ဂျင်ဂလိ
အိန္ဒိယနိုင်ငံကို ဗုဒ္ဓဂယာဘုရားဖူးအဖြစ် သွားခဲ့တုန်းက အကြောင်းအရာလေးတစ်ခုကို ဂျင်ဂလိ ဖောက်သည် ချပါဦးမယ်။ အဲဒီနေ့က ဂျင်ဂလိတို့အဖွဲ့ မင်္ဂလာဒုံလေဆိပ်မှာ လေယာဉ်စောင့်နေကြတယ် ဆိုပါတော့။ ဂျင်ဂ လိတို့ စီးမယ့်လေယာဉ်မှာ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ တောင်အာရှကလပ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲမှာ အ နိုင်ရ ဗိုလ်စွဲခဲ့တဲ့ အောင်ပွဲရ ဘဏ္ဍာအခွန် ဘောလုံးသမားတွေ ပြန်လည်လိုက်ပါလာမယ်လို့ သိရပါတယ်။
မကြာခင်မှာပဲ သတ်မှတ်ချိန်ထက် နောက်ကျပြီး လေယာဉ်ဆိုက်လာပါတယ်။ လေယာဉ်ပေါ်တက်မယ့် ဂျင်ဂ လိတို့အဖွဲ့က လေဆိပ်ခန်းမ မှန်ပြတင်းတွေကနေ ဘောလုံးသမားတွေ ဆင်းလာတာကို စောင့်ကြည့်နေ ကြ တယ်။ လေယာဉ်အောက်မှာလည်း အားကစားသတင်းထောက်တွေ၊ ကြိုဆိုရေးအဖွဲ့ဝင်တွေက အိုးစည်ဗုံ မောင်းတွေနဲ့ စောင့်ကြိုလို့ပေါ့။ အတူပါလာတဲ့ ခရီးသည်အချို့ လေယာဉ်ပေါ်ကဆင်းပြီး အချိန်အတော်ကြီး ကြာမှ ဘောလုံးသမားတွေ တန်းစီပြီး ဆင်းလာတယ်။ ရှေ့ဆုံးကလူက အလံကြီးကိုင်လို့ပေါ့။ အိုးစည်ဗုံ မောင်းတွေနဲ့ တီးမှုတ်ကခုန်ပြီး ဘောလုံးသမားတွေကို လေဆိပ်ခန်းမထဲ ကြိုဆိုသွားတယ်။ ဒါပေမယ့် အောင်ပွဲရ ဗိုလ်စွဲလာတဲ့ အသင်းအနေနဲ့ ဒိုင်းဆုကြီးကိုင် မြှောက်လာတာကို မတွေ့လိုက်ရတော့ ဂျင်ဂလိတို့ စိတ်ထဲမှာ ဗိုလ်စွဲလာတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး သံသယတွေ ပွားကုန်တာပေါ့။ အဲဒီသံသယ စိတ်က အိန္ဒိယက ပြန်ခါနီး ကိုးလ်ကတ္တား မြန်မာဘုန်းကြီးကျောင်းမှာ တည်းခိုရတဲ့ ညကျမှ ရှင်းသွားတော့ တယ်။
အဲဒီညက ဂျင်ဂလိတို့လည်း ဘုန်းကြီးကျောင်း တည်းခိုဆောင်မှာ ဖွင့်ထားတဲ့ တီဗီက ပရီးမီးယားလိဂ် ဘောလုံးပွဲကို ထိုင်ကြည့်နေကြတယ်။ ကြည့်နေတုန်း ကျောင်းထိုင်ဆရာတော်က မနက်ဖြန်ပြန်တော့မယ့် ဂျင်ဂလိတို့ ဘုရားဖူး အဖွဲ့သားတွေကို လာနှုတ်ဆက်တယ်။ ဂျင်ဂလိတို့ ဘောလုံးပွဲကြည့်နေတာကိုမြင်တော့ ဆရာတော်က ‘ဘောလုံးပွဲဆိုလို့ ဒကာကြီးတို့ကို ပြောပြရဦးမယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက မြန်မာသံရုံးက ဆရာတော့်ဆီကို ဖုန်းဆက်လာတယ်။ ဆရာတော့်ကျောင်းမှာ လာတည်းခိုတဲ့အထဲက မြန်မာပြည်ကို အမြန်ဆုံးပြန်မယ့် သူရှိလားလို့ မေးတယ်။ ဆရာတော်က ဘာများအရေးကြီးလို့လဲလို့ ပြန်မေးလိုက်တယ်။ အကြောင်းကတော့တဲ့ ပြီးခဲတဲ့ တောင်အာရှကလပ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲမှာ မြန်မာဘဏ္ဍာအခွန် ဘောလုံးအသင်းက ဗိုလ်စွဲတယ်တဲ့။ အဲဒီလို ဗိုလ်စွဲပြီး အပြန်မှာ ဒိုင်းဆုကြီးကို သယ်မသွားဘဲ ကိုးလ်ကတ္တား လေဆိပ်မှာ မေ့ကျန်နေခဲ့လို့ လူကြုံပါးလိုက်ချင်လို့ပါတဲ့။ ဆရာတော်လည်း ကြားစက ပြုံးချင်မိသွားတယ်။ ဘယ်လိုဖြစ်ကြတာလဲပေါ့။ နောက်ကျမှ သြော် … သူတို့လည်း ဗိုလ်မစွဲတာ နှစ်ပေါင်းများစွာကြာတော့ အကျင့်မရှိလို့ မေ့ကျန်ခဲ့တာထင်ပါရဲ့လို့ပဲ ဖြေတွေးလိုက်ရတယ်’ တဲ့။
ဆရာတော် ပြောလို့လည်းပြီးရော အားလုံး ရယ်ကြပါလေရော။ ရယ်သံစဲတော့မှ ဂျင်ဂလိလည်း ဆရာတော့်လို ဖြေတွေးလေး ထပ်တွေးလိုက်မိတယ်။ ဟုတ်ပါရဲ့၊ တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးနေတဲ့ နအဖ စစ်အာဏာရူးတွေ လက်ထက်မှာ မြန်မာဘောလုံးအသင်း အောင်ပွဲနဲ့ ဝေးခဲ့တာ ကြာပြီဆိုတော့ ဒိုင်းဆုကြီးကို သယ်မသွားဘဲ မေ့ကျန်ခဲ့တာ ဘောလုံးသမားတွေကို အပြစ်မဆိုသာဘူးလို့ပေါ့လေ။
ဂျင်ဂလိ
Sunday, July 20, 2008
ဖြေတွေး (ဟာသ)
Subscribe to:
Post Comments (Atom)










No comments:
Post a Comment