အဟိ
မလိမ်မိုးမလိမ္မာ လူပျိုပေါက်အရွယ် ရွာမှာနေတုန်းက အကိုကာလသားကြီးတွေကို ကြည့်ကြည့်ပြီး အဟိ အတု ခိုးမိတာတွေ ရှိတယ်။ ဘာရယ်မဟုတ်ဘူး၊ လူပျိုပေါက်အရွယ်ဆိုတော့ အရာရာကို လက်တည့်စမ်းချင်တာ ရော နောက်ပြီး ရွာက အပျိုချောတွေရှေ့မှာ အကောင်လိုလို အယောင်လိုလို ဂိုက်ဆိုက်ဖမ်းချင်တာလည်းပါ တာပေါ့။ အဲဒီတော့ အကိုကာလသားကြီးတွေ ဆေးလိပ်သောက်တာမြင်ရင် ရွာအပြင် လယ်ကွင်းထဲကိုသွားပြီး မိဘတွေကွယ်ရာမှာ ဆေးလိပ်သောက် ကျင့်လိုကျင့်၊ ထန်းရည်သောက်တာမြင်ရင် ဆရာမသိအောင် ရွာ ကျောင်းကလစ်ပြီး သူငယ်ချင်းတွေနဲ့ ထန်းတောထဲသွား ထန်းရည်ခိုးသောက်လိုသောက်၊ ရွာက ကွမ်းတောင် ကိုင်တွေ ရေခပ်ဆင်းချိန်မှာ ညောင်ညိုရိပ်ကစောင့်ပြီး ပုလွေသံ တကျူကျူနဲ့ ပိုးပန်းတတ်တဲ့ အကိုကာလ သားတွေကို မြင်ပြန်ရင်လည်း ဘင်ခရာသင်တန်းတက် (အဲလေ …) ပုလွေမှုတ်သင်ပြီး ကိုယ်ကျိတ်ကြိုက်နေ တဲ့ ကွမ်းတောင်ကိုင်မလေးကို ပိုးပန်းချင်စိတ် ပေါ်မိပြန်ပါရော။
ဒါပေမယ့် ‘ရူပါမလိုဘူး၊ ဗျူဟာပဲ လိုတယ်’ ဆိုတဲ့ အင်ဖော်မေးရှင်း တက်ခနော်လော်ဂျီခေတ်ကြီးမှာ တော သားလေး အဟိရဲ့ ဗျူဟာတွေကပဲ ချာတူးလန်နေလို့လားမသိ။ ကိုယ်က ပိုးလိုက် သုတ်သွားလိုက်၊ ကိုယ်က ချိန်လိုက် လင်နောက်လိုက်ဆိုတဲ့ အဖြစ်ဆိုးတွေနဲ့ တိုးတိုးနေလို့ ရွာက လူတွေကို မျက်နှာပူပြီး ကျန်ရစ်ကြီး အဟိခမျာ မြို့ကို ပြောင်းပြေးခဲ့ရပါတော့တယ်။ အဟိမှာ စာတိုပေစကလေးတွေ မတောက်တခေါက် ရေးစပ်တဲ့ ပိုးကလေးကလည်း ရှိလေတော့ မြို့ကိုလည်းရောက်ရော အဟိရဲ့ အသည်းကွဲရောဂါကို လောက်ခေါင်နဲ့ ကု စားပေးတဲ့ နောင်တော် ကဗျာဆရာကြီး မောင်ရှမ်းပြည်(ထင်းရှူး)နဲ့ ခင်မင်မိရောဆိုပါတော့။
အဲသလိုနဲ့ နေ့စဉ်နေ့တိုင်းနီးပါးလောက် ဆိုသလို ဆရာမောင်ရှမ်းပြည်(ထင်းရှူး) အိမ်ကို အဟိက ရောက် ရောက်နေတတ်တယ်။ ကြာတော့ အိမ်ရှိလူကုန်နဲ့ပါ ရင်းနှီးကုန်တယ်။ အထူးသဖြင့် အဟိတို့ဝိုင်းရဲ့ ဝေယျာဝစ္စ အ၀၀ကို မညည်းမညူ လုပ်ပေးရှာတဲ့ ဆရာမောင်ရှမ်းပြည်ရဲ့ တပည့်ကျော် အလီကို ပိုပြီး ခင်တွယ်မိတာပေါ့။ အလီက အသက်(၄၅)နှစ်လောက်အရွယ် မဟူရာသွေး အသားအရေပိုင်ရှင်ပေါ့။ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲ့နဲ့ အလီဟာ သူ့ဆရာ မောင်ရှမ်းပြည်က ခိုင်းတဲ့အလုပ်မရှိရင် အဟိတို့ဝိုင်းနားလာပြီး အဟိတို့ ပြောကြဆိုကြတဲ့ သောင်းပြောင်းထွေလာ ရယ်စရာစကားတွေကို ငြိမ်ငြိမ်သက်သက်ကလေး နားထောင်နေတတ်တယ်။
တညနေမှာတော့ တောင်တောင်အီအီ ပြောကြဆိုကြရင်း အသည်းကွဲတိုးရစ်ကြီး အဟိရဲ့ ဂေါ်မစွံ နည်းဗျူဟာ တွေအကြောင်း ရောက်သွားရောဆိုပါတော့။ အဲဒီမှာတင် ရာသက်ပန် ၀ိုင်းတော်သားတဦးဖြစ်တဲ့ ဆရာလေး တင်ဆောင်က ‘ဟာ … ဆရာအဟိကလည်း ညံ့ပါ့ဗျာ၊ အလီတောင် ဘာအလုပ်မှ မလုပ်ဘဲ မိန်းမလေးယောက် ယူထားသေးတယ်’ လို့ ကျယ်ကျယ်လောင်လောင် ထပြောလိုက်တော့ အားလုံး ၀ါးကနဲ ရယ်ကြတာပေါ့။ ရယ်သံတွေကြားထဲမှာ အဟိခမျာ ရှက်လည်းရှက် မျက်နှာကလည်း ဇီးရွက်လောက် ဖြစ်သွားတယ်။ ဆရာ မောင်ရှမ်းပြည်(ထင်းရှူး) ကတော့ သူ့တပည့်ကျော်အတွက် ဂုဏ်ယူတာပဲလား မသိ၊ ပြုံးပြုံးကြီး လုပ်နေလေ ရဲ့။ သိမ်ငယ်စိတ်နဲ့အတူ အလီကို ကြည့်လိုက်တော့လည်း မခုတ်တတ်တဲ့ ကြောင်တစ်ကောင်လို သူ့ဆရာဘေး နားမှာ ငြိမ်ငြိမ်သက်သက်။
ရယ်သံတွေ အားလုံးစဲသွားတော့မှ ပြုံးပြုံးကြီးလုပ်နေတဲ့ ဆရာမောင်ရှမ်းပြည်ထံက ‘ဒီလို’ ဆိုတဲ့ အသံကြီး ထွက်လာတယ်။ ဆရာမောင်ရှမ်းပြည်ရဲ့ ပြောစကားကို နားထောင်ပြီးမှ အဟိလည်း သိမ်ငယ်စိတ်ပျောက်ပြီး ရယ်နိုင်မောနိုင်တော့တယ်။ ဆရာမောင်ရှမ်းပြည် ပြောပြတဲ့ စကားကတော့ ‘ဒီလို ဆရာအဟိရဲ့၊ အလီ့မှာ မိန်း မလေးယောက်ရှိတာ မှန်တယ်။ ဒါပေမယ့် သူယူထားတဲ့ မိန်းမတွေမှာ တူညီတာတစ်ခုရှိတယ်။ ဘာလဲဆို တော့ သူ့မိန်းမ လေးယောက်စလုံးက မျက်လုံးစွေစွေ စောင်းစောင်းလေးတွေချည်းပဲ။ အဲဒီအမျိုးသမီးတွေက သူ့ဘာသာသူ တခြားကို ကြည့်တာကို အလီက သူ့ကိုကြည့်တယ်ထင်ပြီး ချစ်ရေးသွားသွားဆိုရာကနေ ညား ကုန်တာပါပဲ ဆရာအဟိရယ်၊ သိပ်တော့လည်း အထင်မကြီးပါနဲ့၊ ဟဲ ဟဲ ဟဲ’ တဲ့။
ဟူး … တော်ပါသေးရဲ့၊ ဆရာမောင်ရှမ်းပြည် ကယ်ပေလို့သာ အဟိရဲ့ ဂေါ်မစွံ သိက္ခာလေး ပြုတ်မကျတော့ တယ်။ နို့မို့ဆို ကျော်ဟိန်းရဲ့ ‘တချက်လေး စောင်းငဲ့ကြည့်ဦး’ ဆိုတဲ့ သီချင်းစာသားကို ရွတ်ပြီး အလီ့ကိုပဲ အ လေးပြုရတော့မလိုလို …။
အဟိ
Sunday, July 13, 2008
ကိုယ့်ကို ကြည့်တယ်ထင်လို့ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment