Monday, July 14, 2008

အညတရ တော်လှန်ရေးသမားလေး ကိုပါ (သို့မဟုတ်) ဖက်ဆစ်ဂျပန်တော်လှန် ရေး၏ ကယ်တင်ရှင်

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
ကျနော်တို့သည် သခင်စိုး၏ နိုင်ငံရေးသင်တန်း ပြီးသည့်နောက် သခင် စိုးအား ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရန် ပဲခူးမြို့ ကျနော့်အိမ်သို့ ခေါ်ဆောင်သွားရန် စီစဉ်ကြသည်။ သခင်စိုးမှာ ဗမာ့တပ်မတော် တပ် ကြပ်များလို ၀တ်ဆင်ထားသော ကိုကြီးမြင့်တို့နှင့်အတူ ဗမာ့တပ်မ တော် အရာခံဗိုလ် အ၀တ်အစား ၀တ်ဆင်စေပြီး ကျနော့်နောက်လိုက် အဖွဲ့အဖြစ် လိုက်ပါစေသည်။ ကျနော်မှာ ထိုအချိန်က ဗမာ့တပ်မတော် ဗိုလ်မှူးဖြစ်နေသည်။ သခင်စိုးမှာ ခပ်ထွားထွားကြိုင်းကြိုင်း ဖြစ်သည်။ ထိုအချိန်က ဗမာ့တပ်မတော် အရာခံဗိုလ်များမှာ ခပ်ထွားထွား ကြိုင်းကြိုင်းများ ဖြစ်ကြသဖြင့် သခင်စိုး၏ ရုပ်ဖျက်မှုမှာ အံဝင်ခွင်ကျ ဖြစ်နေပေသည်။

ကျနော်တို့ လမ်းခရီးတွင် အစိုးရိမ်ရဆုံးနေရာမှာ “တွံတေးတူးမြောင်း” ဂိတ်ဝ ဖြစ်ပါသည်။ ရန်ကုန်မြို့ကြီးမှ ဗမာပြည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ အ၀င်အထွက်မှာ ၎င်းဂိတ်ဝမှ ဖြတ်သန်းရသဖြင့် ဂျပန်စစ်တပ်က ထိုနေရာမှာ ဂိတ်ဝထားပြီး ဂျပန်ကင်းစောင့်ချထား၍ အ၀င်အထွက် လူအားလုံးကို စစ်ဆေးကြည့်ရှုရသည်။ မသင်္ကာလျှင် ဖမ်းဆီးထားပါသည်။ ထိုဂိတ်ဝရောက်သောအခါ ကျနော်ကထွက်ပြီး ဂိတ်စောင့် ဂျပန်စစ်တပ် တပ်ကြပ်ကို ငါဟာ ပဲခူးမြို့က ဗမာ့တပ်မတော် တပ်ရင်းမှူး ဗိုလ်မှူးဖြစ်ကြောင်း ပြောပြရာ ၎င်းတို့သည် လေးစားသမှုဖြင့် ကျနော်တို့ကို ဖြတ်သန်းခွင့်ပြုသည်။ ကျနော်တို့ ရန်ကုန်ရောက်သောအခါ သခင်စိုးတို့ကို တစ်နေရာမှာထားပြီး ကျနော်က ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့သွားပြီး သခင်စိုးတို့ ရောက်ပြီ ကျနော်ဒီနေ့ပဲ ဘတ်စ်ကားဖြင့် ပဲခူးမြို့ ကျနော့်အိမ်ကို ခေါ်သွားမည်ဟု ပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက ၀မ်းမြောက်စွာဖြင့် ပဲခူးမြို့ ကျနော့်အိမ်သို့ ခေါ်သွားပါ။ သူ တစ်ရက် နှစ်ရက်အတွင်း ပဲခူးမြို့ကို လာအနားယူ လည်ပတ်ရန်စီစဉ်ပြီး ထိုတည်းအိမ်မှ ကျနော့်အိမ်ကို နေ့စဉ် တစ်နေကုန်လာပြီး ဆွေးနွေးမည်ဟု ပြောပါသည်။

ကျနော်နှင့် သခင်စိုးတို့ ပဲခူးမြို့ ကျနော့်အိမ်သို့ရောက်ပြီး တစ်ရက်နှစ်ရက် ကြာပြီးနောက် ပထမ အစီအစဉ် အတိုင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဇနီးဒေါ်ခင်ကြည်နှင့်အတူ ပဲခူးမြို့ရှိ သူတို့အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ အလည်အပတ် အနားယူသည့် အနေဖြင့် ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်း သူ့ကားဖြင့် နေ့တိုင်း ကျနော့်အိမ်သို့ သခင်စိုးနှင့် ဆွေးနွေးရန် နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ လာရောက်ဆွေး နွေးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ညစာထမင်းကို ကျနော့်အိမ်မှာ စားသွားသလား သူ့တည်းခိုအိမ် ပြန်စားသလား ကျနော်မမှတ်မိတော့။

သူတို့ဆွေးနွေးပွဲအကြောင်း သခင်စိုးပြောပြ၍ သိရသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဆွေးနွေးပွဲတွင် တက် တက်ကြွကြွရှိကြောင်း၊ သူတို့သည် ဖက်ဆစ်တော်လှန်ဖို့နှင့် ထိုတော်လှန်ရေးအတွက် ဖက်ဆစ်တိုက် ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ နောင် ဖဆပလ အဖွဲ့) ကို ဖွဲ့စည်းကြပြီးဖြစ်ကြောင်း အားရ၀မ်းသာစွာ ပြောပြပါသည်။

ထိုဆွေးနွေးပွဲအတွင်း တစ်ညတွင် သခင်စိုးက ကျနော့်ကို ခင်ဗျား ဒီလိုပဲ လူပျိုကြီး လုပ်နေတော့မှာလား၊ အိမ်ထောင်မပြုတော့ဘူးလားဟု မေးပါသည်။ ကျနော်က ကျနော့် ငယ်ရည်းစား ကျနော့် သုံးဆယ်ဇာတိ သုံးဆယ်မြို့တွင် ရှိပါသည်။ ကျနော်တို့ ဗမာပြည် လွတ်လပ်ရေးရပြီးမှ လက်ထပ်ကြဖို့ ပြောထားပါသည်။ ကျနော်တို့ ဂျပန်တော်လှန်ရေးကို လွတ်လွတ်လပ်လပ် လုပ်သွားလို၍ ဖြစ်ပါသည်ဟု ပြောပါသည်။

ဒီတော့ သခင်စိုးက ဟာ … ခင်ဗျားဟာ လက်ထပ်ဖို့ စဉ်းစားတာ သာမန်လူတွေလို စဉ်းစားတာပဲ။ သာမန်လူတွေက လက်ထပ်ဖို့ စဉ်းစားတဲ့အခါ သူတို့ တည်တည်ငြိမ်ငြိမ် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မယ့် အချိန်ကို ရွေးချယ်စောင့်ဆိုင်း တတ်ကြတယ်။ ကျနော်တို့ ခင်ဗျားတို့ဟာ သာမန်လူတွေ မဟုတ်ဘူး။ တော်လှန်ရေးသမားတွေ ဖြစ်တယ်။ တော်လှန်ရေးသမားတွေ ဆိုတာဟာ သူတို့မှာ တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်နိုင်တဲ့ ကာလရယ်လို့ မရှိနိုင်ဘူး။ အမြဲတမ်း တော်လှန်ရေးအတွက် လှုပ်ရှားနေရတာ ဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးသမားတွေဟာ လက်ထပ်ဖို့သင့်တဲ့ အရွယ်မှာ အတော်အတန် သင့်တော်တဲ့ အခြေအနေရှိရင် လက်ထပ်ကြရတာပဲဟု ပြောပါသည်။ ဤတွင် ကျနော့်စိတ်ကို တော်တော် လှုပ်ရှားသွားစေပါသည်။

ဗိုလ်ချုပ်အောင်ဆန်း တခါက ပြောပါဖူးသည်ကိုလည်း မှတ်မိနေပါသည်။ ဗိုလ်ချုပ်ပြောတာက အိမ်ထောင် ပြုပြီးနောက်မှ တော်လှန်ရေးတို့ ဘာတို့ဖြစ်လာရင်လည်း မိမိဇနီးကို တော်လှန်ရေးနယ်ထဲ ခေါ်သွားရမှာပဲဟု ပြောဖူးထားသည်။ ထိုစဉ်ကတော့ ကျနော့်စိတ်တွင် ဗိုလ်ချုပ်က သူအိမ်ထောင်ပြုပြီးသော်လည်း တော်လှန် ရေးတို့ နိုင်ငံရေးတို့မှာ မပျက်ကွက်စေရပါဘူးဟု ကျနော်တို့သိရန် ပြောသည်ဟု ထင်မြင်ခဲ့ပါသည်။

ထိုကိစ္စမှာ ကျနော့်စိတ်ကို များစွာ လှုပ်ရှားလာပါတော့သည်။ ကျနော့်လက်ထပ်ရေးကို လွတ်လပ်ရေးရပြီးမှဟု အချိန်အကြာကြီး မဆွဲတော့ဘဲ ယခုကာလမှာပင် ကျနော်လက်ထပ်ချင်လျှင် လက်ထပ်နိုင်ပြီဟု ယူဆလာပါ တော့သည်။

ကျနော့်ပဲခူးအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ တွေ့ဆုံဆွေးနွေးနေမှုကို ကျနော်တို့ကို ထမင်းချက်ပြုတ် ကျွေးမွေးနေသော ကျနော့်ကိုယ်ရံရဲဘော် ကိုပါဟူသော ကုလားကပြားလေးသာ သိပေသည်။ ထိုကိုပါမှာ အလွန်ပါးနပ်လိမ္မာပြီး ကျနော့်အပေါ် အလွန်သစ္စာရှိသော ရဲဘော်ကလေးဖြစ်သည်။ ကိုပါမှာ သခင်စိုးကိုတော့ ဘယ်သူမှန်း မသိချေ။

သခင်စိုးက ကိုပါအပေါ် အလွန်စိတ်ဝင်စားနေသည်ဟု ယူဆ၍ ကိုပါအကြောင်း သခင်စိုးကို နည်းနည်းပါးပါး ပြောပြရသည်။

ကျနော်ပြောပြသည်မှာ ဗမာ့တပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)အဖြစ် ပြောင်းဖွဲ့သောအခါ ယခင်က ရန်ကုန်တွင် ကျနော်၏ ဆရာဖြစ်သင်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်ပြီးနောက် ကျနော်တို့၏ မြေ အောက်တော်လှန်ရေးအဖွဲ့ဝင်ဖြစ်လာသူ ကုလားကပြား ကိုအောင်ကြီးဆိုသူက ယခု ကုလားကပြားကလေး ကိုပါကို ကျနော့်ထံ ခေါ်လာပြီး အပ်ပါသည်။ ကိုပါမှာ ကျနော့်ထက် (၇)နှစ်ခန့်မျှ ငယ်မည် ထင်ပါသည်။

ကိုအောင်ကြီးက အပ်၍ပြောသည်မှာ ကိုပါ၏ မိဘနှစ်ပါးစလုံး ကွယ်လွန်ကြပြီ။ သူ့ကို ခင်ဗျားအနီးတွင် ကိုယ်ရံအဖြစ်ထားလျှင် အလွန်သစ္စာရှိစွာ စောင့်ရှောက်ပြုစု သွားပါလိမ့်မည်ဟူ၍ ဖြစ်ပါသည်။

ကိုပါကို ကျနော့်အိမ်တွင် ထားပါသည်။ သူက ထမင်းဟင်း ချက်တတ်သဖြင့် ကျနော့်ကို ထမင်းဟင်းချက်ပြီး ကျွေးမွေးပြုစုပါသည်။ နောက် ကိုပါသည် ကိုအောင်ကြီးပြောသလို အိမ်ရှင်မကောင်းတစ်ယောက်လို ကျနော့် ကို ဂရုစိုက်ပြုစုပြီး ယုံကြည်စိတ်ချရသောသူ ဖြစ်လာပါသည်။

ကျနော့် လခများကိုလည်း တခါတရံ ၎င်းကိုပါကိုပင် ထုတ်ခိုင်းရပြီး ကျနော့်ငွေကြေး အားလုံးကိုလည်း ၎င်းကိုပဲ အပ်ထားပြီး ကျနော် သူ့ထံက တောင်းသုံးပါသည်။

တဖြည်းဖြည်းနှင့် ၎င်းကိုပါကို ကျနော့်တပ်မှ တပ်မှူး၊ တပ်သားများက ကျနော့်ကို ပြုစုစောင့်ရှောက်နေသော ကျနော်၏ ယုံကြည်ရသော ကိုယ်ရံရဲဘော်ကလေးဖြစ်ကြောင်း သိရှိလာကြပြီး အားလုံးကလည်း ၀ိုင်းပြီး သူ့ကို လေးစားချစ်ခင် လာကြပါသည်။ သူလည်း ဒီလိုနှင့် ကျနော်တို့နှင့် ပျော်ရွှင်စွာ ပြုစုနေထိုင်ပါသည်။ ကျနော်လည်း သူ့ပညာရေးကို ဂရုမပြုနိုင်ပါ။ သူစာတတ်သဖြင့် မင်းငါ့စာအုပ်စင်က နိုင်ငံရေး စာအုပ်တွေထဲက ကြိုက်ရာစာအုပ်တွေကို ယူပြီး အားလပ်ချိန်မှာ ဖတ်ပါ။ မသိတာ ငါ့လားမေးဟုသာ ပြောထားရပါသည်။ သူလည်း အားလပ်ချိန်မှာ စာဖတ်နေတာ တွေ့ရပါသည်။ အထူးသဖြင့် ညအချိန်များတွင် ဖြစ်သည်။ သူဒီလိုနှင့် ပျော်ရွှင်စွာ နေထိုင်နေကြောင်း စာရိတ္တလည်း ကောင်းမွန်ကြောင်းတို့ကို သခင်စိုးအား ကျနော် ပြောပြပါသည်။

သူနှင့် ပတ်သက်၍ အဖြစ်အပျက် တစ်ခုကိုလည်း ပြောပြပါသေးသည်။ တစ်ခါက ကျနော့်တွင် ပစ္စည်းတစ်ခု လိုနေ၍ ရှာဖွေနေရာ နောက်ဆုံး ကိုပါ့အခန်း ရောက်သွားပြီး ရှာဖွေရာ သူ့ခေါင်းအုံးအောက်တွင် သူ့ဒိုင်ယာရီ စာအုပ်ကလေးတွေ့ရှိလို့ သူဘာတွေများ ရေးထားသလဲ သိလို၍ လှန်လှောကြည့်ရာ ယနေ့ ဗိုလ်မှူး ဘယ်သူနှင့်တွေ့သည် စသည်ဖြင့် ကျနော့်အကြောင်းတွေသာ ရေးထားသည်။ တစ်နေရာတွင် ယနေ့ ဗိုလ်မှူး ပန်းကန်ဝက်လောက် စားသည်။ ကြက်သားတစ်ဖဲ့ ကုန်သည်။ တစ်နေရာတွင် ငါးတစ်ကောင်ကုန်သည်ဟု ရေးထားသည်။ ကျနော် မကျန်းမာစဉ်က ရေးသားပုံရသည့် အကြောင်းလည်း ပြောပြရသည်။ သခင်စိုးလည်း ကျေနပ်သဘောကျပုံ ရပါသည်။

ကျနော့်အိမ်တွင် သခင်စိုးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေးနွေးနေစဉ် တစ်နေ့မှာ ကျနော့်နာမည် အော်ခေါ်ပြီး ဗိုလ်ရန်အောင်ကြီး ရောက်လာပါသည်။ ကျနော်ပြေးထွက်ပြီး နှုတ်ဆက်ပါသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေ ပါသည်။ ဗိုလ်ရန်အောင်က ကျနော်နှင့်တွေ့ရန် ကျနော့်ရုံးသို့သွားရာ ရုံးကလူတွေက ကျနော် နည်းနည်း နေမကောင်းလို့ အိမ်တွင် ခေတ္တနားနေသည်ဆိုလို့ မကျန်းမာဘူးထင်ပြီး လာမေးတာပါဟု ဆိုသည်။

ကျနော်က ဗိုလ်ချုပ်တို့ သခင်စိုးတို့ တွေ့ဆုံနေကြောင်းကို ဗိုလ်ရန်အောင်ကြီးကို ဖုံးကွယ်ထား၍ မသင့်တော် ဟု ချက်ချင်းယူဆပြီး သူ့ကိုလက်ပြပြီး တစ်နေရာ ခေါ်သွားကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဖက် ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်ဆွေးနွေးနေကြောင်းကို ပြောပြရပါသည်။ ဒီတော့မှ ဗိုလ်ရန်အောင် ကြီး နားလည်ပြီး ကျနော်နှင့် စကားအနည်းငယ် ပြောဆိုပြီး ပြန်သွားပါသည်။

နေ့လည်ထမင်းစားတော့မှ ဗိုလ်ချုပ်တို့ သခင်စိုးတို့ကို စောစောက ဗိုလ်ရန်အောင် လာတဲ့အကြောင်းနှင့် ကျနော်က ဗိုလ်ချုပ်တို့ သခင်စိုးတို့ ဆွေးနွေးနေတဲ့အကြောင်း ပြောတော့ သူ ခေတ္တနေပြီး ပြန်သွားကြောင်း ပြောရပါသည်။ သခင်စိုးက ဗိုလ်ရန်အောင်ကို တွေ့ချင်နေပုံရပါသည်။ သို့သော် သခင်စိုးအကြောင်း အထူးလျှို့ဝှက်ရသဖြင့် ဗိုလ်ရန်အောင်နှင့်တွေ့ရန် စီစဉ်မပေးနိုင်တော့ပါ။

ဘီအိုင်အေကာလ အဖြစ်အပျက်များတွင် တစ်ခုမေ့ကျန်နေသဖြင့် ထပ်ရေးရပါဦးမည်။ ၎င်းအဖြစ်အပျက်မှာ ဘီအိုင်အေကာလက မြို့တစ်မြို့တွင် ကျနော့်ကို အငြိမ့်ပွဲတစ်ပွဲက ဖိတ်ခေါ်သဖြင့် ၀င်ကြည့်ရပါသည်။ အငြိမ့်မင်းသမီးက ပရိသတ်ကို ကျောပေးပြီး ထိုင်နေစဉ် လူရွှင်တော်တစ်ဦးက အငြိမ့်မင်းသမီး၏ ကျောကို ဘီအိုင်အေ (BIA)ဟု ရေးထားသော စာရွက်တစ်ရွက် လာကပ်လိုက်ပါသည်။ အငြိမ့်မင်းသမီးကို သိမ်းပိုက် လိုက်သည့်သဘော ဖြစ်ပါသည်။ (ထိုခေတ်ကာလက ‘ပစ္စည်း’ များကို သိမ်းပိုက်သည့်အခါ ဘီအိုင်အေ ကပ်သည်ဟူသော ဝေါဟာရတောင် ရှိခဲ့ပါသည်။) ပွဲကြည့်ပရိသတ်ထဲတွင် ဘီအိုင်အေတပ်ထဲမှ ရာထူးအကြီး ဆုံးသူမှာ ကျနော်ပင် ဖြစ်ဟန်ရှိပါသည်။ ကျနော့်အနီးမှ လူအများ ကျနော့်ကို များစွာ အားနာသွားပုံရပါ သည်။ ကျနော်လည်း အလွန်ထူပူသွားပါတော့သည်။ ကျနော်တို့ ပြည်သူတွေမှာ သူတို့၏ မကျေနပ်ချက်များကို ဤသို့ပင် ဖော်ပြတတ်ပေသည်။

ကျနော့် ပဲခူးအိမ်အနီးတွင် အိမ်နှစ်လုံး ရှိပါသည်။ တစ်လုံးမှာ စံပြတပ်ရင်း ရုံးအုပ် ဗိုလ်ကြီး ဗိုလ်လှမောင်၏ အိမ်နှင့် တစ်လုံးမှာ စံပြတပ်ရင်း မြန်မာစာပြဆရာ ဦးတင်မောင်တို့အိမ် ဖြစ်ပါသည်။ အားလုံး အလုပ်များကြ သူတွေဖြစ်လို့ တစ်အိမ်နှင့်တစ်အိမ် အကြောင်းမရှိဘဲ ၀င်ထွက်လည်ပတ်ခြင်း သိပ်မရှိကြပါ။ ကျနော့်အိမ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ကားဝင်ထွက်ခြင်း လုပ်နေသည်ကို သိကြသော်လည်း ထုံးစံအတိုင်း မေးမြန်းပြော ဆိုခြင်း မရှိကြပါ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဆွေးနွေးပွဲမှာ သုံးရက်မျှ ကြာသည်ထင်ပါသည်။ ထိုအတွင်း ဗိုလ်ချုပ် အောင်ဆန်းနှင့် ပါလာသော ဇနီးဒေါ်ခင်ကြည်မှာလည်း နို့စားနွားမတစ်ကောင် ၀ယ်ရန် စီစဉ်နေကြောင်း ကြားသိရပါပသည်။

ဆွေးနွေးပွဲ သုံးရက်မျှကြာပြီး ပြီးသွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း နောက်နေ့ ရန်ကုန်ကို ပြန်ကြပါပြီ။ ကျနော်မှာ သခင်စိုးကို ဒေးဒရဲမြို့သို့ ပြန်ပို့ရန် ၀တ္တရား ရှိနေပါသည်။

သခင်စိုးက ကျနော့်ကို ပြောသည်မှာ သူဒီမှာ လုပ်စရာရှိတာတွေ ရက်အချို့ လုပ်ရဦးမည်။ ထိုကိစ္စတွေပြီးမှ ဒေးဒရဲပြန်မည်ဟု ပြောပါသည်။ သခင်စိုးမှာ ကျနော်တို့နှင့် နေရစဉ်အတွင်း သူ့လုံခြုံရေးအတွက် များစွာ စိတ်ချမ်းသာပုံရပါသည်။

ထိုအတွင်း ကျနော့်ဋ္ဌာနချုပ် ထောက်လှမ်းရေးမှူးက သတင်းပေးပို့သည်မှာ တစ်နေ့ညက အင်္ဂလိပ်လေယာဉ် ပဲခူးမြို့အနီး လာသွားသည်မှာ အိန္ဒိယသို့ ရောက်နေသော တက်ဘုန်းကြီး သခင်သိန်းဖေ လေထီးနှင့် ဆင်းနေရစ်သည်။ ယနေ့ကစပြီး ပဲခူးမြို့ဝင် မြို့ထွက်ဂိတ်တွေ ဂျပန်စစ်တပ်ချရပ်ပြီး လူဝင်လူထွက် စောင့် ကြည့်မည်။ ပဲခူးမြို့တွင်းရှိ အိမ်တိုင်းကိုလည်း သခင်သိန်းဖေကို ရှာဖွေတော့မည်ဟူ၍ ဖြစ်ပါသည်။ ကျနော် လည်း ထိုသတင်းကို ချက်ချင်း သခင်စိုးကို ပြောပြသည်။ သခင်စိုးကို မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ဂျပန်ကင်း စောင့် မချမီ ပြန်ပို့ရန်အတွက် ရန်ကုန်ဘက် ပြန်ပို့နိုင်ဖို့ အရေးကြီးကြောင်း အားလုံးသဘောပေါက်ကြပြီး သခင်စိုးကို ချက်ချင်းပင် ပြန်ပို့ရန် စီစဉ်ကြပါသည်။

ကျနော့်အိမ်တွင် သခင်စိုး ရောက်ကတည်းက အရေးပေါ်သုံးရန် လူစီးကားတစ်စီး ဓာတ်ဆီအပြည့်နှင့် အရန် သင့် ထားပါသည်။ ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့ နှစ်ယောက်ကိုလည်း သူတို့အိမ်တွင် အမြဲအသင့် စောင့်နေရန် မှာကြားထားရာ ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့ကို အမြန်လူလွှတ်ခေါ်ခိုင်းပြီး ကျနော်ပါ သုံးယောက်နှင့် သခင်စိုးကို လိုက်ပို့ရန် ထိုကားဖြင့် ကျနော်တို့ ရန်ကုန်ဘက်ကို ချက်ချင်းထွက်ကြပါသည်။

သခင်စိုးတို့ အားလုံးမှာ လာတုန်းကအတိုင်း ဗမာ့တပ်မတော် အ၀တ်အစား ၀တ်ဆင်ထားကြပါသည်။ ကားမထွက်မီ လုံခြုံရေးအစီအစဉ်ကို ကျနော်က ချက်ချင်းတွေးခေါ်ပြီး အားလုံးကို ပြောပြရပါသည်။ လမ်းခရီးမှာ ကားကိုရပ်ပြီး ဂျပန်က စစ်ဆေးပြီး သခင်စိုးကို ဖမ်းဆီးဖို့အထိ ဖြစ်လာလျှင် ကျနော်တစ် ယောက်သာ မိမိကိုင်ဆောင်ထားသော ဓားဖြင့် ဂျပန်များကို ထိုးနှက်နေရစ်မည်။ ကိုကြီးမြင့်၊ ကိုထွန်းစိန်တို့က သခင်စိုးကို ထိုကားနှင့်ပင် ဆက်ခေါ်သွားကြရန်၊ လမ်းတွင် လှည်းကူးမြို့ရောက်လျှင် ကား၏ ပုံသဏ္ဍာန် ပြောင်းလဲရန်၊ ကားတစ်စီး အမြန်အသစ်လဲပြီး ရန်ကုန်ဘက် ဆက်ထွက်ရန်တို့ကို မှားကြားပါသည်။

ကျနော်တို့ ကားပေါ်ရောက်သောအခါ ကျနော်လည်း အမောပြေပြီး ခေတ္တငိုက်ခနဲ ဖြစ်သွားရာ ကျနော့် ဘေးတွင် ထိုင်နေသော ကိုကြီးမြင့်က တံတောင်ဆစ်နှင့် တို့တော့မှ မျက်လုံးဖွင့်ကြည့်မိရာ ပဲခူးမြို့ပြင် ပဲခူးမြစ်တစ်ဖက်ကမ်း မြို့အ၀င် ကင်းဂိတ်တွင် ဂျပန်ကင်းစောင့် ရောက်နေပြီး ခရီးသွား လူအချို့ကို စစ်မေးနေပုံကို လှမ်းပြီးမြင်ရပါသည်။ ကျနော်လည်း ဒိတ်ခနဲ ဖြစ်သွားပါသည်။ နောက် ချက်ချင်းသတိရပြီး စီစဉ်ထားတဲ့ လုံခြုံရေး အစီအစဉ်အတိုင်း လုပ်ကြဟု ခပ်တိုးတိုး ပြောလိုက်ပါသည်။

မကြာမီ ကျနော်တို့ကား ပဲခူးမြစ်တံတားကို ကျော်ပြီး မြို့အ၀င် ဂျပန်ကင်းဂိတ်ရှေ့ကို ရောက်ပါသည်။ ဂျပန်တပ်ကြပ်က ကားကို ရပ်ခိုင်းသဖြင့် ကားရပ်ပြီး ကျနော် ကားပေါ်ကဆင်းကာ ကျနော်သည် ပဲခူးမြို့ရှိ ဗမာ့တပ်မတော် တပ်ရင်းမှူး ဖြစ်သည်။ ရန်ကုန်စစ်ရုံးကို သွားရန်လာခြင်းဖြစ်သည်ဟု ဂျပန်စကား မပြည့်မစုံနှင့် ပြောပြလိုက်ပါသည်။ ဂျပန်က ကားပေါ်က လူတွေကို ဆင်းစေပြီး ကားထဲကို ငုံ့ပြီး ကြည့်ပါသည်။ ကျနော်တို့ ရင်တထိတ်ထိတ် ဖြစ်နေကြပါသည်။ အားလုံး စစ်သားချည်း ဖြစ်နေ၍ ထင်ပါသည်။ ဂျပန်က ကျေနပ်ပြီး သွားခွင့်ပြုလိုက်ပါသည်။

ကျနော်တို့ ရန်ကုန်ရောက်သောအခါ မူလက အစီအစဉ် ရှိသည့်အတိုင်း ရန်ကုန်အရှေ့ပိုင်း ဗိုလ်လရောင်ကြီး အိမ်တွင် တည်းခိုပါသည်။ ဗိုလ်လရောင်ကြီး မရှိပါ။ ဗိုလ်လရောင်ကြီး၏ ကိုယ်ရံရဲဘော်များက ကျနော်တို့ကို ချက်ပြုတ်ကျွေးမွေးပါသည်။ နောက်နေ့တွင် မူလအစီအစဉ် ရှိသည့်အတိုင်း သခင်စိုးကို သခင်နုအိမ်သို့ သခင်နုနှင့် တွေ့ဆုံရန် လိုက်ပို့ရပါသည်။ နောက်နေ့ သခင်စိုးကို သခင်နုအိမ်မှ ကျနော် ပြန်ခေါ်ခဲ့ရပါသည်။

ကျနော်တို့ ရန်ကုန်တည်းခိုအိမ် ရောက်သောအခါ သခင်စိုးက မကျေမနပ်နှင့် ကျနော့်ကို ပြောသည်မှာ သခင်နုက သူ့ကို လှေကားအိမ်ထဲတွင် ထည့်ထားကြောင်း၊ နောက် သခင်နုမှာ သူ့ဘုရားရှိခိုးချိန်နှင့် သူ့ဧည့်သည်များ လာချိန်တို့ကြောင့် သူနှင့် ကောင်းကောင်း စကားပြောချိန် သိပ်မရခဲ့ကြောင်း ပြောပြပါသည်။

နောက်တစ်နေ့ ကျနော်၊ ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့ သုံးယောက် သခင်စိုးကို ရန်ကုန်မှ ဒေးဒရဲမြို့ သခင်မြသွင်တို့ထံသို့ ချောမောစွာ ပြန်ပို့နိုင်ခဲ့ပါသည်။ ကျနော်တို့ ပြန်ခါနီး နှုတ်ဆက်ကြရာ ရက်အချို့ အတူနေထိုင်ခဲ့ရသဖြင့် ကျနော်တို့ စိတ်လှုပ်ရှားမိကြပါသည်။ ကျနော့်စိတ်တွင် ဗမာ့တော်လှန်ရေး လှုပ်ရှားမှု များအတွင်း ကျနော်တို့နှင့် သခင်စိုး မကြာမကြာ တွေ့ဆုံကြလိမ့်ဦးမည်ဟု ထင်မြင်ခဲ့ပါသည်။

သို့ရာတွင် ကျနော်နှင့် သခင်စိုး တွေ့ဆုံခြင်းသည် ဤအကြိမ် (၁၉၄၄ ခုနှစ်)သည် နောက်ဆုံးအကြိမ် ဖြစ်ပါတော့သည်။ နောင်တစ်ခါမှ မတွေ့ဆုံတော့ပါ။ သခင်စိုးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကျနော်မှာလည်း ၁၉၉၀ ခုနှစ်မှစ၍ တရုတ်ပြည်သို့ ရောက်နေပါတော့သည်။

ကျနော်တို့ ဒေးဒရဲတွင် သခင်စိုးကိုပို့ပြီး ရန်ကုန်ပြန်သောအခါ ‘တွံတေးတောကြီးတန်း’ ဒေသကို ၀င်လည် ပတ်ပြီးမှ ပြန်ကြပါသည်။ မြေပုံပေါ်တွင် တွံတေးတောကြီးတန်း ဒေသသည် တောတော်တော်ထူထပ်သဖြင့် ကျနော်တို့ ရန်ကုန်တွင် ဂျပန်တို့နှင့် အဆင်မပြေလျှင် ခေတ္တ တောခိုပုန်းအောင်းရန် သင့်တော်သည့်နေရာ ဖြစ်မည်ထင်ပါသည်။ ယင်းကို ကြည့်ရှူလေ့လာရန် ရည်ရွယ်ချက်ဖြင့် တောကြီးတန်းဒေသကို ၀င်ခြင်း ဖြစ်ပါသည်။ သခင်မြသွင်ထံမှ တောကြီးတန်းရှိ အိမ်တစ်အိမ်သို့ မိတ်ဆက်စာတစ်စောင် ယူလာပြီး ကျနော်တို့ တစ်ညတည်းခိုကာ တောကြီးတန်း အခြေအနေကို လေ့လာပါသည်။

‘တောကြီးတန်း’ မှာ တွံတေးတောတန်းတွင် မြို့ကလေးတစ်မြို့ ဖြစ်နေသည်။ ရန်ကုန်မြို့မှ လေယာဉ်ဗုံးဒဏ်၊ စစ်ဘေးဒဏ် ကြောက်သူများ တော်တော်များများလာပြီး စစ်ဘေးဒဏ် ရှောင်နေကြ၍ ဖြစ်ပါသည်။ ထို့နောက် ကျနော်တို့ ရန်ကုန်သို့ ပြန်ခဲ့ကြသည်။ ထိုကာလမှာ ၁၉၄၄ ခုနှစ် ကုန်ခါနီးကာလ ဖြစ်သည်။ ကျနော် ရန်ကုန်သို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းထံသွား၍ သခင်စိုးကို ဒေးဒရဲသို့ ပေးပို့ခဲ့ပြီဖြစ်ကြောင်း သတင်းပို့ ပါသည်။

ဗိုလ်ချုပ်က မျက်နှာမကောင်းစွာဖြင့် ပဲခူးရှိ ကျနော့်အိမ်မှ ကိုပါကို ဂျပန်များ ယခုတလောတွင် ဖမ်းသွား ပြီဖြစ်ကြောင်း ပြောပါသည်။ ကျနော်လည်း များစွာ စိုးရိမ်သွားပါသည်။ သို့သော် ဗိုလ်ချုပ် မျက်နှာမကောင်း ဖြစ်နေ၍ ကျနော်က စိတ်ပူပန်သက်သာအောင် ဗိုလ်ချုပ် ဘာမှ ဒီလောက်မပူပါနဲ့၊ ကိုပါဟာ ကျနော့်အိမ်မှာ တော်လှန်ရေးသမားကလေး ဖြစ်နေပြီ။ သူဟာ ဗိုလ်ချုပ်တို့ ကျနော်တို့နှင့် တော်လှန်ရေးကို ထိခိုက်အောင် လုပ်မှာမဟုတ်ပါ။ ရှောင်လွှဲမှာသာဖြစ်တယ်ဟု ပြောပါသည်။

ဗိုလ်ချုပ်က ကျနော့်ကိုလည်း ဖမ်းခံရမှာစိုးလို့ ပဲခူးကို ပြန်မသွားဘဲ ရန်ကုန်စစ်ဝန်ကြီးရုံးတွင် လေ့ကျင့်ရေးမှူး အဖြစ်နေရန် သူစီစဉ်ထားပြီးဖြစ်ကြောင်း ပြောပါသည်။

ဗိုလ်ချုပ်မှာ မိမိအတွက် အားလုံးစီစဉ်ထားပြီး ဖြစ်နေ၍ ကျနော် ပဲခူးပြန်မသွားဘဲ စစ်ဝန်ကြီးရုံးမှာပင် နေပါသည်။ ထောက်ပံ့ရေးဋ္ဌာနက ကျနော့်ကို ဦးဝိစာရလမ်းရှိ ၀င်းခြံနှင့် တစ်ထပ်တိုက်ကလေးရှိသော အိမ်ကို ပေးပါသည်။ ခြံထဲတွင် အစေခံတန်းလျား တိုက်ခန်းကောင်းကောင်းလေးများလည်း ရှိပါသည်။ ထိုတစ်ထပ် တိုက်ကလေးမှာလည်း အတော်ကောင်းမွန်ပါသည်။ ထိုအစေခံ တိုက်ခန်းများတွင် ကျနော့်ကိုယ်ရံရဲဘော် ကိုထွန်းရင်ဆိုသော ရဲဘော်ကို ထားပါသည်။

ကျနော် စစ်ဝန်ကြီးရုံးတွင် ရုံးတက်နေရသော်လည်း ကိုပါ့ကိစ္စကို ပူပန်နေမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို မစိုးရိမ်ရန် ပြောခဲ့သော်လည်း ကျနော်ကတော့ စိုးရိမ်နေပါသည်။ သိပ်ညှင်းပန်းနှိပ်စက်လျှင် ကိုပါက ဖွင့် ပြောလိုက်မှာ စိုးရိမ်နေပါသည်။

သို့သော် မကြာခင်မှာပင် ကိုပါ လွတ်လာပြီဆိုသော သတင်းကို ကြားရပါသည်။ ဂျပန်များက ဗိုလ်ချုပ် အောင်ဆန်း ဗိုလ်ကျော်ဇောအိမ်တွင် ဘယ်သူနှင့် တွေ့သလဲဟု မေးသည်။ ကိုပါက ဗိုလ်ချုပ်အောင်ဆန်းဟာ ကျနော့်ဗိုလ်မှူးအခန်းထဲတွင် ဗိုလ်မှူးနှင့်သာ နှစ်ယောက်တည်း စကားပြောကြသည်ဟု တစ်လျှောက်လုံး တသမတ်တည်း ပြောသည်။ အနည်းငယ် ညှင်းပန်းပြီး ထပ်စစ်ဆေးလည်း ယခင်အတိုင်းပင် ပြောနေသဖြင့် လွှတ်လိုက်ကြောင်း သိရပါသည်။

ကိုပါမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျနော်တို့ကိုသာ ကယ်တင်လိုက်ရုံမက ဖက်ဆစ်တော်လှန်ရေးကြီးကိုပါ လုံးဝမထိခိုက်အောင် ကယ်တင်လိုက်ရာကျသဖြင့် ကိုပါကို ကျနော်တို့ အလွန်ကျေးဇူးတင်ရပါတော့သည်။ တိုင်းပြည်ကပါ ကျေးဇူးတင်သင့်ပေသည်။

ကိုပါမှာ ထောင်က လွတ်ပြီးသောအခါ ကျနော့်ထံ ပြန်မလာတော့ဘဲ သူလည်း အတော်နိုးကြားနေပြီဖြစ်၍ အပြင်ထွက်ပြီး နိုင်ငံရေးလုပ်ပါတော့သည်။

ကိုပါမှာ ပြည်သူ့ရဲဘော် အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်ရာ မကြာမီပင် ဗိုလ်နန္ဒဟူသော အမည်ဖြင့် ထင်ရှားသော ပြည်သူ့ရဲဘော်ခေါင်းဆောင်း လူကြီးတစ်ဦး ဖြစ်လာပါတော့သည်။ သူသည် စာရိတ္တလည်း ကောင်းမွန်သူဖြစ်သဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာပါသည်။

ကိုပါသည် ကျနော် တပ်မတော်က ထွက်ရပြီး စမ်းချောင်းအိမ်ကလေးတွင် နေထိုင်နေစဉ် ကျနော့်အိမ်သို့ တစ်ကြိမ် နှစ်ကြိမ် လာရောက် လည်ပတ်ခဲ့ပါသေးသည်။ သူ့ကို ကျနော်က လူကြီးတစ်ယောက်အဖြစ် ကောင်း စွာဧည့်ခံခဲ့ပါသည်။ ၁၉၇၆ ခုနှစ် ကျနော်တို့ မိသားစု ဗမာပြည်ကွန်မြူနစ်ပါတီ ရှိရာသို့ တောခိုလာပြီး နောက် သူနှင့် အဆက်ပြတ်သွားပါတော့သည်။ ယခုအခါ သူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ သူသည် တိုင်းပြည်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော

(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးသားသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ - ပထမတွဲမှ ကောက်နှုတ်ဖော်ပြပါသည်)

No comments: