သူငယ်ချင်း ဟေမန်သဇင် …
ရန်ကုန်စစ်မျက်နှာကနေ ငါ စာရေးလိုက်တယ်။ နင် နေကောင်းရဲ့လား။ ငါရေးလိုက်တဲ့ ပထမစာကို ဖတ်ပြီး စိတ်မကောင်း ဖြစ်နေသလား။ နင်တို့ အဝေးကလှမ်းပြီး စိတ်ပူနေရမှာ စိုးသလို ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကိုလည်း အမှန်အတိုင်း သိစေချင်နေတယ်။ နင် ဆက်ဖတ်ပေးပါဦး။
မနေ့က ငါ့အဖေက လူတယောက်လွှတ်ပြီး မှာလိုက်တယ်။ သူ့ဆီကို အမြန်ဆုံး လာခဲ့ပါတဲ့။ ငါ့အဖေအိမ်ကို ငါရောက်သွားတော့ အဖေ့ရွာက အကိုတယောက် ရောက်နေတယ်။ အဖေ့မျက်နှာနဲ့ အကို့အရိပ်အခြေကို မြင်လိုက်ကတည်းက တစုံတရာ အကြီးအကျယ် မှားယွင်းသွားပြီဆိုတာ ငါသိလိုက်တယ် ဟေမာန်။ အကိုက ငါ့လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်တွေနဲ့ ပြောတယ်။
“ရွာမှာ ဘာမှ မကျန်တော့ဘူး ညီလေး" တဲ့။
ငါ့စိတ်တွေ လေထဲမှာ ၀ဲပျံသွားပြီးတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ရွာကလေးတရွာကို ရောက်သွားခဲ့တယ်။ ချောင်းတလျှောက် သွယ်တန်းနေတဲ့ အိမ်ကလေးတွေ၊ ဓနိတော၊ အုန်းတောနဲ့ မျက်စိတဆုံး လယ်ကွင်း စိမ်းစိမ်းကြီးတွေ၊ အဝေးက ဘုရားဆည်းလည်းသံနဲ့ ချောင်းထဲက တဘုတ်ဘုတ် မြည်နေတဲ့ မော်တော်သံ။ ကျောင်းဆင်းချိန်ဆိုရင် ရွာကျောင်းသားလေးတွေက ရွာရိုးတလျှောက်မှာ အဖြူအစိမ်းလေးတွေနဲ့ စီရီလို့။ ဒီရွာမှာ ငါ့အဘေး ခေါင်းချခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဘိုး နေသွားခဲ့တာပေါ့။ ဒီရွာမှာ ငါ့အဖေ ပညာသင်ခဲ့တာပေါ့။
ငါ့စိတ်တွေ စုစည်းပြီး သတင်းထောက် တယောက်ရဲ့ တာဝန်တွေကို ဆက်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ တကယ်တော့ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းကြီး လာတော့မယ်ဆိုတာကို ရွာသားတွေ ကောင်းကောင်း မသိကြဘူး။ တိုက်မယ့်ညမှာ မြန်မာရုပ်မြင်သံကြားက ၀တ်ကျေတန်းကျေ ထိုးပေးတဲ့ သတင်းစာတန်း တကြောင်းကိုလည်း ရုပ်မြင်သံကြားစက်ရှိပြီး ကြည့်မိသူတချို့ပဲ နည်းနည်း သတိထားမိလိုက်ကြတယ်။ အကိုတယောက်ပဲ ပညာတတ်လည်းဖြစ်ပြီး ရေဒီယိုလည်း ပုံမှန်နားထောင်သူဆိုတော့ RFA က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နာဂစ်မုန်တိုင်းအပေါ် မှတ်ချက်ကို နားထောင်ရတဲ့အခါ ဒါဟာ အန္တရာယ်ပဲလို့ သိခဲ့တယ်။
မုန်တိုင်းရဲ့ လေထဲမှာ ရွာက အိမ်တွေအားလုံး ကျွတ်ထွက်ကုန်တယ်။ သစ်ပင်တွေ အားလုံးလဲကျတယ်။ ချောင်းထဲက ရေတွေ လျှံတက်လာပြီး လယ်ကွင်းတွေအားလုံး ရေကမ္ဘာဖြစ်သွားတယ်။ မနှစ်က ငါသွားတုန်းက ထမင်းဟင်းကို စိတ်ကြိုက်ချက်ကျွေးခဲ့တဲ့ ငါ့အဒေါ်ကြီး (ငါ့အဖေရဲ့ အမ) နဲ့ သူ့ခင်ပွန်း ၂ ယောက်စလုံး သစ်ပင်ပိပြီး သေဆုံးသွားတယ်။ ငါ့အမ၀မ်းကွဲတယောက် မှောင်နဲ့မည်းမည်းမှာ ကလေး ၂ ယောက်ကို သယ်ပြေးရင်း လေဆောင့်အတိုက်မှာ ကလေး ၂ ယောက်လုံး လက်လွတ်ပြီး ရေထဲကျပျောက်သွားခဲ့တယ်။ ငါ့တူလေးနဲ့ ငါ့တူမလေး …
ဟေမာန်ရယ် … ဟေမာန်ရယ် … ဟေမာန်ရယ် …
ငါတို့မြန်မာပြည်ကြီးမှာ ငိုစရာ မျက်ရည်တောင် ကျန်သေးရဲ့လား ငါမသိတော့ပါဘူး။ ဒို့တရွာလုံးမှာ ပြိုမသွားတဲ့ အိမ်ဆိုလို့ အကို့အိမ်တအိမ်ပဲ ကျန်ခဲ့တယ်။ တရွာလုံးက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေအားလုံး မတ်တပ်ရပ်နေကြရတယ်။ ချောင်းထဲမှာ လူသေ၊ ကျွဲနွားသေတွေက ပေါလော။ လယ်ကွင်း ရေဖွေးဖွေးမှာ ကောက်မနိုင်တဲ့ အလောင်းတွေက ပက်လက်။ သောက်စရာမရှိတဲ့အတွက် ငန်ပြီး နံနေတဲ့ ချောင်းရေကိုပဲ သောက်ကြရတယ်။ ပုပ်နေတဲ့ ကျွဲနွားအသေတွေကို ဖျက်စားကြတယ်။
ရန်ကုန်ဟာ စစ်မျက်နှာဆိုရင် ဧရာဝတီတိုင်းဟာ “ငရဲ” ပဲ … ဟေမန်။
ကယ်ဆယ်ရေးလား … ။ စားနပ်ရိက္ခာ ဝေငှဖို့ မပြောနဲ့၊ သေစာရင်း ကောက်မယ့်လူတောင် ရောက်မလာပါဘူး။ လူတွေဟာ အခုထက်ထိ ရေထဲမှာ နေနေကြရဆဲ။ ငါ့အကိုက ပြောတယ်။
“လူတွေ ရေထဲမှာ ကြာနေပြီ။ တချို့ အခုထိ မသေသေးဘူး။ ဒါပေမယ့် သေမှာပါပဲ …” တဲ့။
ငါ့ ရင်တွေ ပွင့်ထွက်တော့မယ်။
ဒို့ရွာလေးဟာ ဒေးဒရဲမြို့နယ် အပိုင်ထဲက ဂွကြီးကျေးရွာအုပ်စုဝင် ရွာတရွာပါ။ ဒေးဒရဲမြို့နယ်ထဲမှာ ကျေးရွာစု ၉၂ စု ရှိတယ်။ ဂွကြီးအုပ်စုတစုထဲမှာ လူ ၁၀၀ ကျော် အသက်ဆုံးရှုံးတယ်။ ကျေးရွာ အုပ်စု ၉၂ စုပေါင်းဆိုရင် နင်မှန်းကြည့်ပေတော့။ ဒေးဒရဲမြို့နယ်ထဲမှာ သောကြာ၊ တံတား၊ တံတားချောင်၊ ကန်ဆိပ်နဲ့ ကျုံဟဲရွာတွေဟာ ရွာလိုက်ပျောက်သွားတယ်။ ငါ့အကို ခန့်မှန်းတယ်။ ဒေးဒရဲ တမြို့နယ်အတွင်းမှာ လူ ၁ သိန်းနီးနီး သေနိုင်တယ် တဲ့။
ဖျာပုံ၊ ဘိုကလေး မြို့နယ်တွေမှာလည်း ရွာလိုက် ပျောက်သွားတာတွေ အများကြီးပဲ။ “ကဇုံကနိ” တို့၊ “မိန်းမလှကျွန်း” တို့ဆိုတာ အင်မတန် နာမည်ကြီးတဲ့ ရွာကြီးတွေပေါ့။ အခုတော့ မြန်မာပြည်ရဲ့ စပါးကျီ မြစ်ဝကျွန်းပေါ်ဟာ နာလန်မထူနိုင်အောင် ပျက်စီးသွားခဲ့ပြီ။ လူသိန်းချီ သေဆုံးခဲ့ရပြီး လယ်ကွင်းအားလုံး ပျက်စီးသွားခဲ့ပြီ။ ရေချို မြစ် ချောင်း ကန်တွေထဲကို ရေငန်တွေ ၀င်ခဲ့ပြီ။ ဥယျာဉ်ခြံမြေတွေ လဲပြိုသွားခဲ့ပြီ။ ဘယ်တော့မှ နာလန်ပြန်ထူတော့မှာ မဟုတ်ဘူးလို့ ငါ့အကိုက မျက်ရည်တွေနဲ့ ပြောခဲ့တယ်။
“ကယ်ဆယ်ရေးကော" လို့ နင် ထပ်မေးအုံးမလို့လား ဟေမာန်။ ကျေးရွာတွေဘက်ကို ခြေဦးလုံးဝမလှည့်လာတဲ့ အာဏာပိုင်တွေက ဖျာပုံမြို့ပေါ်မှာတော့ ခေါက်ဆွဲထုပ် နည်းနည်း ဝေပြတယ်။ မဝေခင်မှာ ကင်မရာတွေကို အကျအန ဆင်ကြတယ်။ ဓာတ်ပုံသမားက "ရပြီ"လို့ အချက်ပြတာနဲ့ စ ဝေပြီး ခဏနေတော့ သိမ်းလိုက်ကြတာပေါ့။
ရန်ကုန်မှာလည်း ဒီလိုပါပဲ။ ဘယ်တုန်းကမှ ပေါ်မလာတဲ့ ယူနီဖောင်းတွေက ၅ ရက်နေ့ မနက်မှာ ရှိုးနဲ့ မိုးနဲ့ ပေါ်လာပြီး လဲကျနေတဲ့ သစ်ပင်ကြီးတွေ အနားမှာ နေရာယူကြတယ်။ ကင်မရာတွေက မီးတွေလင်းပြီးသွားတဲ့အခါတော့ ကားပေါ်တက်ပြီး ပြန်ပျောက်သွားကြတော့တာပဲ။ ဗိုလ်တထောင်မြို့နယ်ရဲ့ တနေရာမှာတော့ ထရပ်ကားပေါ်က စစ်သားတွေ ဆင်းလာကြတယ်။ လူတွေက ရှင်းလင်းရေး လုပ်ဖို့လို့ ထင်ကြတယ်။ သူတို့က ပါတဲ့ဓားတွေနဲ့ သစ်ကိုင်းတွေကို ထင်းအဖြစ် ခုတ်ပြီး ကားပေါ်တင်သွားကြတာ။ လမ်းပေါ်မှာ လဲကျကျန်နေခဲ့တဲ့ သစ်ပင်ကြီးက ခြေမဲ့ လက်မဲ့ တုံးလုံး ပက်လက်။
သတင်းစာတွေထဲမှာတော့ "ကယ်ဆယ်ရေး အကူအညီများ ထိရောက်စွာ စီမံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းရှင်းလင်းရေးတွေ လုပ်နေတဲ့ ပုံတွေပဲ ဖော်ပြနေကြတယ်။ မိုက်မဲတဲ့ မြန်မာ့အလင်းကတော့ အခြေအနေကို နားမလည်ဘဲ "မိုးဦးကျကာလမှာ လျှပ်စစ်မီးသုံးရင် သတိထား" တဲ့။ အောက်မြန်မာပြည်တခုလုံး ကျောက်ခေတ်ကို ပြန်ရောက်သွားချိန်မှာ ဘယ်လျှပ်စစ်မီးကို သတိထား သုံးရမှာလဲ။
သွပ်တွေ တချပ်ကို ၆,၀၀၀ ကနေ ၁၆,၀၀၀ ဖြစ်သွားတယ်။ အခု ၀ယ်လို့ မရတော့ဘူး။ ဧရာဝတီတိုင်းမှာ ဆန်တောင် ၀ယ်လို့ မရတော့ဘူး။ ဆန်ကွဲနဲ့ ရေစိုဆန်ပဲ ၀ယ်လို့ရတယ်။
ဘာလို့ ဒီလောက်တောင် ဖြစ်သွားရတာလဲလို့ နင်မေးချင်နေတာလား ဟေမာန်။ ဒါမှမဟုတ် အစိုးရက ကြိုမသိဘူးလားလို့ မေးမလို့လား။
တကယ်တော့ ပါးနပ်တဲ့ ဗိုလ်ချုပ်တွေဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်ပိုင်လေယာဉ် အပါအ၀င် သူတို့သုံးစွဲနေတဲ့ လေယာဉ်တွေ အားလုံးကို တံတားဦး နိုင်ငံတကာလေဆိပ်ကို မပျက်စီးအောင် ကြိုပို့ထားပြီးသား …။ ပြီးတော့ ငါတို့ပြည်သူတွေကို ပြောတယ်။ … မစိုးရိမ်ပါနဲ့ … တဲ့။
သစ်ပင်ပိပြီး သေဆုံးသွားတဲ့ အဒေါ် …
ရေထဲကို ကျသွားတဲ့ ငါ့ တူလေးနဲ့ တူမလေး …
ပြည်သူတွေ …
ပြည်သူတွေ …
ကလောင်ကို လွှတ်ချပြီး လက်နက်တစုံတရာကို ကောက်မကိုင်မိဖို့ ငါ ခက်ခက်ခဲခဲ ကြိုးစားနေရတယ် ဟေမာန် … ။
နင့် ငါ့စာတွေ ဖတ်ချင်သေးရဲ့လား …။
နင့်သူငယ်ချင်း ...
သူ
ရန်ကုန်
၇၊ မေ၊ ၂၀၀၈
Friday, June 6, 2008
သူငယ်ချင်းသို့ ပေးစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment