Proxy Server များကို ဖြုတ်ပစ်လိုက်ကြသော်လည်း အမြန်နှုန်းမှာ မေ (၅) ရက်အထိ ထူးခြားမှု မရှိသေးသည့်အခါ အချို့သော အင်တာနက် အသုံးပြုသူများတွင် Proxy Setting များ ပြန်လည် Install လုပ်လာကြသည်။

စစ်ထောက်လှမ်းရေး ဖျက်သိမ်းခံရပြီးနောက် အင်တာနက်ဝန်ဆောင်မှုတွင် လျော့တိလျော့ရဲဖြင့် ကိုင်တွယ် ခဲ့သော နအဖမှာ ရွှေဝါရောင်တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်းအတွက် သတင်းဆက်သွယ်ရေး နည်းပညာ၏ အံ့မခန်း အစွမ်းထက်မှုကြောင့် ၎င်းတို့အာဏာကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ကို သိလာသောအခါ ဗြဟ္မာဦး ခေါင်းကို ပိုက်မိနေသလို ဖြစ်နေသည့်အတွက် အင်တာနက်နှင့်ပတ်သက်၍ ပိုမိုတင်းတင်းကျပ်ကျပ် ကိုင်တွယ် ရန် ဆုံးဖြတ်ထားပုံရသည့်အတွက် ထိုကဲ့သို့ ပထမခြေလှမ်းအဖြစ် Proxy Server များကို ဖြုတ်ခိုင်းရခြင်းဖြစ် ကြောင်း ကွန်ပျူတာ ကျွမ်းကျင်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများ အနေဖြင့် မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်ထားသော အမြန်နှုန်းနှင့် ပတ်သက်၍ သိချင်လျှင် www.testmyspeed.com ကိုဖွင့်၍ Click Here To Test ဟူသည့် Button တွင် Click နှိပ်လိုက်သည့်အခါ ဒိုင်ခွက်နှစ်ခုတွင် Upload Speed မည်မျှရှိသည်ကို ဖော်ပြထားမည် ဖြစ်သည်။ အကယ်၍ သင်၏ ကွန်ပျူတာ Download Speed မှာ 352 kbps အောက် လျော့နည်းနေပါက သင့်စိတ်ကြိုက် Proxy Server များကို ပြန်လည် တင်ဆင်ခြင်းဖြင့်လည်းကောင်း၊ သို့မဟုတ် http//www2.multiproxy.org/ mproxy12.zip တွင် System Tracy Icon ထဲမှ Multiproxy icon ကို ရှာကာ ညွှန်ပြထားသည့် အချက်များ အတိုင်း Install လုပ်နိုင်ပါသည်။

မြန်မာအင်တာနက် သုံးစွဲသူ လူငယ်တို့၏ နားထဲတွင် ကြားနေကျ စကားလုံးတခုဖြစ်သည့် “ဒီနေ့ ကွန်နက်ရှင် မကောင်းဘူး” ဆိုသော စကားဖြင့် တင်းတိမ်မနေကြဘဲ၊ စိတ်ပျက်အားငယ်မနေဘဲ ကမ္ဘာ့ပြူတင်းပေါက်ကို ဖွင့်လှစ်ကြည့်နေသည့် မိမိ၏ အင်တာနက်အမြန်နှုန်းကို လိုအပ်သလို ပြင်ဆင်၍ မြန်မာလူငယ်များ အနေဖြင့် နိုင်ငံတကာက စာမျက်နှာကို ဖတ်ရှုနိုင်ပါစေဟူ၍ ဆန္ဒပြုလိုက်ပါသည်။ ။

ငြိမ်းချမ်းငြိမ်း

No comments: