Saturday, July 12, 2008

အဘိုင်လိုနေ အဘိုင်နဲ့ မပေါင်းနဲ့

အဟိ

လွတ်မြောက်နယ်မြေမှာ အဟိမိတ်ဆွေ ညားခါစ တော်လှန်ရေးဇနီးမောင်နှံ ရှိတယ်။ အမျိုးသားက ပန်းချီဆရာ အနုပညာသမားဖြစ်တော့ သောက်သောက်စားစား လူ့မင်းသားဆိုတဲ့ ဥာဉ်ကလေး နည်းနည်းပါးပါး ရှိတာပေါ့။ အဲဒါကို ဇနီးမယား အသစ်စက်စက်ကလေးကလည်း ရွှေစိတ်တော် တွေ့ပုံမရဘူး။ အဲဒါကြောင့်မို့ လင်ယောင်္ကျား သွားလေရာကို စိတ်မချစွာနဲ့ တကောက်ကောက် လိုက်ပါတတ်လေရဲ့။

တညနေမှာတော့ အဟိတို့ ကာလသားတွေ ယမကာ လက်ဆုံကျနေတဲ့ ၀ိုင်းကို အဆိုပါဇနီးမောင်နှံ ရောက်လာရော ဆိုပါတော့။ ရောက်လာတဲ့အခါ အဟိတို့ကလည်း ပန်းချီဆရာဇနီးကို ခင်မင်မှုနဲ့ စကြနောက် ကြတာပေါ့။ ဘယ်လိုလဲ အမျိုးသား သောက်မှာစိုးလို့ လိုက်လာတာလား၊ ဘာလား၊ ညာလားပေါ့။ အဲဒီမှာ ပန်းချီဆရာဇနီးက‘ဟုတ်တယ်’ လို့ပြောပြီး ချောင်တချောင်မှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ အဟိတို့ရဲ့ ခြေမြန်တော်ကြီး အဘိုင်ကို မျက်စောင်းထိုးကာ ‘အကို ဟိုမှာကြည့် အဘိုင်လိုနေ’ ဆိုပြီး လင်ယောင်္ကျားကို ပြောလိုက်တယ်။ ပန်းချီဆရာဇနီး ပြောပြီးတာနဲ့ ၀ိုင်းမှာရှိတဲ့ လူတွေဆီက ‘၀ါး ဟား ဟား’ ဆိုတဲ့ ရယ်မောသံကြီး ထွက်ပေါ်လာတော့ ပန်းချီဆရာဇနီးလည်း ဘာပါလိမ့်ဆိုတဲ့သဘောနဲ့ ကြောင်စီစီ ဖြစ်သွားတယ်။ ၀ိုင်းက လူတွေအားလုံးက အဘိုင် သောက်တတ်တဲ့အကြောင်း သိနေတော့ အဘိုင်လိုနေလို့လည်းပြောရော ရယ်တော့တာပေါ့။ အဲဒီလိုရယ်ကြတော့ အဘိုင်ရဲ့ မဟူရာမျက်နှာလည်း အနည်းငယ် ရှက်သွေးဖြန်းသွားလေရဲ့။

ရယ်သံတွေ စဲတော့မှ အဘိုင်က ရှက်ရှက်နဲ့ သူရဲ့ ဇာတ်ကြောင်းကို ရှင်းပြပါတော့တယ်။ အဘိုင်က ‘အမ ကျနော်က အရက်တင် မဟုတ်ဘူး။ အစုံချတာ။ ဒီကနေ့ မလုပ်တာက နေမကောင်းလို့။ ကျနော် အချုပ်လည်း ကျဘူးတယ်။ မိန်းမလည်း လေးယောက်ရှိတယ်။ အမက ကျနော့်ကို ချီးကျူးတော့ ကျနော်လည်း နေလို့မတတ်တော့လို့ အခုလို ရှင်းပြတာပါ’ ဆိုပြီး အိတ်သွန်ဖာမှောက် ပြောပြပါတော့တယ်။

အဘိုင်ပြောလည်းပြီးရော ပန်းချီဆရာဇနီးဆီက ‘အကို တော်ပြီ အဘိုင်နဲ့ မပေါင်းနဲ့’ ဆိုတဲ့ တားမြစ်သံ ထွက်ပေါ်လာလို့ တ၀ိုင်းလုံးရယ်သံတွေ လွှမ်းသွားပြန်တယ်။ ရယ်သံစဲမှ ပန်းချီဆရာဆီက ‘ဘယ်လိုလဲဟ နင်ပဲ ခုနက အဘိုင်လို နေဆို၊ ကြည့် ခုလုပ်ပြန်ပြီ အဘိုင်နဲ့ မပေါင်းနဲ့တဲ့၊ ငါဘယ်လိုနေရမလဲ၊ နင့်စကားကလည်း ရှေ့နောက်မညီလိုက်တာဟာ’ လို့ သူ့ ဇနီးကို စလိုက်တယ်။ အဲဒီမှာတင် ပန်းချီဆရာဇနီး ပြန်ပြောလိုက်တဲ့ စကားကြောင့် တ၀ိုင်းလုံး ရယ်သံတွေ ထပ်လွှမ်းသွားပြီး ပန်းချီဆရာလည်း ပြုံးဖြီးဖြီးကြီး ဖြစ်သွားတယ်။ ပန်းချီဆရာဇနီး ပြောလိုက်တဲ့ စကားကတော့ ‘အဲဒီလို ရှေ့နောက်မညီတာ အကို့ကို ချစ်လို့ပေါ့’ တဲ့။ သြော် … သြော် … သြော် မိန်းမလို့ပဲ အဟိ မှတ်ချက်ချမိလေရဲ့။

အဟိ

No comments: