မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကယ်ဆယ်ကူညီရေးတွေ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနေတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ အဖမ်းခံရပြန်ပြီ
ဗွီအိုအေ၊ မိုးမခ၊ ခေတ်ပြိုင်၊ ဧရာဝတီသတင်းများကို စုစည်းတင်ပြသည်။
ဗွီအိုအေ၊ မိုးမခ၊ ခေတ်ပြိုင်၊ ဧရာဝတီသတင်းများကို စုစည်းတင်ပြသည်။
မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကယ်ဆယ်ကူညီရေး တွေ လုပ်ပေးနေတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာကို ဇွန်လ (၄)ရက်နေ့ ညက ဖမ်းဆီးသွားပြန်ပါတယ်။ ဘာကြောင့် ဖမ်းဆီးရသလဲ ဆိုတာကို မိသားစုကိုလည်း ပြောမသွားပါဘူး။ ဘယ်လိုမျိုး ဖမ်းဆီးသွားသလဲဆိုတာ နဲ့ ပတ်သက်ပြီး အကြောင်းစုံကို ဦးကျော်အောင်လွင်က လူရွှင်တော် ဇာဂနာရဲ့ ညီမဖြစ်သူ မငြိမ်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
“ည(၈)နာရီလောက်က ၀င်တယ်။ ခရိုင်မှူးဆိုတဲ့သူက ရှာရုံပါပဲတဲ့၊ နာဂစ်နဲ့လည်း လုံးဝမပတ်သက်ပါဘူးတဲ့။ သူက ကယ်ဆယ်ရေးတွေ လုပ်နေတယ် ဆိုတာလည်း သိပါတယ်တဲ့။ နိုင်ငံရေးနဲ့ ပတ်သက်တာကို ရှာချင်တယ်တဲ့။ သူကလည်း ရှာပါပေါ့။ ခရိုင်မှူးနဲ့အတူ ရဲဘက်က တယောက်လည်း ပါလာတယ်။ နောက် SB ၀န်ထမ်း ငါးယောက် ပါလာတယ်။ ရယက ဥက္ကဌနဲ့ အားလုံး (၉)ယောက်ပေါ့။ ရှာပြီးတော့မှ နောက် ခေါ်သွားမယ်တဲ့။ အဲဒါ ဘယ်လို ဖြစ်တာလဲ။ ပထမက ရှာရုံပဲဆိုပြီး ပြောတော့ မဟုတ်ဘူးတဲ့ ခဏလေးပါပဲတဲ့၊ မကြာဘူးတဲ့ (၂)ရက်လောက်ပါပဲတဲ့။ အ၀တ်လေး ထည့်ပေးပါတဲ့။ အ၀တ်တစုံ၊ သောက်နေကျ ဆေးလေးမျိုး ထည့်ပေးလိုက်တယ်။”
ကိုဇာဂနာကို သူတို့က ဘယ်ကို ခေါ်သွားတာလဲခင်ဗျ။
“ဘယ်ကို ခေါ်သွားသလဲ မပြောသွားဘူး။ ဒီအတိုင်းပဲ အိမ်ရှေ့တောင် ကားမရပ်ဘူး။ ဟိုတခေါက်က စက်တင်ဘာ အရေးအခင်းတုန်းက ခေါ်သွားသလိုပါပဲ။ ရှမ်းကုန်းလမ်းထိပ်မှာ ကားရပ် အဲဒီအထိကို လမ်းလျှောက်ခေါ်သွားပြီး အဲဒီကတဆင့် ကားနဲ့ ခေါ်သွားတာပါပဲ။”
ကိုဇာဂနာအပြင် တခြား သူ့ရဲ့ ကူညီရေး လုပ်ဖော်ကိုင်ဖက်တွေ၊ တခြား အနုပညာရှင်တွေရော ဘယ်သူတွေ အဖမ်းခံရတယ် ကြားသလဲခင်ဗျ။
“မကြားဘူး။ ကိုသူရတယောက်ပဲ ပါသွားတယ်။ ဘယ်သူဆီကမှ ဖုန်းလည်း မလာဘူး။”
ကိုဇာဂနာကို ဘာကြောင့် အာဏာပိုင်တွေက ဖမ်းဆီးရတယ်ဆိုပြီး ပြောပါသလဲ။
“ဘာအကြောင်းပြချက်မှ မပေးဘူး။ ခဏပါပဲ ၂ရက်လောက်ပါပဲတဲ့၊ ကျမက (၂)ရက်လောက် ဆိုတာလည်း ပြန်ပို့မှပဲ ယုံမှာပါပဲလို့ အဲဒီလိုပဲ ပြောလိုက်တယ်။ သူတို့ လုပ်သမျှ ခံနေရတဲ့ ဘ၀တွေချည်းပါပဲ။”
အခုတခေါက် ဖမ်းသွားတာနဲ့ အရင်တုန်းက ဖမ်းတာတွေနဲ့ ဘာတွေကွာတယ် ထင်ပါသလဲခင်ဗျ။ အခုတခေါက်မှာ ဘာတွေများ ထူးထူးခြားခြား သတိထားမိပါသလဲ။
“အခုတခေါက်ကတော့ ရှာချိန်နည်းနည်း ပိုကြာတယ်ပေါ့။ ည (၈)နာရီထဲက ၀င်တာ (၁၁)ထိုးဖို့ (၁၅)မှပဲ အခွေတွေလည်း သိမ်းသွားတယ်။ ဘာမှ ထူးဆန်းတဲ့ဟာ မဟုတ်ဘူး။ ရမ်ဘို အပိုင်း(၄)ရယ်၊ စိန်စီသောည အချပ်ရယ်၊ နောက်နာဂစ်မုန်တိုင်း မီးပွိုင့်မှာရောင်းတဲ့ အခွေရယ်၊ FEC (၃၀)ရယ်၊ စာရင်းမှတ်ထားတဲ့ စာအုပ်ကလေး (၂)အုပ်ရယ်။ ကွန်ပြူတာက System Board ကြီးတော့ ဖြုတ်သွားတယ်။”
မငြိမ်းက ကိုဇာဂနာရဲ့ ညီမလည်းဖြစ်တော့ မိသားစုဝင်တဦး အနေနဲ့ အခုလိုမျိုး ကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကိုတယောက် ဒီလိုအချိန်မျိုးမှာ ဖမ်းဆီးသွားတဲ့အတွက် ဘယ်လို အခက်အခဲတွေ ရှိပါသလဲခင်ဗျ။
“မတရား ခံရတယ်လို့ ကျမတော့ အခုလိုမျိုးပဲ မြင်တာပဲ။ နိုင်ငံရေးနဲ့လည်း ဘာမှ မပတ်သက်ဘူး။ သူတို့ဟာ သူတို့ လုပ်ကြံပြီးတော့ ဖမ်းရင်လည်း မတတ်နိုင်ဘူးပေါ့။ သူ့မိသားစုက အမေရိကားမှာ ရှိတယ်။ သမီးလေးကို မုန့်ဖိုးပို့ဖို့ ဒေါ်လာလေး (၁၀၀၀)၊ တစ်ရာတန် (၁၀)ရွက်ကိုလည်း သိမ်းသွားတယ်။ သိမ်းသွားတဲ့အတွက် ကျမ အဲဒါကိုလည်း စိုးရိမ်တယ်။ သူတို့ ဘယ်လိုတွေ ညစ်မလဲပေါ့နော်။”
အဖမ်းမခံရခင် အချိန်အထိ ကိုဇာဂနာအနေနဲ့ မုန်တိုင်း ဒုက္ခသည်တွေအတွက် ကူညီရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲလား ခင်ဗျ။
“ဘယ်လောက်အထိတောင် အာရုံစိုက်ပြီး လုပ်သလဲဆိုတော့ သူပိုင်တဲ့ ဖုန်းကိုလည်း ရောင်းပစ်လိုက်တယ်။ နောက် သူ့မိန်းမပိုင်တဲ့ ဖုန်းကိုလည်း ရောင်းပြီးတော့ အဲဒါလေးနဲ့ပဲ ကယ်ဆယ်ရေးက စခဲ့တာပေါ့။ ဒီနေ့ဆိုရင်လည်း မျိုးစေ့လေးတွေ ၀ယ်တယ်ပေါ့နော်။ ဘိုကလေးဘက်အထိ မိုးရာသီလည်း ကျပြီ၊ လယ်တွေ ဆိုလည်း ဘာမှမရှိတဲ့အတွက် မျိုးစေ့လေးတွေကိုပါ ကိုသူရက လှူတော့မယ်။ ဒီနေ့ဆိုရင် ၀ယ်ကြတာပေါ့၊ ကျမတို့က အကုန်လုံး ၀ိုင်းလုပ်နေတဲ့အတွက် မျိုးစေ့လေးတွေဝယ်၊ ဟင်းသီးဟင်းရွက်လေးတွေ စိုက်စားမယ်။ ဘာပဲဖြစ်ဖြစ် လူတွေငတ်တော့ မသေတော့ဘူးပေါ့။ အဲဒီ သဘောတရား အထိတော့လည်း သူလုပ်ပါတယ်။ ကျမတို့လည်း အခု ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး။”
ကိုဇာဂနာနဲ့ လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်ပြီး မကြာခင်ကမှ အမေရိကန်ကို ရောက်လာခဲ့တဲ့ ကဗျာ ဆရာအောင်ဝေးကတော့ …
“အဖမ်းခံရတယ် ဆိုတာကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ သိပ်ပြီးတော့ မဆန်းတော့ပါဘူး။ ဒါပေမယ့် အခုချိန်က မုန်တိုင်းဒဏ်သင့်ပြီးတော့ သေသွားတဲ့ လူတွေရော၊ မသေမရှင် ကျန်ခဲ့တဲ့ လူတွေအတွက်ရော အစိုးရက ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် လုပ်မပေးတဲ့အချိန်မှာ ကိုဇာဂနာတို့လို လူမှုရေး အသိစိတ်ဓာတ် မြင့်မားတဲ့ အနုပညာရှင်တယောက်က ရှေ့ထွက်ပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်နေရတယ်။ အဲဒီလို အချိန်မှာ ကိုဇာဂနာ အဖမ်းခံရတဲ့ အခါကျတော့ သူရဲ့ စေတနာတွေ၊ လူမှုရေး နားလည်မှုတွေဟာ ဘာမှ အသုံးချလို့ မရတော့ဘဲ အင်းစိန်ထောင်ထဲ သွားအောင်းသလို ဖြစ်နေတယ်။ ကိုဇာဂနာကို ဖမ်းလိုက်တာဟာ ဗမာပြည် တပြည်လုံးကိုပါ ဖမ်းလိုက်တာပါ။ စစ်တပ်က မုန်တိုင်း ဘေးသင့်တဲ့ လူတွေကို ကိုဇာဂနာတို့ ကူညီသလိုမျိုး၊ ကိုကျော်သူတို့ ကူညီသလိုမျိုး၊ အခြားအနုပညာရှင်တွေ ကူညီသလိုမျိုး၊ ပြည်သူလူထုချင်း ကူညီနေသလိုမျိုး လုပ်ကိုင်ပေးမယ်ဆိုရင် ဇာဂနာ မဟုတ်ဘူး၊ ဇာဂနာ့ တဆွေလုံး တမျိုးလုံး ဖမ်းလိုက်ရင်လည်း ကျွန်တော်တို့က လက်ခံနိုင်သေးတယ်။ ဒါပေမယ့် အခုလိုမျိုး ကူကယ်မဲ့နေတဲ့ မုန်တိုင်းဒဏ် ခံနေရသူတွေအတွက်တော့ ကိုဇာဂနာတို့လို လူမျိုးတယောက် ဖမ်းခံရတာ ဒါ အားကိုးရာမဲ့ ဖြစ်သွားတယ်လို့ ကျွန်တော် ယူဆမိတယ်ဗျာ။ အရှင်းဆုံး ပြောရရင်တော့ ကိုဇာဂနာရဲ့ လူမှုရေး စွမ်းဆောင်မှုတွေ ကိုဇာဂနာရဲ့ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ အရည်အချင်းတွေကို နအဖ စစ်အုပ်စုက ကြောက်လို့ပဲလို့ ယူဆတယ်ဗျာ။”
လူုမှုကယ်ဆယ်ရေး စေတနာရှင်၊ အနုပညာရှင် ဇာဂနာကို စစ်အစိုးရက ဖမ်း
သတင်း - မိုးမခ
ရန်ကုန်စံတော်ချိန် ည ၁၁ နာရီက အနုပညာရှင် ဇာဂနာ၏ နေအိမ်ကို အထူးစုံစမ်းရေး၊ မြို့နယ်ရပ်ကွက် အာဏာ ပိုင်များ အပါအ၀င် ပုဂ္ဂိုလ် ၉ ဦးဝင်ရောက်ပြီး ၄င်းအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိ ရှိရပါသည်။ ဇာဂနာသည် နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်အစိုးရက အနုပညာလှုပ်ရှားခွင့်များ ပိတ်ပင်ထား သော အနုပညာရှင်၊ ၂၀၀၇ သံဃာ့အရေးအခင်းတွင် အဖိနှိပ်ခံ သံဃာတော်များ၊ လူငယ်များဖက်မှ ရပ်တည်သူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာဝန်ထမ်း ဦးဆောင်သူ ထင်ရှားသည့် အနုပညာ ရှင်တဦး ဖြစ်သည်။သတင်း - မိုးမခ
စစ်အာဏာပိုင်များက နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ကိုင်နေသူများကို ၄င်းတို့ စာနယ်ဇင်း များကနေပြီး တိုင်းပြည် အရှက်နှင့်သိက္ခာကို ထိန်းသိမ်းကြရန်၊ ဒုက္ခသည်များကို တောင်းရမ်း စားသောက်သူများ အဖြစ် နိုင်ငံတကာ အလယ်မှာ မတင်ပြရန်၊ နိုင်ငံတော်က မုန်တိုင်းကယ်ဆယ်ရေးကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း စသည်တို့ဖြင့် ၀ါဒ ဖြန့်နေခဲ့သည်။
ဇာဂနာတို့၏ စေတနာဝန်ထမ်း ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စစ်အုပ်စုက နောက်ကွယ်မှနေပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက် ပေးနေကြောင်း၊ မိတ်ဆွေ အနုပညာရှင်များဖြစ်သည့် အရိုင်း၊ ငှက်ပျောကြော်တို့ ကို ကူညီစောင့်ရှောက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးကြောင်း၊ အကူအညီအရောက်နည်းသည့် ဒေ သများကို သွားရောက်နိုင်ရေးအတွက် ကုလအဖွဲ့တခုကို ဇာဂနာက အကူအညီ တောင်းခဲ့ရာတွင်လည်း ၄င်းအဖွဲ့ က စစ်အုပ်စု ငြိုငြင်မည်ကို စိုးရိမ်ပြီး မိမိတို့ကို ငြင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာ၏ တရားဝင်အကူအညီများ ထိ ရောက်စွာ မရောက်ရှိသေးကြောင်း စသည့် အတွေ့အကြုံနှင့် ခံစားချက်တို့ကို ပြည်သူသို့ လွတ်လပ်ပွင့်လင်းစွာ ဖြင့် ဇာဂနာက ဝေဖန်ပြောဆိုခဲ့သည်။
ဇာဂနာ ဦးဆောင်သည့် လူငယ်နှင့် အနုပညာရှင်များ၊ ကျော်သူ, ရွှေဇီးကွက် ဦးဆောင်သည့် နာရေးကူညီမှု အ သင်းကြီးတို့နှင့်အတူ မုန်တိုင်းကယ်ဆယ်ရေးကို မြန်မာလူငယ် စေတနာရှင် အစုအဖွဲ့များက စောလျင်စွာ ကိုယ့် အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များ၊ သံဃာတော်များကလည်း တအပ်တအား ဆောင်ရွက်နေကြ ချိန်၊ မြန်မာပြည်တ၀ှမ်း လူထုလူတန်းစား အသီးသီးက စေတနာထက်သန်စွာ လိုက်လံ ၀ိုင်းရံနေကြချိန်တွင် စစ် အုပ်စုက ထိုသို့ ဇာဂနာကို ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးသူများက ဇာဂနာ့အိမ်သားများကို သတင်းဌာနများသို့ အကြောင်းမကြားရန်နှင့် ဆွေးနွေးမှုများ ပြီးဆုံးပါက အမြန်ဆုံး အိမ်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသွား သည်ဟု သိရသည်။
လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ
သတင်း - ခေတ်ပြိုင်
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။သတင်း - ခေတ်ပြိုင်
၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လား မသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက်လောက်ပါပဲတဲ့၊ အ၀တ်အစား ထည့်ပေးပါလို့ ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။
အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်းစာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခုတို့ကို သိမ်းယူသွားသည်ဟု သိရသည်။
လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကြော်၊ အရိုင်း၊ ညောင်ညောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီ ပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူအညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်း ဖြစ်သည်။
ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရသည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့သူ ဖြစ်သည်။
ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက် ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့် လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့ လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ယမန်နှစ် စက်တင်ဘာအရေးအခင်း ကာလကလည်း သပိတ်မှောက် သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီး အကျဉ်းချထားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်ထားသည်။ ။
လူရွှင်တော် ဇာဂနာ အဖမ်းခံရ
သတင်း - ဧရာဝတီ
လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို တက်ကြွစွာလုပ်ကိုင်နေသည့် နိုင်ငံကျော် လူ ရွှင်တော်ကြီး ဇာဂနာအား အာဏာပိုင်တို့က ယမန်နေ့ည ဒေသစံတော်ချိန် ၁၀နာရီခွဲခန့် တွင် နေအိမ်၌ လာရောက် ဖမ်းဆီးသွား ကြောင်း ကိုဇာဂနာ၏ အသိုင်းအ၀န်းမှတဆင့် သိရသည်။သတင်း - ဧရာဝတီ
လူရွှင်တော် ဇာဂနာအား ရန်ကုန်မြို့ စမ်း ချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ၀င် ရောက် ရှာဖွေ ဖမ်းဆီးစဉ်က လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို မှတ်တမ်းတင် ထားသည့် စီဒီ ဓာတ်ပြားတချပ်၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင်ဓာတ်ပြား၊ စိန်စီသောည စီဒီဓာတ် ပြား၊ ကွန်ပျူတာ Hard Disk တလုံး၊ အမေရိကန်ဒေါ်လာ တထောင်နှင့် FEC ၃၀၀ တို့ကို အာဏာပိုင်တို့က တပါတည်း သိမ်းဆည်းသွားသည်ဟု ကိုဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကို ပြောသည်။
“အိမ်ကိုဝင်ရှာတာ ၉ ယောက် လောက်ရှိတယ်။ ရပ်ကွက် အာဏာပိုင်၊ အက်စ်ဘီ၊ စရဖ အကုန်ပါတယ်။ မေးစရာရှိလို့ ၂ ရက်လောက် ကြာမယ်လို့ ပြောသွားတယ်” ဟု ကိုဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။ လူရွှင်တော် ဇာဂနာအား မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အာဏာပိုင်တို့က ကိုဇာဂနာ၏ မိသားစုဝင်များကိုပင် ပြောဆိုသွားခြင်း မရှိပေ။ ကိုဇာဂနာ၏ မိတ်ဆွေတဦးကလည်း “နှစ်ခုဖြစ်နိုင်တယ်ဗျ … တခုက ဘယ်က ငွေတွေနဲ့ လေဘေးကိစ္စမှာ လှူနေတယ်ဆိုတာ မေးမလို့၊ ဒါမှမဟုတ်ရင် စစ်အစိုးရ သတင်းစာထဲက ဖား၊ ငါးရိုက်စားလို့ ရတယ်ဆိုတဲ့ ဆောင်းပါးကို သရော်လို့ …” ဟု မှတ်ချက်ပေးသည်။
လူရွှင်တော် ဇာဂနာသည် မေလ ၃ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ၄ ရက်အကြာကစ၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို အနုပညာရှင်ပေါင်း များစွာတို့ဖြင့် တက်ကြွစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ မုန်တိုင်းတိုက်ခတ်အပြီး တလခန့် အကြာတွင် ကိုဇာဂနာနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့သည် ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်လျက် ရှိသည်။ လူရွှင်တော် ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်များက လေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားကြမည်ဟု ပြောဆိုကြသည်။
နိုင်ငံရေး ပြက်လုံးများနှင့် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လူရွှင်တော် ဇာဂနာသည် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည့်အပြင် အနုပညာလုပ်ငန်းများ လုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၅ ခုနှစ် မေလကတည်းက အကန့်အသတ်မရှိ အပိတ်ခံထားရသူ ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သည့် ကိုဇာဂနာ၏ ပရိသတ်တဦးက “သူက ဒုက္ခသည်တွေကို ကူနေတယ်။ အာဏာပိုင်တွေက ပြည်တွင်း၊ ပြည်ပက အကူအညီ မှန်သမျှကို နည်းမျိုးစုံနဲ့ အဆင်မပြေတာတွေဖြစ်အောင် လုပ်နေတယ်ဆိုတော့ ကိုဇာဂနာကို ဖမ်းတာဟာ ဒုက္ခသည်တွေကို တက်တက်ကြွကြွ ကူညီနေလို့ဖမ်းတာ ဖြစ်မယ်ထင်ပါတယ်။ တခြား အနုပညာသည်တွေကိုလည်း ကြောက်သွားအောင်၊ ဆက်ပြီး မကူရဲအောင် လုပ်ပြလိုက်ပုံရတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
No comments:
Post a Comment