Friday, June 6, 2008

ပြိတ္တာများနဲ့ မြန်မာပြည်

ဆင်းသိင်္ဂီ

ပြိတ္တာဆိုတာ လူထက်နိမ့်ကျတယ်။ သူတစ်ပါးစားမယ့် အစာရေစာကို မကောင်းစိတ်ထားပြီး ပိတ်ပင်တဲ့ လူတွေနဲ့  မတော်လောဘ ကြီးသူတွေဟာ ပြိတ္တာဖြစ်တတ်တယ်။ ပိတ်တာများတော့ ပြိတ္တာဖြစ်သွားတယ်။

အခုမြန်မာပြည်မှာ ပြိတ္တာတွေ ကြီးစိုးနေတယ်။ ပြည်သူတွေဟာ အစစအရာရာ ပိတ်ဆို့ခြင်းကို ခံနေရလို့  ဆွေစဉ်မျိုးဆက် ကံကြွေးအဖြစ် ၀ဋ်ဒုက္ခတွေ ခံနေကြရတယ်။

တစ်ခုတော့ရှိတယ် ကံဆိုတာ ကိုယ်က စီမံတာ။ ကံကြမ္မာဆိုတာ လွန်လေပြီးသော ကာလများရဲ့ လုံ့လ။ ခံစားရတဲ့ ဒုက္ခတွေကို ကိုယ့်ကံမကောင်းလို့ပဲလို့  စိတ်ဒုန်းဒုန်းချထားရင်တော့ လုံးလုံးရှုံးနေပြီ။ မကောင်းတဲ့ ကံကို ပြင်ရမယ်။ ကိုယ်ခံနေလို့  ဆက်နှိပ်စက်နေတာ။ သိသိကြီးနဲ့ ဆက်ပြီးခံမလား ညီညီညွတ်ညွတ်နဲ့ ကန့်ကွက် တိုက်ထုတ်မလား။

နအဖကတော့ ဆန္ဒခံယူပွဲဆိုတဲ့ ထုံဆေးတစ်ဖက် လမ်းစဉ်(၇)ချက်ဆိုတဲ့ ဓားတစ်ဖက်နဲ့  ပြည်သူတွေရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေကို သင်းကွပ်ဖို့  အတင်းတိုးလာနေပြီ။ အနာခံပြီး လူစဉ်မမီတဲ့အဖြစ် ရောက်ခံကြတော့မှာလား။

အခုအချိန်မှာ မြန်မာပြည်နိုင်ငံသားတိုင်းဟာ ပွဲကြည့်ပရိတ်သတ်အဖြစ် နေလို့ မရတော့ဘူး။ အားလုံးဟာ အရေးကြီးတဲ့ ဇာတ်ကောင်တွေပါ။ လူတန်းစေ့ နေခွင့်မပေးတဲ့ ဒီစစ်အာဏာရှင်ကို ဆက်လက် ခံထားရင်တော့ လက်သင့်ခံသူတွေဟာ ဒီပြိတ္တာတွေရဲ့ ကျွန်နဲ့သခင် အုပ်ချုပ်ပုံမျိုးနဲ့ပဲ ထိုက်တန်တယ်။

မြန်မာပြည်ကြီးမှာ မကောင်းဆိုးဝါး ပြိတ္တာတွေ ဆက်လက် ကြီးစိုးနေရင်တော့ မကြာခင်မှာ ဒီထက်ဆိုးတဲ့ ဘေးဒုက္ခဆိုးတွေနဲ့ ကြုံရတော့မယ်။ အခုချိန်မှာ မုန်တိုင်းဒဏ် တိုက်ရိုက်မခံရပေမယ့် မဝေးတော့တဲ့ ကာလမှာ ငတ်မွတ်မှုနဲ့ ရောဂါဘယကပ်ဆိုးတွေကို တစ်ပြည်လုံး မျှဝေခံစားကြရလိမ့်မယ်။ ရောဂန္ဒြကပ်ဆိုတာ နယ်မခြားဘူး။ သေနတ်နဲ့ တားမရပါဘူး။ နအဖ၊ စစ်သား၊ သူဌေး၊ ဆင်းရဲသား၊ အုပ်ချုပ်ခံ လူတန်းစာရယ်လို့ ရွေးနေမှာ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ မျက်စေ့နဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှား သေးသေးလေးတွေက အားလုံးကို မျိုးပြုန်းအောင် သတ်သွားလိမ့်မယ်။

အုပ်ချုပ်တဲ့ မင်းမကောင်းတော့ ပြည်နာတယ်။ မင်းပြောင်းမှ ပြည်သာမယ်။ ဆိုးနေတဲ့ ကံတွေပြောင်းအောင် ပြည်နဲ့မတန်တဲ့ ပြိတ္တာတွေကို မြန်မြန်မောင်းထုတ်ကြလော့။

ဆင်းသိင်္ဂီ

မှတ်ချက်
သူတစ်ပါးရဲ့လွတ်လပ်မှုကို ပိတ်ပင်သူဟာ ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ် မနေရဘူး။
သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို ပိတ်ပင်ထားလို့  ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင် မရှိဘူး။
သူတစ်ပါးရဲ့ ဘ၀အသက်အိုးအိမ်ကို ဖျက်ဆီးသူရဲ့ ဘ၀ဟာ မလုံခြုံဘူး။
သူတစ်ပါးကို တားဆီးချုပ်နှောင် ထားသူဟာလည်း အကျဉ်းစံပါပဲ။
သူတစ်ပါးကို သောကပေးလို့ ကိုယ်တိုင်လည်း ငြိမ်းအေးစွာ မနေရဘူး။
သူတစ်ပါးရဲ့ ကောင်းကျိုးပြုခြင်းကို ပိတ်ပင်တာဟာ ပြိတ္တာတွေရဲ့ သဏ္ဍာန်လက္ခဏာတွေပဲ။

No comments: