Friday, June 6, 2008

ကံတူအကျိုးပေး

ဥက္ကံသ (၀ါးခယ်မ)

ကံတူအကျိုးပေး ဟူသောစကား မြန်မာမှုတွင် ရှိ၏။ တနည်းအားဖြင့် မြန်မာလူမျိုးတို့ ယုံကြည် ဆည်းကပ်သော ဗုဒ္ဓအဆုံးအမမှ လာသောစကားလည်း ဖြစ်၏။ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ကံကို ယုံကြည်ကြ၏။ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံသာအမိ ကံသာအဘ ဟူသောစကားလည်း ရှိ၏။ ထို့ကြောင့် ကံသည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါ၏။ မိမိ၏ ယခုဘ၀ နောက်ဘ၀တို့ကို ကံကသာ ဖန်တီးခြင်း ဖြစ်သည်ဟူ၍ ယုံကြည်ကြပြီး ဖြစ်သည်။

ဤနေရာတွင် ကံဟူသော စကားကို ရှင်းဖို့လိုပေသည်။ ကံ ဟူသောစကားမှာ မြန်မာစကားမဟုတ် ပါဠိစကား ဖြစ်၏။( ကံ = ကမ္မ = အမှု၊ အလုပ်)ပင် ဖြစ်၏။ သို့ကြောင့် ကံဆိုသည်မှာ မိမိပြုသော အလုပ်ပင်ဖြစ်သည်။ ကောင်းသောအလုပ် တနည်းအားဖြင့် အပြစ်ကင်းသော အလုပ်ကိုလုပ်လျှင် ကံကောင်းသည်ဟု ဆို၏။ အပြစ်မကင်းသော အလုပ်၊ ဆိုးသောအလုပ်ကို လုပ်လျှင် ကံဆိုးသည်ဟု ဆို၏။ ထို့ကြောင့် ကံကောင်းခြင်း မကောင်းခြင်းတို့သည် မိမိပြုသော အလုပ်ပေါ်တွင် တည်၏။

ယင်းသို့ ပြုလုပ်ရာတွင်လည်း အလုပ်သုံးမျိုး (ကံသုံးပါး)ရှိ၏။ စိတ်ဖြင့် ကြံစည်ခြင်း၊ နှုတ်ဖြင့် ပြောဆိုခြင်း၊ ကိုယ်ကာယဖြင့် ပြုလုပ်ခြင်း ဤသုံးမျိုးသည် ကံ တို့ပင် ဖြစ်ပါ၏။ ကောင်းသော အကြံအစည်ရှိခြင်း၊ ကောင်းသောစကားကိုပြောဆိုခြင်း၊ ကောင်းသောအလုပ်ကိုလုပ်ခြင်းတို့သည် ကံကောင်းခြင်းပင်ဖြစ်၏။ ဆန့်ကျင်ဘက်တို့သည် ကံမကောင်းခြင်း၊ ကံဆိုးခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် ကံသုံးပါးဖြင့် ကောင်းမှုပြုသူတို့အတွက်မူ ကောင်းသောအကျိုးကို ဧကန်ရရှိမည်ဖြစ်ပြီး၊ ကံသုံးပါးဖြင့် မကောင်းမှုကို ကျူးလွန်သူတို့အနေဖြင့် ဆိုးကျိုးများကိုသာ ခံစားရမည် ဖြစ်ပါသည်။ သို့ဆိုပါလျှင် ကံသည် လူတိုင်းနှင့် ဆိုင်သည်ဟုဆိုက မှားအံ့မထင်ပါ။ အဘယ်ကြောင့်ဆိုသော် သတ္တ၀ါတိုင်း ဤကံသုံးပါးဖြင့် ဆောင်ရွက်နေကြသည်ပင် မဟုတ်ပါလော။

ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဤကံသုံးပါးကို အထူးစောင့်စည်းကြသည်။ အဘယ်ကြောင့်ဟူမူ ဤကံများက မိမိတို့အတွက် ယခုဘ၀ကော နောက်တမလွန် ဘ၀များစွာအတွက် မိမိနှင့် ထပ်ချပ်မကွာလိုက်၍ အကျိုးပေးနေသည်ဟု ယုံကြည်ကြသောကြောင့်ပင် ဖြစ်ပါ၏။

အထက်တွင် ဖော်ပြထားသော ဤဆောင်းပါး၏ ခေါင်းစည်းတွင် “ကံတူအကျိုးပေး”ဟူ၍ ပါရှိ၏။ ကံတူလျှင် အကျိုးပေးလည်း တူ၏ဟု ဆိုလိုရင်းဖြစ်ပါသည်။ ကောင်းသော အလုပ်ကို အတူတကွ ဆောင်ရွက်ကြလျှင အလွန်ကောင်းသော အကျိုးပေးကို အတူတကွ ခံစားရမည်ဖြစ်ပြီး၊ အလားတူ မကောင်းမှုတို့ကိုလည်း ကံသုံးပါးဖြင့်သော်လည်းကောင်း တပါးပါးသော ကံဖြင့်သော်လည်းကောင်း အတူတကွ ကျူးလွန်ပါက မကောင်းသော အကျိုးကို အတူတကွ ခံစားရမည်သာ ဖြစ်သည်။ ဤမျဆိုလျှင်ပင် ကံတူအကျိုးပေးဟူသော စကား၏ အဓိပ္ပာယ်ကို နားလည်လောက်ပေပြီ။

လောကတွင် ကံများ၏ အကျိုးပေးပုံကို ကျမ်းဂန်များတွင် များစွာ ဖတ်ရှုမှတ်သားခဲ့ရသည်။ ဤနေရာတွင် ကျမ်းဂန် အထောက်အထားများထက် မိမိကိုယ်တွေ့ မြင်တွေ့ခဲ့ရသော ကံအကျိုးပေးပုံများကို တင်ပြလို၏။ ကျွန်ုပ် မြန်မာပြည်တွင်ရှိစဉ်က ကျောင်းသား ဘော်ဒါဆောင်တခုတွင် တာဝန်ထမ်းဆောင်ခဲ့ပေသည်။ ကျွန်ုပ်၏ တပည့်ဟောင်း တယောက်သည် သံပန်းသံတခါးလုပ်ငန်း လုပ်ကိုင်၏။ သူသည် ခွေးမွေးထားပြီး သူ့ခွေးကို အလွန်ချစ်၏။ တနေ့တွင် သူ၏ မျက်လုံးတဖက်ကို ပတ်တီးဖြင့် ဖုံးအုပ်လျက် မျက်နှာတခြမ်းလည်း ယောင်ကိုင်းနေပြီး ကျွန်ုပ်ထံသို့လာကာ အောက်ပါအတိုင်း ပြောပြသည်။

“မနေ့က ကျွန်တော့်ခွေးကို ၀င်ကိုက်တဲ့ခွေးကို ကျွန်တော် လေးခွထဲမှာ သံဂေါ်လီထည့်ပြီး ပစ်လိုက်တာ
အဲဒီခွေး မျက်လုံးတဖက် ထွက်သွားတယ်ဆရာ။ အဲဒါညက ကျွန်တော့်မျက်လုံးတဖက် အလွန်ကိုက်ခဲပြီး တညလုံး မအိပ်ရဘူး၊ မိုးလင်းတော့ တဖက်က မမြင်ရတော့ဘူး ဖူးယောင်နေတယ်။ အခုဆရာဝန် သွားပြတော့ မျက်လုံးကို ဘာနှင့်ထိခိုက်သလဲလို့ မေးတယ်။ ကျွန်တော်က ဘာမှမထိခိုက်ပါဘူး၊ ညအိပ်နေရင်း ဖြစ်နေတာလို့ ပြောတော့ ဆရာဝန်က မယုံဘူး၊ ခင်ဗျား ရန်ဖြစ်လာတယ် မဟုတ်လား ဘယ်သူလုပ်လိုက်တာလဲ မှန်မှန်ပြောပါလို့ ပြောတယ်။ ကျွန်တော် ရှင်းပြပေမယ့် သူကမယုံဘူး၊ နောက်ဆုံးမှာ အခုလို ဆေးထည့်ပေးလိုက်တယ်။ အနာတော့ ပျောက်သွားမယ် မျက်စေ့တဖက်ကတော့ ပြန်မြင်မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောလိုက်တယ်ဆရာ” ဟူ၍ ပြောပြပါသည်။

ယင်းမှာ ကျွန်ုပ်ကိုယ်တွေ့ တူသောကံအကျိုးပေးပင် ဖြစ်ပါ၏။ ၀က်သတ်သမားသည် သေခါနီးအခါ၌ ၀က်၏အသံဖြင့် အော်ဟစ်သေသွားသည်ကို မြင်ဖူးခဲ့ပါ၏။ နွားတကောင်ကို ချည်နှောင်ကာ ကောက်ရိုးပုံပြီး မီးရှို့သတ်ဖြတ်ခဲ့သည့် လယ်ပိုင်ရှင်သည် သေသည့်အခါ ကျီးကန်းဖြစ်ပြီး ကောင်းကင်ထက်၌ ပျံသန်းနေစဉ် မြေမြင်တွင် ကောက်ရိုးပုံ မီးလောင်နေသည်ကို မြင်လိုက်သည်နှင့် ယင်းမီးပုံဆီသို့ ဆင်းသက်ကာ မီးလောင်သေဆုံးသွားကြောင်း ဖတ်ရှုခဲ့ရသည်။ ကာမေသု မိစ္ဆာစာရ ကံကို ကျူးလွန်ခဲ့သော သူဌေးသား လေးယောက်တို့ ငရဲတွင် အတူတကွ ကျခံနေရကြောင်း ဗုဒ္ဓဘာသာဝင်တို့ သိပြီးဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကို ရေးသာတင်ပြနေခြင်းမှာ ယခုပူပူနွေးနွေး ကံတူအကျိုးပေး ဖြစ်ရပ်ကြီးတခုကို တင်ပြလိုရင်းကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ စစ်အာဏာရှင်တို့သည် ကမ္ဘာ့သမိုင်းရှိ အာဏာရှင်ဆိုသူများထက် အဆပေါင်းများစွာ ပိုမိုဆိုးဝါး မိုက်မဲစွာ ပြုမူနေကြပါ၏။ ကျွန်ုပ်တို့ ဖတ်ရှုမှတ်သားခဲ့ရသော အာဏာရှင်များမှာ မိမိအာဏာ တည်မြဲရေးအတွက် အခြားနိုင်ငံများမှ အခြားလူမျိုးများကို ညှင်းပမ်းနှိပ်စက်ကြသည်သာ ဖြစ်၏။ အချို့ကမူ မိမိလူမျိုးထဲမှ မိမိကို အာခံမည့် သူများကို သုတ်သင်ပစ်ကြသည်။ ယင်းအာဏာရှင် အားလုံးသည် မိမိတို့လူမျိုးစု ကိုးကွယ်သော ဘာသာတရားနှင့် မိမိတို့၏ ရှေ့ဆောင်လမ်းပြ ဘာသာရေး ခေါင်းဆောင်များကိုမူ စိတ်ဖြင့်ပင် မပြစ်မှားခဲ့ကြပါပေ။

ယခုမူ သန်းရွှေနှင့် အပေါင်းပါများသည် လောဘကို မတားဆီးနိုင်၊ ဒေါသအိုး ပေါက်ကွဲလျက် မောဟအမှောင်ကလည်း ကြီးစိုးကာ ကြီးလေးသော မကောင်းမှုများကို ဆက်တိုက် ကျူးလွန်နေကြသည်မှာ ကမ္ဘာမှပင် စိတ်ပျက်လှုပ်ရှားဖွယ် အဖြစ်ဆိုးကြီးများအဖြစ် မြင်တွေ့နေကြရပေသည်။ ဗုဒ္ဓတည်ထောင်ထားခဲ့သော သာသနာတော်သည် နှစ်ပေါင်း ၂၅၅၂ ခုနှစ်တိုင်သည်ထိ တည်တန့်အောင် ပြန့်ပွားအောင် အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြသော ရဟန်းတော်များကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်ရုံမျှမက သံဃိကပိုင် ကျောင်းများကို ဖျက်ဆီးခြင်း၊ သံဃိကပိုင် ပစ္စည်းများကို လုယက်တိုက်ခိုက် ယူငင်ခြင်း ခိုးဝှက်ခြင်းများအပြင် သံဃာတော်များကို ကျောင်းမှ နှင်ထုတ်ခြင်း၊ ဘုရားမြေတွင် ဘိနပ်စီးခြင်း စသည့် အနန္တရိယကံများကို မိုက်မဲစွာ ကျူးလွန်ခဲ့ကြပြီး ကျူးလွန်နေစဲလည်း ဖြစ်၏။

မိမိလူမျိုးအချင်းချင်း သွေးခွဲတိုက်ခိုက်စေခြင်း၊ အပြစ်မရှိသော ရဟန်းတော်၊ ကျောင်းသားနှင့် ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခြင်းနှင့် မိမိလူမျိုးအများစုကို ဒုက္ခပင်လယ်ဝေစေခြင်း စသည့် ယုတ်နိမ့်သော အမှုများကို ကံသုံးပါးဖြင့် ထပ်ကာတလဲလဲ ကျူးလွန်နေကြ၏။

ယင်းသို့ ယုတ်မာချင်တိုင်း ယုတ်မာ၊ ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းနိုင်စေရန် အားပေးအားမြှောက် လုပ်ပေးနေသူမှာ အိမ်နီးချင်း မိတ်ဆွေယုတ် တရုတ်ပင် ဖြစ်သည်။ သူခိုးကို ဓားရိုးကမ်းသည်ဟူသော စကားပုံရှိ၏။ ယခုမူ လူသတ်သော ဘီလူးကို ပါဝါတွေ အပြည့်အ၀ ထောက်ပံ့နေခြင်းသာ ဖြစ်သည်။

သို့ကြောင့်လည်း မြန်မာနိုင်ငံတခုတည်း လေမုန်တိုင်းဘေး ကျရောက်နေသည်နှင့် မရှေးမနှောင်းပင် တရုတ်ပြည်၌လည်း မြေငလျင်ဘေးကြီး အကြီးအကျယ်ကျရောက်သည်ကို ကမ္ဘာ့မြင်ကွင်းတွင် ကွက်ကွက်ကွင်းကွင်း မြင်နေကြရပေပြီ။ ယင်းမှာ သံဝေဂပွားဖွယ် ကံတူအကျိုးပေးခြင်းပင် ဖြစ်ပါ၏။

မြန်မာနိုင်ငံနှင့် ကွာသည်မှာ မြန်မာအာဏာရူးတို့က သိက္ခာမရှိ ပြုနေကြချိန်တွင် တရုတ်ခေါင်းဆောင်တို့က ဒုက္ခရောက်နေသော မိမိတို့ပြည်သူရှိရာ အရောက်သွားလျက် ကူညီနေကြပေသည်။ တရုတ်စစ်သည်တို့ကလည်း ကယ်ဆယ်ရေးပစ္စည်းများကို ယာဉ်နှင့် သယ်နိုင်သလောက်သယ်ကာ ယာဉ်မသွားနိုင်သော နေရာမှနေ၍ ကိုယ်တိုင်ထမ်းပိုးကာ မိမိတို့၏ ကျေးဇူးရှင် လူထုထံသို့ သယ်ဆောင်နေကြ၏။။

မည်သို့ဆိုစေ ကံတူအကျိုးပေးခြင်းကတော့ ထင်ရှားနေပါတော့သည်။

ဥက္ကံသ(၀ါးခယ်မ)

No comments: