ဟောဒီမှာ မြို့လေးတစ်မြို့လေ …
ကဗျာဆရာ မာလာမေ မြင်မသွားခဲ့ဘူးတဲ့မြို့
မြို့လေးတစ်မြို့လေ …
သူ့လယ်ကွင်းရင်ဘတ်ထဲမှာက သော်ကဘုရားရယ်
သူ့နှလုံးသားရင်ဘတ်ထဲ …
ဝင်ဝင်ခွေ့တတ်တဲ့ မြောက်ပြန်လေရယ်
အဲဒီမြောက်ပြန်လေက ပွေ့ပွေ့လာတဲ့
စပါးပင်ပျိုကလေးရဲ့ ကိုယ်နံ့လေးရယ်
လမုပင် အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ
သရွတ်သွပ် ချောင်းကလေးရယ်
အရက်မမူးသူ အရက်ချက်စက်ရုံကလေးရယ်
ဇာတ်ပွဲကသလို ကပြနေသူ ဆန်စက်ကလေးတွေရယ်
ဘ၀၀မ်းစာ ဖွေရှာမောသူ လှေမျောလေးတွေရယ်
မွှေးရနံ့ ကန်ထရိုက်တာ သနပ်ခါးစက်ရုံကလေးရယ်
ဟော ကြာဆန်စက်ရုံကလေးကလည်း ရပ်ရှိလို့
စပါးရယ်၊ ရွှေရယ်၊ ငါးရယ်၊ ကြာဆန်ရယ်
သနပ်ခါးရယ်၊ ရေရယ်
မကြေပါစေလင့်လို့ ဆုတောင်းရင်း
အတွတ်နဲ့ မွှေးရေ
ရေထဲမြို့ကလေးဟာ ရင်ထဲမြို့ ဖြစ်ခဲ့ပေါ့။
အတွတ်နဲ့ မွှေးရေ
ကြည့်ကွယ် …
မြို့ညကောင်းကင်ထဲ
နှစ်သစ်ကြိုတေးတွေ သီကာထွန်းလင်းလို့
ပြီး နှစ်သစ်တေးတွေ ကော်ဖီလာသောက်ကြ
ခရစ္စမတ် အကြိုညလို ဝေဆာလှပလို့
ဘယ်လိုမှ မထင်မှတ်ဘဲ
ဗင်းနစ်မြို့ အရသာမျိုးရခဲ့ရ
ရေနဲ့ ပဋိသန္ဓေပြုသော မြို့လေး
ချောင်းပေါက်ကလေးက
ချောင်းပေါက်ကလေးထဲဝင်ကာ
မြို့အလှကို မြို့ကချောင်းကြည့်နေရသော ရေထဲမြို့ပါလား ။ ။
မောင်ချောနွယ်
Sunday, July 20, 2008
ရေထဲမြို့ (ကဗျာ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:19 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)










No comments:
Post a Comment