သတင်း - ခေတ်ပြိုင်
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ သံတမန် အမျိုးသမီးတဦး မိသားစုနှင့်အတူ ဇွန်လ (၄)ရက်နေ့က ထွက်ပြေးသွားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။ လန်ဒန်မြို့ မြန်မာသံရုံးမှ ယနေ့ ထွက်ပြေးသွားသူမှာ ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီဖြစ်ပြီး ခင်ပွန်းသည်၊ သားဖြစ်သူတို့နှင့်အတူ ထွက်ပြေးသွားခြင်း ဖြစ်သည်။ မြန်မာသံတမန် ဒေါ်နွယ်နီ ထွက်ပြေးခြင်း အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ထွက်ပြေးသူ မြန်မာသံတမန် ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ အင်ဂျင်နီယာတဦးဖြစ်ပြီး အစောပိုင်းကတည်းက အပြင်မှာ အလုပ်ခိုးလုပ်နေသူ ဖြစ်သည်ဟု စုံစမ်းသိရသည်။ ထွက်ပြေးသူ ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းနှင့် အထူးရင်းနှီးသူလည်း ဖြစ်သည့်အတွက် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် အပြင်မှာ အလုပ်လုပ်နေသလား ဆိုသည်မှာ အတိအကျ မသိရဟု သံတမန် သတင်းရပ်ကွက်က ပြောသည်။ ခေတ်ပြိုင်မှ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းကို ဖုန်းဖြင့် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပါ။ ။
စစ်အစိုးရ ပျက်ကွက်မှုလား၊ နိုင်ငံတကာအဖွဲ့များ ဘာလဲ ဘယ်လဲ
သတင်းဆောင်းပါး - မိုးမခ
ဖမ်းဆီးခြင်း မခံရမီ မိတ်ဆွေများကို ပြောကြားခဲ့ရာမှာ ပထမတချက်က … "UNDP ကို ကျနော်တို့က လပ္ပတ္တာ အရှေ့ခြမ်းသွားချင်လို့ အကူအညီတောင်းတာ နိုင်ငံရေးနဲ့ မပတ်သက်ချင်လို့ ပါလို့ ပြန်ပြောတယ်။ လုပ်အားပေး စေတနာရှင်တွေလည်း အဲလိုသိရတော့ တအားစိတ်ဆိုးကြတယ်။ ဒီကောင်တွေက အစိုးရ မျက်နှာညိုမှာ တယ်ကြောက်ကြတာကိုး။ သူတို့တွေကြောင့် ခက်နေတာ …" လို့ ပြောခဲ့ပါတယ်။
ဒုတိယ တချက်ကတော့ အစိုးရဆီကို အပ်ထားတဲ့ နိုင်ငံတကာက အကူအညီတွေ ဒုက္ခသည် ပြည်သူတွေဆီကို မရောက်ဘူး။ ကိုယ်ထူကိုယ်ထနဲ့ မြန်မာလုပ်အားပေးတွေ၊ စေတနာရှင်တွေက ရှာဖွေစုဆောင်း ဆောင်ရွက်နေရတယ်။ တခေါက် တခေါက်ဆင်းရင် အနည်းဆုံး သိန်း ၇၀ ရှိတယ်။ မရတော့လည်း ရတာနဲ့ လုပ်ကြရမှာပဲ။ ဒီပုံစံနဲ့ ရေရှည် လုပ်ကိုင်သွားရင် မလွယ်ဘူး။ နိုင်ငံတကာရဲ့ တိုက်ရိုက် အကူအညီတွေ အများကြီးလိုတယ်လို့ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။
တတိယ အချက်ကတော့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက် အကူအညီ စသည်တို့ကို စာရေးပြီးတော့ ယူအဲန်အဖွဲ့အစည်းကြီးဆီကို တင်ပြဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းက ဌာနေ ယူအဲန်အဖွဲ့တခုကတဆင့် ပေးပို့ခဲ့ပေမယ့် ကိုဇာဂနာ ရေးတဲ့စာ "ပျောက်" သွားခဲ့ပါတယ်တဲ့။ အဲသည်လို စာတင်တာဟာ နိုင်ငံရေးလုပ်တာဖြစ်လို့ မဆောင်ရွက်ပေးလိုဘူးလို့ ငြင်းလိုက်တယ်လို့ ကိုဇာဂနာက မိတ်ဆွေတွေကို ပြန်ပြောခဲ့ပါတယ်။ ကိုဇာဂနာက အခု ကျနော် နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ လူ့အသက်တွေ လိုက်ကယ်နေတာ။ ကယ်ဆယ်ရေးတွေ လုပ်နေတာလို့ ပြန်ပြောခဲ့တယ်။ အဲသည်အတွက် အတော်ကို စိတ်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖြစ်တွေအပြီး နောက်တနေ့မှာ စစ်အုပ်စုက သူ့အိမ်မှာ လာရောက်ဆွေးနွေးခဲ့ပြီး ညနေအစောပိုင်း ကတည်းက ဆွေးနွေးနေခဲ့ကြရာမှာ ညဥ့်နက်ပိုင်း အသံလွှင့်ဌာနတွေဆီက ဖုန်းတွေ ၀င်လာချိန်မှာတော့ စစ်အုပ်စုက သူ့ကို အင်္ကျီအ၀တ်အစားအနည်းငယ်ယူပြီး လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတော့တာပဲ ဖြစ်ပါတယ်။ ကိုဇာဂနာကို ဖမ်းဆီးချိန်မှာ သူ့လုပ်အားပေး စေတနာရှင်တချို့ ဧရာဝတီကို ဆင်းသွားပြီး ဖြစ်ပါတယ်။ တချို့ကတော့ စစ်အစိုးရ စေခိုင်းတဲ့ လေဘေးရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ မေမြို့ကို တက်သွားကြပြီ ဖြစ်ပါတယ်။
ကိုဇာဂနာ ပြောသလို ဒုက္ခသည် ပြည်သူတွေခမျာ တကယ်ကို ထိရောက်တဲ့ နိုင်ငံတကာက အကူအညီနဲ့ နိုင်ငံတော် အကူအညီ မရလို့ လမ်းပေါ်ထွက်ပြီး အလှူရှင် မျှော်နေရတာလား ဆိုတာကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်တက်လာတဲ့ စေတနာရှင် လုပ်အားပေးအဖွဲ့တွေရဲ့ မှတ်တမ်းအရ ကွဲကွဲပြားပြား မိုးမခအနေနဲ့ ကောက်ချက်ဆွဲပေးလို့ ရပါတယ်။
သူတို့တတွေ ဆင်းသွားတဲ့ မြို့က ဖျာပုံဖြစ်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ကူညီချင်သူတွေ အနေနဲ့ မယက - မြို့နယ်အာဏာပိုင်တွေဆီမှာ အကူအညီပစ္စည်းတွေ ထားခဲ့လို့ရတယ်။ သူတို့တွေ တဆင့်ဆောင်ရွက်ပေးမယ်လို့ ပြောလာပေမယ့် စေတနာရှင် လုပ်အားပေးအဖွဲ့က နားမယောင်ခဲ့ပါဘူး။ သူတို့ ခရီးဆက်လာချိန်မှာ ကျိုက်လတ်နဲ့ မအူပင်ဖက်မှာ ဘုန်းကြီးကျောင်း ဒုက္ခသည် စခန်းတွေကို တွေ့ကြပြီး ပါလာတဲ့ အိုးတွေ၊ ဆန်တွေ၊ ဓာတ်မီးတွေ နဲ့ အစားအသောက်တွေ လှူဖြစ်ကြပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နောက်နေ့ဆိုရင် ရွာပျက်တွေဆီ ပြန်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခံထားရတဲ့ သူတွေ၊ မိသားစုတွေပါ။
မေးတဲ့ မေးခွန်းက တခုတည်းပါပဲ။ နိုင်ငံတကာက အကူအညီတွေ ရရှိကြသလား။ မရပါဘူး။ ကြားတောင် မကြားဖူးပါဘူး။ ချောကလက်လည်း မကြားဖူးဘူး။ လုပ်အားပေး စေတနာရှင်တွေပေးတဲ့ ချိုချဉ်တွေကို ကလေးတွေက ၀မ်းသာအားရ စုပ်နေကြရတာ တွေ့ရပါတယ်။
အပျိုအရွယ် မိန်းကလေးတွေက စေတနာရှင်တွေဆီက လုံခြည်တို့၊ ဘောင်းဘီတို့ တောင်းပါတယ်။ မုန်တိုင်းအပြီးမှာ ယောင်္ကျားတွေက ပုဆိုးတွေကို မိန်းမတွေကိုပေး၊ ဘုန်းကြီးတွေက သင်္ကန်းတွေကို စုတ်ဖြဲပြီး ယောင်္ကျားတွေ၊ ကလေးတွေ ၀တ်ဖို့၊ ခြုံဖို့ပေးကြရလို့ အ၀တ်အစား မလောက်ငှပါဘူး။ ဘုန်းကြီးတွေမှာ သင်္ကန်းတောင် ကောင်းကောင်း ရုံစရာ မရှိပါဘူး။ မိဘမဲ့တဲ့ ကလေးတွေဟာ လမ်းပေါ်မှာ အဖေ၊ အမေ တစာစာ အော်ပြီး ရှာနေချိန်မှာ ကလေးတွေရဲ့ မျက်လုံးတွေကို တခြားက ဧည့်သည်တွေအဖို့ တည့်တည့်ကြည့်ရဲဖို့ သတ္တိမရှိနိုင်ကြဖူးလို့ သူတို့က မိုးမခကို အကြောင်းကြားကြပါတယ်။
ရတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးတွေက ခွဲဝေလို့ အနီးအပါးက အိမ်တွေ အမိုးမိုးဖို့ ပေးရပါတယ်။ တအိမ်ကို မြန်မာကျပ်ငွေ ၅၀၀၀ လောက် ရကြပါတယ်တဲ့။ အဲဒီ ဘုန်းကြီးကျောင်းမှာ စာရင်းအရ ဒုက္ခသည် ၁၀၀၀ ကျော်ပါတယ်။ နိုင်ငံတကာက အကူအညီ၊ နိုင်ငံတော်က အကူအညီ ဘာမှ မရှိပါခင်ဗျား။ အဲဒီက အခုဓာတ်ပုံထဲမှာ ပါတဲ့ အပြာရောင် အမိုးအကာနဲ့ ယာယီ ဂိုဒေါင်တွေထဲမှာ စစ်အစိုးရက အဆင့်ဆင့် လက်ဆင့်ကမ်း ဖြန့်ချိတဲ့ လေဘေးအကူအညီတွေ အပုံလိုက် ရှိနေပါတယ်။ ဆန်တွေက မိုးသင့်လို့ အစိုပြန်ပြီး အောက်စော်တွေ နံလို့၊ သောက်မိရင် ချောင်းဆိုးတာသာ အဖတ်တင်မယ့် ဗီးဗီးအချိုရည်တွေကလည်း ရက်လွန်ပြီး အနံဆိုးတွေ ထွက်လို့၊ အဲဒီ ဂိုဒေါင်က အနံဆိုးကြီးက အစိုးရ အကူအညီတွေ ဘာဖြစ်ကုန်ပြီလဲ ဆိုတာကို သက်သေ တကြော်ကြော် လိုက်နေတော့တာပါပဲ။
နိုင်ငံတကာက အကူအညီတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်ပါဘူး။ စစ်အစိုးရ ပျက်ကွက်မှုလား၊ အထက်က အောက်ကို အဆင့်ဆင့် ပျက်စီးနေတာကြောင့်လား။ နိုင်ငံတကာက၊ ကုလက ပြည်တွင်းမှာ ရောက်ရှိ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စိစစ်စုံစမ်းမှုတွေ မလုပ်နိုင်ကြလို့လား။ ကိုဇာဂနာ ပြောသလို နိုင်ငံရေး ပုဒ်မကို ကြောက်နေတာလား။ သူပြောခဲ့တာလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါမယ်။
"အခု ကျနော်လုပ်နေတာ နိုင်ငံရေး မဟုတ်ပါ။ လူ့အသက် ကယ်နေတာ။ ကယ်ဆယ်ရေး လုပ်နေတာပါ။"
No comments:
Post a Comment