Saturday, June 14, 2008

တွယ်ရာမဲ့ ဘ၀များ (၁၀)

သောတရှင်များခင်ဗျာ …

ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်းဟာ နှစ်သန်းနီးပါးလောက် ရှိပါတယ်။ အဲသလို တနိုင်ငံတည်းမှာ လာရောက်လုပ်ကိုင်ကြတာချင်း အတူတူ သူတို့တွေရရှိကြတဲ့ လုပ်ခနှုန်းထားတွေကတော့ တနေရာနဲ့ တနေရာ မတူညီကြဘူးလို့ ဆိုပါတယ်။ အရှေ့မြောက်ပိုင်း လာအိုနယ်စပ်လို အစွန်းအဖျား ဒေသတွေမှာ လုပ်ကြရတဲ့ အလုပ်သမားတွေက လစာနှုန်းထား နည်းပါးကြပြီး ဘန်ကောက်လို အစိုးရရုံးစိုက်ရာ မြို့ကြီးတွေနဲ့နီးတဲ့ နေရာတွေမှာ လုပ်ကိုင်ကြရတဲ့ အလုပ်သမားတွေကတော့ လစာနှုန်းထား ကောင်းမွန်ကြတယ်လို့ သိရပါတယ်။ မဲဆောက်အပါအ၀င် တပ်ခရိုင်အတွင်းက မြို့တွေမှာ ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ တရားဝင်နှုန်းထားက ပုံမှန်အလုပ်ချိန် အတွင်းမှာဆိုရင် တရက်ကို ၁၄၇ဘတ် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ လူသစ် ဘတ် ၅၀၊ လူဟောင်း ဘတ် ၇၀ လောက်သာ ရရှိကြပြီး တရားဝင်သတ်မှတ်ထားတဲ့ အချိန်ပိုဆင်းခ တနာရီ ၂၈ဘတ် ကိုလည်း အပြည့်အ၀ မရရှိကြဘဲ အဆမတန် နှိမ်ပြီးပေးတာကို ခံနေကြရပါတယ်။ တချို့စက်ရုံတွေမှာဆိုရင် အချိန်ပို ဆင်းခကို မားမားခေါက်ဆွဲခြောက် တထုပ်သာ ပေးတယ်လို့ သိရပါတယ်။

အဲဒီလို အစွန်းအဖျားဒေသတွေမှာ လုပ်ကိုင်ရတာ လုပ်ခလစာ နည်းပါးလွန်းတဲ့အတွက် အလုပ်သမား အများစုဟာ လုပ်ခလစာ ပိုမြင့်ပြီး အပြည့်အ၀နီးပါး ရရှိကြတဲ့ ဘန်ကောက်မြို့တော်ကြီးဆီကို တက်ရောက် အလုပ်လုပ်ကိုင်ကြဖို့ အိပ်မက်မက်လေ့ ရှိကြပါတယ်။ အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ရင်း အဆင်ပြေသွားကြတဲ့သူတွေ ရှိသလို အဆင်မပြေဘဲ ဘ၀ပျက် ဒုက္ခရောက်ပြီး အသက်အန္တရာယ်နဲ့ပါ တိုးကာ ဇီဝိန်ချုပ်ကြရတဲ့ အလုပ်သမားတွေလည်း အများအပြားပဲ ရှိတယ်လို့ သိရပါတယ်။

အဲသလို ဘန်ကောက် တက်ကြတဲ့အခါမှာ ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ ကားလမ်းကနေ တက်ကြပြီး ငွေကြေး မတတ်နိုင်သူတွေကတော့ တောလမ်းကနေ စွန့်စွန့်စားစား လမ်းလျှောက် တက်ကြတယ်လို့ ဆိုပါတယ်။ ကားလမ်းက တက်သူတွေ အနေနဲ့ ချက်ပွိုင့်တွေ ရောက်ခါနီးရင် ချက်ပွိုင့်ကို ကွေ့ဝိုက်ကာ လမ်းဆင်းလျှောက် ကြရပြီး ချက်ပွိုင့်ကျော်မှ ကားပေါ် ပြန်တက် ဆက်သွားရတဲ့နည်းကို သုံးကြပါတယ်။ လမ်းလျှောက်တက်တဲ့ လူတွေကတော့ လမ်းပြပွဲစားတွေရဲ့ အကူအညီနဲ့ တောလမ်းအတိုင်း နာရီပေါင်းများစွာ လျှောက်ပြီး တတောင်တက် တတောင်ဆင်းနဲ့ သွားကြရတယ်လို့ ဆိုပါတယ်။

အဲသလို အိပ်မက်ကြီးသူတွေထဲက ဘန်ကောက်ကို ရောက်ဖို့ သုံးကြိမ်သုံးခါတိတိ ကြိုးစားခဲ့ပြီး မအောင်မမြင် ဖြစ်ခဲ့ရတဲ့ မြန်မာအလုပ်သမားတဦးရဲ့ စွန့်စားခန်းတွေကို ကျနော် ပြောပြချင်ပါတယ်။ သူက မဲဆောက်မှာ အလုပ်လုပ်ကိုင်နေရင်း ဘန်ကောက်ကို ကားလမ်းကနေ နှစ်ခါ၊ တောလမ်းကနေ တခါ တက်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့သူပါ။ သူ့ရဲ့ ပထမဦးဆုံး ဘန်ကောက်သွား စွန့်စားခန်းနဲ့ ပတ်သက်ပြီး အခုလို အကျယ်တ၀င့် ပြောပြပါတယ်။

(အသံ) ကားနဲ့ တက်တုန်းက ကျနော် ဘယ်လို တက်သွားလဲဆိုရင် ဒီမဲဆောက်ကနေ ဒီနောင်ဘွားဂိတ်ဆိုတာ ရှိတယ်။ အဲဒီ နောင်ဘွားဂိတ်ကို ကျနော့်ကို ခေါ်သွားတယ် အဲဒီလူက။ အဲဒီတုန်းက ဘန်ကောက်ကို ခေါ်တာက တယောက်ကို ၆၀၀၀ပဲ ရှိတယ်။ ကျနော်က ၆၀၀၀ မရှိဘူး။ ဘတ် ၃၀၀၀ ပဲရှိတယ်။ သူက ဘန်ကောက်မှာ မဟာချိုင်မှာ နေတယ်တဲ့။ မင်းလိုက်ချင်ရင် လိုက်လို့ရတယ်တဲ့။ ဆိုတော့ ကဲ ကျနော်လိုက်ချင်တယ် ကျနော့်မှာ ငွေလေး ၃၀၀၀ပဲ ရှိတယ်ဆိုတော့ ကဲ အဲဒီလိုဆိုလို့ရှိရင် ရတယ်။ သူလည်း မဟာချိုင်ကို ပြန်မှာဆိုတော့ သူနဲ့တခါတည်း လိုက်ခဲ့ဆိုပြီးတော့ သူက ခေါ်တယ်။ ခေါ်တော့ ကျနော်တို့ တက်သွားတယ်။ နောင်ဘွားဂိတ်ဆိုတာ ရှိတယ်။ အဲဒီ နောင်ဘွားဂိတ်ကို ကျနော်တို့ ဒီကနေ ကုန်းကြောင်း လျှောက်တယ်။ စစ်ဆေးရေးဂိတ်တွေကို ကွင်းသွားတာပေါ့နော်။ ဂိတ်ကို ကျော်သွားအောင် လျှောက်တယ်။ လျှောက်ပြီးတော့ အဲဒီဂိတ် လွန်သွားပြီဆိုရင် ကျနော်တို့ ကားလမ်းကို ရောက်အောင်လျှောက်၊ ကားလမ်းပေါ် ရောက်ပြီးတယ်ဆိုရင် ကျနော်တို့ အဲမှာ ည(၈)နာရီလောက် တဲတတဲမှာ ကျနော်တို့ ပုန်းနေရတယ်။ ပုန်းနေပြီးတော့ အဲဒီတဲမှာ အာလူးကားပေါ့၊ အာလူးကားကြီးက တောင်ကုန်းဆိုတော့ မြင့်တော့ သူက ကားကို စက်အကုန်ဖွင့်ပြီးတော့ မောင်းလာတာ။ အဲဒါတောင်မှ လိမ့်လိမ့်ပဲ သွားတယ်။ လိပ်သွားသလောက်ပဲ သွားတယ်။ အဲတော့ ကျနော်တို့က အမီပြေးလိုက်၊ ပြေးလိုက်ပြီးတော့ အဲဒီလူက စီစဉ်ထားတာက အဲဒီကားကို တခါတည်း ကားတာလပတ်ကို ဘရိတ်ဓားနဲ့ ခွဲတယ်။ ခွဲပြီးတော့ အဲဒီအောက်မှာ နှစ်ယောက်ဝင်ပြီးတော့ နှာခေါင်းပေါက် တည့်တည့်မှာရှိတဲ့ မိုးကာစကို ဘရိတ်ဓားနဲ့ တခါထပ်ခွဲ၊ ခွဲပြီးတော့ အဲဒီနှာခေါင်းလေးကနေ အသက်ရှူပြီးတော့ အဲဒီလို တက်သွားတာ။

လမ်းခုလတ် တနေရာအရောက်မှာတော့ သူတို့နှစ်ယောက် စီးလာတဲ့ အာလူးကားကြီးကို တောမောခေါ် ထိုင်းလူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတွေက စစ်ဆေးပါတယ်။ တောမောတွေက သူတို့နှစ်ယောက် ပုန်းခိုလိုက်ပါရာ ကားအပေါ်ပိုင်းအထိ တက်လာပြီး ဖိနပ်တွေနဲ့ နင်းတဲ့အတွက် မျက်နှာတွေ မထိအောင် ရှောင်ခဲ့ရပုံ၊ အဲဒီနောက် မဲဆောက်ကို ပြန်ပို့ခံရပုံတွေကို အခုလို ဆက်ပြောပြပါတယ်။

(အသံ) ကျနော်တို့ ဘာလဲ ခွေးရောက်ဂိတ်ဆိုလား ဘာဆိုလား မသိဘူး။ အဲဒီဂိတ်ရောက်တော့ ကျနော်တို့ကို အဲမှာ တောမောလား ပုလိပ်လား မသိပါဘူး။ အဲတုန်းကတော့ ကျနော် မခွဲတတ်ဘူး။ အခုမှသာ သိတာပါ။ တောမောက ကျနော်တို့ မျက်ခွက်ကို နင်းတယ်။ တက်ပြီးတော့ နင်းကြည့်တယ်။ နင်းတော့ ကျနော်တို့က မျက်ခွက်နင်းမိမှာစိုးလို့ လက်နဲ့ကာထားပြီးတော့ သူက နောက်ပိုင်း လူဖြစ်မှန်းလည်း သိလည်း သိရော ထွက်ခဲ့ဆိုပြီး ခေါ်တယ်။ ခေါ်ပြီးတော့ ကျနော်တို့ကို အောက်ကို ခေါ်ချပြီးတော့ ဘယ်ကောင် ကယ်ရီလဲ ဘယ်သူလဲ မေးတာပေါ့။ ကျနော်ကတော့ ရှမ်းစကား တလုံးမှ မတတ်တော့ ဘာမှ မပြောတတ်ဘူး။ မပြောတတ်တော့ ဟိုကောင့်ကိုပဲ လှည့်မေး လှည့်မေး နောက်ဟိုကောင့်ကို ရိုက်ရော။ အဲလို ရိုက်မေးတော့ နောက် ကျနော်တို့ကို ကယ်ရီက ထားခဲ့တယ် ဘာညာဆိုပြီးတော့ သူက လိမ်လိုက်တယ်။ လိမ်ပြီးတော့ အဲဒါနဲ့ ကျနော်တို့ကို အဲဒီတောမောတွေက ဒီမဲဆောက်ထဲကို တခါပြန်ပို့တယ်။

အဲသလို မဲဆောက်ကို ပြန်ပို့ခံရပြီးတဲ့နောက် သူဟာ ရရာအလုပ်ဝင်လုပ်ပြီး ငွေပြန်စုပါတယ်။ လက်ထဲမှာ ငွေပိုငွေလျှံလေး စုမိတဲ့အခါမှာတော့ ဘန်ကောက်ကို ပြန်တက်ဖို့ လူကယ်ရီကတဆင့် သူကြိုးစားပြန်ပါတယ်။ ဒါပေမယ့် လူကယ်ရီလုပ်တဲ့ အမျိုးသမီးနဲ့ ပုလိပ်တွေ လက်ဝါးရိုက်ပြီး လိမ်လည်လှည့်ဖြားတာကို ခံခဲ့ရတဲ့အတွက် ရှိသမျှငွေတွေ အကုန်ကုန်ပြီး အချုပ်ခန်းထဲ ရောက်ခဲ့ရပုံကိုလည်း သူက အခုလို အသေးစိတ် ပြောပြပါတယ်။

(အသံ) နောက်တခေါက်ကျတော့ တယောက်ကို ၆၀၀၀ ပေးရမယ်တဲ့။ တယောက်ကို ၆၀၀၀ ပေးရမယ်ဆိုတော့ ဟုတ်ကဲ့ ကျနော်တို့မှာ ၆၀၀၀ တော့ မရှိဘူး။ လောလောဆယ် ကျနော်တို့ လက်ထဲမှာ နှစ်ထောင်ပဲ ရှိတယ်။ သူက ရတယ် နှစ်ထောင်ပေး။ နင်တို့ အပေါ်မှာ သူဌေးအဆက်အသွယ် ရှိတယ်ဆိုရင် သူဌေးကို အကြောင်းကြား ဟိုအပေါ်ရောက်ရင် ပေးနိုင်မလားဆိုတော့ ကျနော်တို့က အပေါ်မှာရှိတဲ့ သူငယ်ချင်းတွေ စက်ရုံက သူဌေးကို မေးကြည့်တဲ့အခါကျတော့ အဲဒီသူဌေးက ဆင်းလာတယ်။ အဲဒါနဲ့ ဟုတ်ပြီ မင်းတို့ကို ခေါ်မယ်။ အဲဒီကယ်ရီနဲ့ ချိတ်ပေးပါဆိုလို့ အဲဒါနဲ့ လူကူးတဲ့ ကယ်ရီနဲ့ ချိတ်ပေးတဲ့ အခါကျတော့ သူတို့ သွားတွေ့ကြတယ်။ သွားတွေ့တဲ့ အခါကျတော့ ဟုတ်ပြီ လောလောဆယ် နှစ်ထောင်ပေးမယ်။ ကျနော်တို့ ဒီကတက်မယ့် လူတွေက ပေးရတယ်။ တချို့ကျတော့လည်း ၄၀၀၀ အကြေပေးနိုင်တဲ့လူ ရှိတယ်။ အဲဒါမျိုး သူဋ္ဌေးက ၂၀၀၀ စိုက်ပေးမယ် ဆိုတော့ ကယ်ရီနဲ့ သူဋ္ဌေးနဲ့ ညှိယူသွားတယ်။ ဟုတ်ပြီဆိုပြီးတော့။ နောက် အဲဒီနေ့ကျတော့ ကယ်ရီက ကျနော်တို့ကို ပို့မယ်ပို့မယ် ဆိုပြီးတော့ မပို့ဘဲနဲ့ သူက ပုလိပ်နဲ့ပေါင်းပြီးတော့ ကျနော်တို့ကို ဟို အခု မယ်တောင်ဘက်ကို သွားတဲ့ဘက်ပေါ့၊ ကျနော်တို့ ချန်ပီယံကုန်တိုက်ဘက်က တည့်တည့်လမ်းက အဲဒီဘက်က အုတ်တံတိုင်းတွေ ကာထားတဲ့ ကွင်းကြီးထဲမှာ အဆောက်အဦးတော့ မဆောက်ရသေးဘူး။ ခုထက်ထိလည်း မဆောက်ရသေးဘူး။ အဲဒီအဆောက်အဦးထဲ ထည့်ထားတယ်။ ဒီမှာ ခဏစောင့် ဒီမှာ လူစုမယ်ဆိုပြီးတော့ အဲဒီက ကယ်ရီမက ကျနော်တို့ကို ပုလိပ်နဲ့ပေါ့။ ပုလိပ်တွေကလည်း အရပ်ဝတ် အရပ်စားတွေပဲပေါ့။ သူတို့က ဒါ လာခေါ်မယ့် လူတွေဆိုပြီးတော့ ကျနော်တို့ကို လိမ်ပြီး အဲဒီခြံဝင်းထဲမှာ ထားတယ်။ ပုလိပ်နှစ်ယောက် အဲဒီမှာ စောင့်နေတယ်။ ပြီးတာနဲ့ တပြိုင်တည်း အဲဒီမှာ လူ ၅၂ယောက်လည်း စုံလည်းစုံရော ပုလိပ်ကားကြီး ရောက်ချလာပြီးတော့ အချုပ်ကားကြီး ရောက်ချလာပြီးတော့ ကျနော်တို့ကို တက်ဆိုပြီးတော့ တက်ခိုင်းတယ်။ အဲဒီတော့ ကျနော်တို့ ကားပေါ်တက်ရတာပေါ့။ အဲဒီကြားထဲမှာ ကျနော်တို့ကို ပိုက်ဆံ နှစ်ထောင် နှစ်ထောင် နှစ်ထောင် တချို့ကျတော့လည်း အဲဒီကြားထဲမှာ သူက ရှိသေးတယ်။ နင်တို့မှာ ရွှေတွေ ဖုန်းတွေရှိရင် ငါ့ကိုပေးထား။ ရဟိုင်းရောက်တဲ့အထိ ငါက လိုက်မှာ။ ရဟိုင်းရောက်လို့ရှိရင် နင်တို့ကို ဒီပစ္စည်းတွေ ပြန်ပေးမှာ။ ဟိုဘက်ရောက်ရင် ပြဿနာမရှိတော့ဘူး ဆိုပြီးတော့ ကျနော်တို့ကို အဲဒီလို ထားတဲ့အခါကျတော့ ကျနော်တို့က တချို့ကျတော့လည်း အကုန်လုံး ယုံကြည်ပြီးတော့ အပ်လိုက်ကြတယ်။ အပ်လိုက်ကြတဲ့အခါကျတော့ အဲလိုပေါ့ သူက ပုလိပ်ကားလည်း ခေါ်လည်းလာရော ကျနော်တို့ အချုပ်ထဲလည်း ရောက်ရော သူက အဲဒီပစ္စည်းတွေနဲ့ သူက လိမ့်ထွက်သွားရော ရှောင်ထွက်သွားရော။

အချုပ်ခန်းထဲ ရောက်တဲ့အခါမှာတော့ တတ်နိုင်သူတွေက ဘတ် ၈၀၀စီပေးပြီး လွတ်မြောက်သွားကြပေမယ့် သူတို့လင်မယား နှစ်ယောက်ခမျာ ရှိသမျှ ငွေတွေကုန်ပြီး ပိုက်ဆံပေးစရာ မရှိတော့တဲ့အတွက် ၃ရက်လောက် ဆက်နေခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်မှ အသိမိတ်ဆွေ တယောက်ကို ဆက်သွယ် အကူအညီတောင်းပြီး ဘတ် ၉၀၀ စီပေးကာ အချုပ်ကနေ လွတ်မြောက်အောင် လုပ်ခဲ့ရတယ်လို့ သူက အခုလို ပြောပြပါတယ်။

(အသံ) ဟာ … ကျနော်တို့မှာ အချုပ်ထဲမှာ ၃ရက်လောက် ကြာတယ်။ တချို့ပိုက်ဆံရှိတဲ့ သူတွေကတော့ ရှစ်ရာ ရှစ်ရာနဲ့ သူ့ညီအကို မောင်နှမတွေ ဘာတွေက လာပြီးတော့ ရွေးထုတ်သွားကြရော။ နောက်ဆုံး ကျနော်တို့ (၁၀)ယောက်ပဲ ကျန်တော့တယ်။ ကျနော်ရယ် ကျနော့် အမျိုးသမီးရယ်ပေါ့။ ကျနော်တို့က မရွေးနိုင်ဘူး။ မရွေးနိုင် မရွေးနိုင်နဲ့ နောက်ကျတော့ ကျနော်တို့ အသိတယောက်ကို အကူအညီ တောင်းပြီးတော့ ကျနော်တို့ကျတော့ ကိုးရာနဲ့ ရွေးထုတ်ရတာ။ အဲဒါနဲ့ ကျနော်တို့ လင်မယားနှစ်ယောက် ထွက်သွားရော။ ကျန်တဲ့လူတွေကတော့ ဘယ်လိုပြောမလဲ သွန်တဲ့အချိန်အထိ စောင့်ရတယ်။

သောတရှင်များ ကြားခဲ့ရတာတွေကတော့ မဲဆောက်ကနေ ဘန်ကောက်ကို တရားမ၀င်သွားရောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာအလုပ်သမားတယောက်ရဲ့ ပြန်ပြောင်းပြောပြချက်များပဲ ဖြစ်ပါတယ်။ ရှေ့အပတ်မှာတော့ တတိယအကြိမ်မြောက် အနေနဲ့ ဘန်ကောက်ကို တောလမ်းကနေ သွားရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ သူ့ရဲ့ စွန်းစားခန်း ခရီးရှည်ကြီးအကြောင်းကို ဆက်လက်တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

ဒေါက်တာလွဏ်းဆွေ

(အသံဖိုင်ကို နားဆင်လိုပါက www.dvb.no အပတ်စဉ်ဆောင်းပါး ကဏ္ဍတွင် ရှာဖွေနားဆင်းနိုင်ပါသည်)

No comments: