Saturday, July 12, 2008

လူကြံရင်မခံနိုင်ဘူး အထူးပင်မှတ်ကြလေ

အညာမြေ-ဆြာဆွေ

(တို့မီးနဲ့ ရှို့မီး အမြွှာညီနောင်ဆွေးနွေးခန်း)

တို့မီး ။ ။ ဟာ … ညီလေးရှို့မီးပါလား၊ ဘယ်ကလှည့်လာတာလဲကွ။
ရှို့မီး ။ ။ ဘယ်ကမှ လှည့်မလာဘူး၊ အကိုကြီးဆီပဲ တန်းလာတာ၊ ဘာတွေ ထိုင်ကြည့်နေတာလဲ အကိုကြီးရ။

တို့မီး ။ ။ သြော် … ဘာရယ်မဟုတ်ပါဘူးကွာ။ မီးလေး နာရီဝက်လောက်လာတုန်း တီဗီရှေ့ ထိုင်နေမိတယ် ဆို ပါတော့။ လာ … ဒီမှာထိုင်ကွာ။
ရှို့မီး ။ ။ အေးဗျာ … အကိုကြီးတို့ ရပ်ကွက်ကမှ မီးလေးဘာလေး မြင်ရသေးတယ်။ ညီလေးတို့ ရပ်ကွက်က တော့ ‘ညမှောင်မှောင် … လမှောင်မှောင် … ကြယ်ရောင်သော်မလင်း’လို့ တွံတေးသိန်းတန်ဆိုခဲ့သလို ‘မေတ္တာမီးအိမ်’ နဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပြီ အကိုကြီးရေ။

တို့မီး ။ ။ အံမယ် … အံမယ် … မင်းက မီးမလာတာကိုများ စိတ်မညစ်ဘဲ သီချင်းတောင်ညည်းပြီး အဓိပ္ပါယ်ဖွင့် ဆိုလို့ပါလားကွ။
ရှို့မီး ။ ။ ပျော်စရာတကွက်မှမရှိတဲ့ နအဖစစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စိတ်ညစ်နေလို့ကော ဘာထူး ဦးမှာလဲ အကိုကြီးရာ။

တို့မီး ။ ။ ဒီလိုလည်း မဟုတ်သေးဘူးလေကွာ။ မင်းပြောတဲ့ပုံက ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ သေမထူးနေ မထူး မထူးလျှော့တွေရဲ့ လေသံပေါက်နေပြီကွ။
ရှို့မီး ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး အကိုကြီးရဲ့။ ကျနော်လည်း ဒီသောက်ရူးတွေ မြန်မြန်နိဂုံးချုပ်ဖို့ ဘယ်လို တိုက်ရရင် ကောင်းမလဲ အကြံထုတ်နေတာပါဗျ။

တို့မီး ။ ။ ဟေ့ကောင် ဟေ့ကောင် ပြောမယ့်ပြောတော့လည်း အသံကကျယ်လှချည်လား၊ တိုးတိုးလုပ်ပါကွာ၊ တော်ကြာ မင်းပြောတာကြားသွားလို့ နအဖစစ်အာဏာရူးတွေက သူတို့ကိုဆန့်ကျင်တယ်ဆိုပြီး တို့ညီနောင်ကို မတရားအသင်း ကြေညာနေပါဦးမယ်။ ….
ရှို့မီး ။ ။ အဲဒီလို ကြေညာခံရတော့လည်း နည်းလားအကိုကြီးရ၊ ဟိုတနေ့က သူတို့ရဲ့ သတင်းညာရှင်း လင်းပွဲမှာ မတရားအသင်းတွေလို့ ထုတ်ပြန်ကြေညာတဲ့ NCGUB/ ABSDF/ SSA-S/ FTUB တော်လှန်ရေးအဖွဲ့ အစည်းတွေလို ဂုဏ်ယူစရာပေါ့။

တို့မီး ။ ။ အေး … ဒါနဲ့ညီလေးရေ၊ ကြားရကြားရ နားဝမှာမသက်သာ ဆိုသလိုပဲ ငါတို့တိုင်းပြည်က စစ်အာဏာ ရူးတွေရဲ့ သတင်းညာရှင်းလင်းပွဲက ဗြောင်လိမ်ဗြောင်လိမ် တေးသံတွေကို နားသောတဆင်ရတာ တယ်နားက လောစရာပါလားကွာ။
ရှို့မီး ။ ။ ဒါကတော့ အကိုကြီးတို့မီးက သူတို့ရဲ့သတင်းညာရှင်းလင်းပွဲက မရှင်းမရှင်း ရှင်းလင်းချက်တွေကို အ ချိန်ကုန်ခံ အဖက်လုပ်ပြီး သွားနားထောင်နေလို့ကိုး။

တို့မီး ။ ။ အော် ဒါကတော့ကွာ ကိုယ့်တိုင်းပြည်အရေးနဲ့ သက်ဆိုင်နေတော့လည်း ဒီကောင်တွေကို သောက် မြင်ကပ်တယ်ဆိုပြီး နားမထောင်ဘဲ လစ်လျူရှုထားလို့တော့ ဘယ်ရမလဲကွ။
ရှို့မီး ။ ။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ဒါနဲ့ သူတို့က ဘာတွေလိမ်ညာသွားလို့ အကိုကြီးက နားကလောနေရတာလဲဗျ။

တို့မီး ။ ။ အော် သူခိုးကလူဟစ်ဆိုသလို သူတို့ဘာသာသူတို့ဗုံးခွဲပြီး သူများကို အပြစ်ပုံချနေလို့ပေါ့ကွ။ သူတို့ အာဏာမြဲဖို့အတွက်ဆို ပြည်သူတွေ ဘယ်နှစ်ယောက်ပဲသေသေ သတ်ဖို့ဖြတ်ဖို့ ၀န်မလေးတဲ့ကောင်တွေက မျက် နှာပြောင်တိုက်လီစယ်ပြီး ပြောဆိုနေတာကို နားထောင်ရတာ နားကလောလွန်းလို့ပါကွာ။
ရှို့မီး ။ ။ သူတို့ခမျာလည်း အရှက်ထက် အသက်က အရေးကြီးနေတာမဟုတ်လား အကိုကြီးရ။ အဲဒီတော့ တိုင်း ပြည်မငြိမ်သက်လို့ သူတို့ကပဲ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေရသယောင် တော်ကြာ ပန်းခြံနား ဗုံးထောင် ပြီးခွဲလိုက်၊ တော်ကြာ အမှိုက်ပုံထဲ ဗုံးထည့်ပြီးခွဲလိုက်၊ တော်ကြာ ပန်းဆိုးတန်းခုံးတံတားပေါ် ဗုံး ခွဲလိုက်နဲ့ ပြည်သူတွေ ကျီးလန့်စာစားဖြစ်အောင် သူတို့ပဲလုပ်နေတာမဟုတ်လား အကိုကြီးရ။

တို့မီး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီနည်းနဲ့ လုပ်စားနေတာ အခုမှမဟုတ်ဘူးကွ၊ သူတို့ပထွေး နေ၀င်းလက် ထက်ကတည်းကပဲ။ ဒါပေမယ့် တို့လူထုကလည်း ခံရပါများတော့ ဘယ်သူ့လက်ချက်လဲဆိုတာ မပြောလည်းသိ နေကြပါပြီကွာ။ လက်နက်နဲ့ခြိမ်းခြောက်ပြီး လိမ်ညာစားသောက်တဲ့နည်းကို ဒီစစ်အာဏာရူးတွေ အရသာ ကောင်းကောင်းတွေ့နေပြီကွ။ ဒါကြောင့် အာဏာကို မစွန့်လွှတ်နိုင်အောင် ဖြစ်နေတာပေါ့။
ရှို့မီး ။ ။ ဒါပေမယ့် အကိုကြီးရာ စစ်တပ်မှာကလည်း ထိပ်ပိုင်းက လက်တဆုပ်စာ အာဏာရူးတွေလောက်သာ အာဏာယစ်မူးပြီး အခွင့်ထူးခံနေကြတာပါ။ အောက်ခြေ စစ်မှုထမ်းတွေခမျာတော့ ပြည်သူလူထုအများစုလိုပဲ မွဲ ပြာကျနေတာပါ။ ဟိုတနှစ်ကဆို မန္တလေးမြို့အထွက် အမရပူရဖက်သွားတဲ့ လမ်းပေါ်မှာ လူတွေအုံခဲနေတာ တွေ့လို့ ဘာများဖြစ်လို့လဲဆိုပြီး သွားကြည့်တာ ကင်းစောင့်စစ်သားလေးတယောက် ထမင်းဆာလို့စိတ်တိုပြီး ခေါင်းကိုသေနတ်နဲ့ပစ် သေကြောင်းကြံသွားတာတဲ့ အကိုကြီးရေ။ သွေအိုင်ထဲမှာ ပက်လက်ကြီးလဲနေတာ တွေ့ရတယ်။

တို့မီး ။ ။ အေးကွာ ကြားရတာ တော်တော့်ကို ကြေကွဲစရာပဲ။ ဒါနဲ့ အကိုကြီး ဟိုတလောက မိတ္ထီလာကိုရောက် တော့ မြို့ခံဘော်ဒါတယောက်ပြောပြလို့ သိရတဲ့အနေအထားကလည်း တော်တော့်ကို စိတ်မကောင်းစရာပဲ။
ရှို့မီး ။ ။ ဘာဖြစ်လို့လဲ အကိုကြီးရ။

တို့မီး ။ ။ ဒီလိုကွာ၊ မိတ္ထီလာမြို့ထဲကို မနက်မနက်ဆို တပ်ကဈေးကား လာတယ်တဲ့၊ အောက်ခြေစစ်မှုထမ်း တွေရဲ့ မိန်းမတွေအများစုပေါ့။ ဒါပေမယ့် ဈေးကားတပ်ထဲပြန်တဲ့အခါ အမျိုသမီးတော်တော်များများ ပြန်မ လိုက်သွားကြဘဲ ဈေးထဲမှာ မယောင်မလည်နဲ့ နေခဲ့သတဲ့။ တပ်ကကားလည်း ထွက်သွားရော အဲဒီအမျိုးသမီး တွေက မိတ္ထီလာမြို့ပေါ်က တည်းခိုခန်းတွေပေါ်တက်ပြီး လှုပ်ရှားတော့တာပဲတဲ့။ ညနေစောင်းမှ လိုင်းကားစီး ပြီး တပ်ထဲကိုပြန် ကြတယ်တဲ့။ စစ်ဗိုလ်မိန်းမတွေတောင် ပါတယ်တဲ့ကွာ။ ဘယ်လောက် ကြေကွဲစရာကောင်း လဲ။
ရှို့မီး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ တချို့တပ်တွေမှာ ရှေ့တန်းထွက်နေရတဲ့ စစ်သားတွေရဲ့ မိန်းမတွေဆို ကျောင်းနေအရွယ် သူတို့ကလေးတွေကို ကျောင်းမထားနိုင်ဘဲ အပြင်ထွက် အလုပ်လုပ်ခိုင်းနေရတယ်တဲ့။ တချို့လည်း တပ်အပြင်ဖက်ထွက်ပြီး ထင်းခွေရေခပ်လုပ်၊ တချို့လည်း စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် တွေမှာ စားပွဲထိုးတွေလုပ်နဲ့ စားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းနေရတယ်တဲ့။

တို့မီး ။ ။အေးကွ၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးချင်း တူပေမယ့် အပေါ်ကအာဏာရူးတွေနဲ့ ဆွေမျိုးတော်သူတွေ၊ အကပ်အရပ် ကောင်းသူတွေ၊ အောက်ဆွဲတွေကတော့ မြို့ပေါ်က နေရာကောင်းတွေမှာ စည်းစိမ်ယစ်နေကြပြီး အကပ်အရပ် မကောင်းသူတွေကတော့ ရှေ့တန်းထွက်ပြီး အသေအကြေ တိုက်နေရတယ်။ အဲဒီတော့ တပ်ထဲမှာလည်း ဒီ အာဏာရူးတွေနဲ့ ပလဲနံပသင့်ပြီး သူတို့ကို --- မနေတဲ့သူတွေလောက်သာ အဆင်ပြေ အခွင့်ထူးခံနေရပြီး အများ စုဖြစ်တဲ့ စစ်တပ်ဝန်ထမ်းတွေကတော့ ဒုက္ခအတိနဲ့ပါပဲ။
ရှို့မီး ။ ။ အခုဆို နယ်တွေမှာစစ်သားတွေက ဆက်ကြေးကောက်၊ ဓမြတိုက်၊ လုယက်တာတွေ တော်တော့်ကို များလာပြီတဲ့။ ရှေ့တန်းနဲ့နီးတဲ့ ရွာတွေမှာဆို နအဖစစ်သားတွေကိုပဲ ကြောက်နေရလို့ တချို့ရွာတွေဆို ရွာလုံး ကျွတ်ကို ထွက်ပြေးကြရတာတဲ့။ ငါ့ဝမ်းပူဆာမနေသာဆိုသလို နအဖစစ်သားတွေလည်း ငတ်လာတော့ တွေ့ ရာမြင်ရာလုပ်ကြ၊ ရက်စက်ကြတော့တာ နေမှာပေါ့။

တို့မီး ။ ။ အေးကွာ … မြန်မာစစ်တပ်ရဲ့ အနာဂတ်ကတော့ တကယ့်ကို မတွေးဝံ့စရာပဲ။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို စစ်အာဏာရူးနေ၀င်းက သူ့တပ်မတော် လုပ်လိုက်ကတည်းကစပြီး အဖတ်ဆယ်လို့ မရတော့တာ အခုအထိပဲ။ ဒီမိုကရေစီရရှိဖို့အတွက် တိုက်ပွဲဝင်ရင်း စစ်အာဏာရှင်တွေ ရက်ရက် စက်စက်နှိပ်ကွပ်ခဲ့လို့ သွေးမြေကျခဲ့ရတဲ့၊ ဘ၀ပျက်ကျိုးကြေခဲ့ရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမား တွေ၊ အရပ်သားတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ သေချာတာ တခုကတော့ကွာ၊ ကျောင်းသားဦးရေအ များဆုံး စတေးခဲ့ရတာ မြန်မာပြည်ပဲ။ နေ၀င်းလက်ထက်ကနေ ဒီကနေ့ သန်းရွှေလက်ထက်အထိဆို မရေ မတွက်နိုင်အောင်ပဲ။ မနေ့တနေ့ကမှ ပူပူနွေးနွေး အကွက်ချနှိပ်ကွပ်ခဲ့တဲ့ စစ်အာဏာရူးတွေရဲ့ ဒီပဲယင်း ရက်စက်ယုတ်မာမှုကြီးကို ကြည့်ရင် ဒီကောင်တွေဟာ အာဏာမစွန့်ရဖို့အရေးအတွက် ဘာပဲလုပ်ရလုပ်ရ ဆိုတာလိုဖြစ်နေတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတော့တာပဲ။
ရှို့မီး ။ ။ အဓိကကတော့ ထိပ်ပိုင်းက အာဏာရူးတစု သူတို့ကိုယ်ကျိုးအတွက် ခြယ်လှယ်နေတာကို အောက်ခြေက စစ်တပ်ဝန်ထမ်းတွေက တသွေးတသံတမိန့်နဲ့ လိုက်လုပ်ပေးနေရတာပါဗျာ။ နာမည်ပျက်တော့ စစ်တပ်တခု လုံး ပျက်နေရတာပေါ့။

တို့မီး ။ ။ အေးကွာ အဲဒီထိပ်ပိုင်း စစ်အာဏာရူးတစုနဲ့ အောက်ခြေ စစ်တပ်အနေအထားကို ခွဲခြားရှုမြင်ပြီး အပေါ်ပိုင်းကို ဖယ်ထုတ်နိုင်အောင် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ၀ိုင်းဝန်းကြိုးပမ်းကြရမှာပဲ။ ပြီးမှ ပြည် သူ့တပ်မတော်ကြီး ပြန်ဖြစ်အောင် ပြန်လည်ပြုစုပျိုးထောင်ကြရမှာပဲ။
ရှို့မီး ။ ။ အချိန်တော့ တော်တော်ယူရမယ်ထင်တယ်နော် အကိုကြီး။

တို့မီး ။ ။ ဒါကတော့ကွာ၊ ရောမမြို့ကြီးကိုတောင် တရက်တည်းနဲ့ အပြီးဆောက်ခဲ့တာမှ မဟုတ်ပဲ၊ စိတ်ရှည် သည်းခံ မျှော်မြင်ကြံရင် ဧကန်မုချ အောင်မြင်ရမှာပေါ့ကွာ။ ကဲ … ကဲ လမ်းမီးမလာ ဘာမလာနဲ့ အိမ်ပြန်ခက် နေဦးမယ်။ နောက်မှ ဆက်ပြောကြသေးတာပေါ့။

အညာမြေ-ဆြာဆွေ

(ခေါင်းစဉ်ကို ‘ပြည်တော်ဝင်’သီချင်းစာသားမှယူပါသည်။)

(၂၀၀၅၊ အောက်တိုဘာလထုတ် ဘာမားပို့စ်ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

1 comment:

Myo Win Zaw said...

ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။
ငါတို့အမျိုး စစ်မျိုးမရှိ
စစ်မျိုးပါလျှင် သူခိုးသူဝှက် အလိမ်ပါဘက် မုဒိမ်းကောင်တက်သလို
အမျိုးနာမည်
အောက်တန်းမျိုးရိုး
စစ်ဗိုလ် စစ်သားမျိုး ခွေးကဲ့သို့
အဘက်မလုပ် အ၀င်မခံ မျိုးရိုးဂုဏ်နိမ့်မည်စိုး
ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။