Saturday, June 14, 2008

ကြောင်းတူသံကွဲ ဒို့အရေး

အာဖျံကွီး

ရှစ်လေးလုံး အရေးအခင်း ဖြစ်ပွားခဲ့စဉ်အခါက အာဖျံကွီးတို့ တိုင်းပြည်တ၀ှမ်းမှာ ‘ဒီမိုကရေစီရရှိရေး … ဒို့အရေး ဒို့အရေး’၊ ‘မဆလအစိုးရ ပြုတ်ကျရေး … ဒို့အရေး ဒို့အရေး’၊ ‘အာဏာရှင်နေ၀င်း … သတ်ပစ် သတ်ပစ်’၊ ‘ဘာလုပ်နေလဲ မောင်မောင်ရယ် … ဒီမိုကရေစီ ပေးလိုက်ပါလား’ ဆိုတဲ့ ကြွေးကြော်သံတွေ၊ တောင်းဆို ဆန္ဒပြသံတွေနဲ့ နေ့စဉ်ရက်ဆက် ညံစီလို့ နေခဲ့လေရဲ့။ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ သမဂ္ဂတွေ၊ အစည်းအရုံးတွေလည်း အသီးသီး အသက အသက ပေါ်ပေါက်ခဲ့လေရဲ့။ လယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂတွေအစ … ပင်စင်စားများ သမဂ္ဂ၊ အနှေးယာဉ် မောင်းသမားများ သမဂ္ဂတွေအလယ် … အိမ်ရှင်မများ သမဂ္ဂ၊ မိတ်ကပ်ပညာရှင်များ သမဂ္ဂတွေအဆုံး တပြည်လုံးအနှံ့ မိုးဦးကျ မှိုတွေအလား သမဂ္ဂတွေ အများအပြား ပေါ်ထွန်းခဲ့လေရဲ့။

မြို့တိုင်းနယ်တိုင်းက လမ်းမတွေပေါ်မှာ လူလှိုင်းလုံးကြီးတွေ လနဲ့ချီပြီး ရွေ့လျားနေခဲ့လေရဲ့။ ဆန္ဒပြ လူပင်လယ်ကြီးကို အစာကျွေးသူကျွေး၊ ရေတိုက်သူတိုက်နဲ့ မမောနိုင် မပန်းနိုင် ချီတက်ဆန္ဒပြခဲ့ကြလေရဲ့။ ဒါပေမယ့် ချီတက်ဆန္ဒပြပွဲကြီးက လနဲ့ချီပြီး ကြာလာတဲ့အခါ နေ့စဉ်ရက်ဆက် နေပူမရှောင် မိုးရွာမရှောင် ဆိုသလို အော်ဟစ် ဆန္ဒပြခဲ့ရတဲ့ အရှိန်ကြောင့် အသံဝင်သူဝင်၊ ဖျားသူဖျား၊ မောပန်းသူပန်း ဖြစ်ကုန်ကြတယ်။ အဲဒါနဲ့ ဆန္ဒပြပွဲ နောက်ပိုင်းကာလတွေမှာ အသံကို ချွေတာတဲ့ အနေနဲ့ တန်းစီ ဆန္ဒပြနေကြတဲ့ သမဂ္ဂတွေထဲက သမဂ္ဂတခုစီ အလှည့်ကျ အော်ဟစ်ကြွေးကြော်တဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရလေရဲ့။

တရက်မှာတော့ တန်းစီဆန္ဒပြနေတဲ့ အာဖျံကွီးတို့ ကျောင်းသားသမဂ္ဂရဲ့ နောက်မှာ အဲဒီနေ့မှာမှ ဆန္ဒပြပွဲထဲကို ၀င်လာတဲ့ မိတ်ကပ်ပညာရှင်များ သမဂ္ဂက မာမီတွေကလည်း နောက်ကနေ လိုက်ပါချီတက် ဆန္ဒပြနေကြလေရဲ့။ အာဖျံကွီးတို့ ကျောင်းသားသမဂ္ဂက ကြွေးကြော်သံ အော်ရမယ့် အလှည့်မှာ ‘ဒို့အရေး … ဒို့အရေး’ ဆိုတဲ့ အသံတွေကို အသကုန် ကီသွင်းပြီး အော်ဟစ် ကြွေးကြော်ခဲ့တာပေါ့။ အဲ … အာဖျံကွီးတို့ ဖလက်ပြ သွားတဲ့အခါကျတော့ အာဖျံကွီးတို့နောက်က ချီတက်ဆန္ဒပြနေတဲ့ မိတ်ကပ်ပညာရှင်များ သမဂ္ဂက ကြွေးကြော်သံ အော်ရမယ့် အလှည့်ကို ရောက်ပါလေရော။ အာဖျံကွီးတို့လည်း ချွေးသံတရွှဲရွှဲ မောမောပန်းပန်းနဲ့ မာမီတွေ ကြွေးကြော် အော်ဟစ်မယ့် အသံကို နားစွင့်နေမိတာပေါ့။

အဲဒီအချိန်မှာပဲ ရှေ့ဆုံးက မာမီတယောက်က စာရွက်ကိုကြည့်ပြီး ‘ဒီမိုကရေစီ ရရှိရေး’လို့ ထမီစကို လက်တဖက်နဲ့ဆွဲ၊ ခြေထောက်တဖက်ကို ဆောင့်နင်းပြီး အသံကုန် ညှစ်အော်လိုက်လေရဲ့။ အဲဒီအခါမှာ နောက်က မာမီအုပ်စုက သံပြိုင်အော်လိုက်တဲ့ အသံကြောင့် နားစွင့်နေကြတဲ့ အာဖျံကွီးတို့ ကျောင်းသားတစု ရယ်မောမိကြတာ မောနေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ ဖြစ်ခဲ့ရလေရဲ့။

အဲဒီမာမီတစု ပြိုင်တူခြေဆောင့်ပြီး သံပြိုင်အော်ဟစ်လိုက်တဲ့ ကြွေးကြော်သံကတော့ ‘ဒို့အရေးပါ ဆိုနေ … ဒို့အရေးပါ ဆိုနေ’ ပါတဲ့ခင်ဗျာ။ ဘယ်လိုဖြစ်လို့ ‘ပါဆိုနေ’ဆိုတဲ့ စကားလုံး သုံးလုံးက အပိုပါလာပါလိမ့်နော်။ သြော် … ‘ကြောင်းတူသံကွဲ ဒို့အရေး’ ပါလားလို့ တွေးပြီး အာဖျံကွီး တယောက်တည်း ဆက်ပြီးပြုံးနေမိလေရဲ့။

အာဖျံကွီး

No comments: