Saturday, June 21, 2008

တွယ်ရာမဲ့ ဘ၀များ (၁၁)

ဒေါက်တာလွဏ်းဆွေ

သောတရှင်များကို အခုတပတ် ကျနော်ပြောပြမှာကတော့ ဘန်ကောက်မြို့တော်ကြီးဆီကို သွားရောက်ဖို့ မဲဆောက်ကနေ တောလမ်းအတိုင်း လမ်းလျှောက်တက်ခဲ့တဲ့ မြန်မာအလုပ်သမားတယောက်ရဲ့ ခရီးရှည်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ဘန်ကောက်ကို ကားလမ်းကနေ (၂)ကြိမ်တိတိ တက်ဖို့ကြိုးစားရင်း ပထမအခေါက်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတွေနဲ့တိုးပြီး မဲဆောက်ကို ပြန်ပို့ခံရသူပါ။ ဒုတိယအခေါက်မှာတော့ လူကယ်ရီ အမျိုးသမီးနဲ့ ပုလိပ်တွေ လက်ဝါးချင်းရိုက်ပြီး လိမ်လည်သွားတာကို ခံရလို့ လင်မယား နှစ်ယောက်စလုံး အချုပ်ခန်းထဲရောက်ပြီး ရှိသမျှငွေတွေ အကုန်ကုန်ခဲ့ရဖူးသူ ဖြစ်ပါတယ်။ အဲဒီအကြောင်းတွေကို ပြီးခဲ့တဲ့အပတ်က သူ ရင်ဖွင့်ပြောပြခဲ့ပြီး ယခုအပတ်မှာတော့ တတိယအကြိမ်မြောက် ဘန်ကောက်အိပ်မက် မက်ခဲ့ပုံကို သူက အခုလို စပြောပြပါတယ်။

(အသံ) တတိယအခေါက်ကျတော့ ကျနော်တို့ တက်တာက ဒီတောလမ်းက ကျနော်တို့တက်တယ်။ အဲဒီတုန်းက ၇ယောက် အမျိုးသမီးကတယောက် ကယ်ရီအမျိုးသမီးပဲ ပါတယ်။ အားလုံး ၇ယောက်။ ယောင်္ကျားလေး ၆ယောက် မိန်းကလေး ၁ယောက်ပေါ့။ ကယ်ရီက လင်မယား ကျန်တာက ယောင်္ကျာလေး ၅ယောက်။ အဲတုန်းကလည်း ကျနော်တို့ တယောက်ကို ဘယ်လောက်ပေးရလဲဆိုတော့ တယောက်ကို ၄၀၀၀နှုန်း ၂၀၀၀လက်ငင်းပေး ဆိုတော့ ကျနော်တို့ အဲဒီတုန်းကလည်း ပေးရတယ်။

အဲဒီလို တောလမ်းကနေ တက်သွားရင်း တောထဲမှာ ရက်တွေကြာလာပြီး အစာရေဆာ ငတ်ပြတ်လာပုံ၊ လမ်းခရီးတလျှောက်မှာ သူတို့ကို ဦးဆောင်ပြီး ခေါ်လာတဲ့ ကယ်ရီလင်မယားက အနုနည်းနဲ့ ပညာတွေပြနေလို့ နောက်ဆုံးမှာ လမ်းခွဲခဲ့ရပုံတွေကို အခုလို ဆက်ပြောပြပါတယ်။

(အသံ) ဒီကနေ ဘယ်ကနေ တက်သွားလဲဆိုတော့ ကျနော်တို့ ဒီ စီစီပယ်မရောက်ဘူး ကျနော်တို့ ဘန့်မိုင်ကုန်းဆိုလား ဘာဆိုလား အဲဒီကနေ ကျနော်တို့ တက်သွားတာ။ အဲဒီ တောလမ်းက တက် တက် တက် တက်သွား၊ တက်သွားပြီးတော့ နောက် တောထဲမှာတင် ၈ရက်လောက်ကြာတယ်။ တောထဲမှာ ၈ရက်ကြာတော့ ကျနော်တို့ ငတ်ပြတ်လာပြီ။ ဘာမှလည်း မရှိတော့ဘူး။ သူကတော့ အရက်ချည်းပဲ မွှေ့ပြီးတော့ သောက်နေတယ်။ အဲ သူက နောက်ပြီးတော့ ပြောလိုက်သေးတယ်။ တောထဲမှာ ဘယ်သူက ခေါင်းဆောင်လဲ၊ ငါ ခေါင်းဆောင်၊ ငါ့စကားနားထောင်၊ ငါ့စကား နားမထောင်ရင် မင်းတို့ သွားချင်တဲ့လမ်းသွား၊ ဒီ မဲဆောက်တခွင် မှာတုန်းကတော့ သူ အဲဒီလိုစကား တခါမှ မပြောဘူး။ တောထဲလည်း ရောက်လည်း ရောက်ရော အာ တခါတည်း အဲဒီစကားမျိုးတွေ ပြောလာတာ။ ကိုယ်ကတော့ လမ်းမသိလို့ သူ့ကိုပဲ အားကိုးတကြီးနဲ့ နေတာ။ နောက်ပိုင်းကျတော့ တောရွာတရွာ ရောက်တဲ့အခါကျတော့ ကျနော်တို့ အစာကလည်း ပြတ်လာပြီ။ သူကလည်း သူ့ရှိတဲ့ ပိုက်ဆံနဲ့ မားမား သွားဝယ်ပေးတယ်။ ၀ယ်ပေးပြီး ပြန်လာတော့ သူ့အတွက်က အရက်တလုံး ကျနော်တို့ အတွက်က မားမား ငါးထုပ်ပေါ့၊ ငါးထုပ်ကို ကျနော်တို့က သုံးထုပ်ကို တခါတည်း ရေးနွေးနဲ့ပြုတ်၊ ပြုတ်ပြီးတော့ ဖလှောင်တောင်ဝှေးတွေ ဘာတွေ တွေ့တဲ့အရွက်တွေပေါ့ ဗိုက်ပြည့်အောင်လို့ ဆိုပြီးတော့ အဲဒါတွေ အကုန်လုံး ခူးထည့်ပြီး တယောက်ကို တဇွန်း တဇွန်း တဇွန်း အဲလို အလှည့်ကျ သောက်ပြီးတော့ ကျနော်တို့ နှစ်ယောက်က လမ်းခွဲလိုက်တယ်။

သူနဲ့ သူငယ်ချင်းတယောက်ဟာ အတူသွားကြတဲ့ အဖွဲ့ထဲကနေ လမ်းခွဲထွက်ခဲ့ပြီး မျှော့လူမျိုးတွေ နေထိုင်တဲ့ ထိုင်းရွာတရွာကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ကို အဲဒီရွာက မျော့လူမျိုးတယောက်က ကြက်ဒိုင်လုပ်တဲ့ သူ့သူငယ်ချင်းတယာက်ဆီ ကားနဲ့ပို့ပေးပုံ၊ အသက်ရှူကျပ်ပြီး ဆက်မလိုက်နိုင်လို့ သူတို့နှစ်ယောက်ကို လမ်းခရီးတနေရာက တောထဲမှာ ထားခဲ့ပုံတွေကို သူက အခုလို ဆက်ပြောပြပါတယ်။

(အသံ) အဲဒီရွာမှာပဲ ကျနော်တို့ အကူအညီတောင်းတယ်။ ရှမ်းစကား မတောက်တခေါက်နဲ့ ပြောပြီးတော့ အကူအညီတောင်းတော့ အဲဒီရွာက မျှော့က ကျနော်တို့ကို တို့ရွာမှာတော့ ရှိတယ်တဲ့။ ၃၀၀၀ ပေးရမယ် ဘန်ကောက်ရောက်တဲ့အထိ။ ကျနော်တို့မှာကတော့ ပိုက်ဆံ မရှိဘူးလို့။ ကျနော်တို့ကို ကယ်ရီက ဒီပုံဒီနည်းနဲ့ နှိပ်စက်လို့ ကျနော်တို့လည်း မခံနိုင်လို့ ထွက်လာတာလို့။ ကျနော်တို့ကို ပုလိပ်ရှိတဲ့နေရာ ပို့ပေးပါလို့ ပြောတော့ ဒီရွာနဲ့ ပုလိပ်နဲ့က နည်းနည်း ဝေးတယ်တဲ့။ အဲဒါနဲ့ ကျနော်တို့ ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိဘူး။ နောက်ကျတော့ အဲဒီမျှော့က သူ့သူငယ်ချင်းဆီ ဖုန်းဆက်ပြီးတော့ ချွန်ဘူရီမှာတဲ့ သူ့သူငယ်ချင်း ကြက်ရောင်းတာ ရှိတယ်တဲ့၊ ကြက်ဒိုင်ပေါ့။ အဲဒါ မင်းတို့လုပ်နိုင်ရင် လုပ်မလားတဲ့ သူ့သူငယ်ချင်းက လူလိုလို့ ပြောတယ်ဆိုတော့ ဟာ ကျနော်တို့ လုပ်မယ်ပေါ့ ပို့ပေးပါဆိုတော့ နောက်နေ့မနက်ကျရင် အစောကြီး သွားမယ်ဆိုပြီးတော့ သူ့ကားကိုပေါ့ ကားအမိုးတွေကို သူအကုန်ဖြုတ် ဖြုတ်ပြီးတော့ ဒေါက်တွေဘာတွေ သေချာတပ်၊ တပ်ပြီးတော့ အနောက်က အဖွင့်နဲ့ အညီပေါ့ သုံးထပ်ပြားတွေခင်း၊ ခင်းပြီးတော့ အဲဒီအပေါ်မှာ စပါးအိပ်တွေ ထပ် ထပ် ထပ် ထပ် ထပ် ကျနော်တို့ နှစ်ယောက်ကို အဲဒီသုံးထပ်ပြားအောက်က ပက်လက်ထိုးဝင်ခိုင်းတယ်။ ထိုးဝင်ခိုင်းပြီးတော့ ကျနော်တို့ နှစ်ယောက်က သူ နောက်ဖုံးပိတ်လိုက်တော့ လုံသွားရော။ ဒါပေမယ့် အသက်ရှူမ၀ဘူး။ အဲဒါနဲ့ သူကပို့ရော။ ကျနော် မှန်းကြည့်လိုက်တာ သူနေတဲ့နေရာကနေ ကျနော်တို့ကို တောထဲမှာပဲ ကျနော်တို့ကို ချထားပေးပစ်ခဲ့တယ်။ ရောက်အောင်မပို့ဘူး။ ကျနော်တို့ အသက်ရှူမ၀ဘူး၊ မ၀တော့ သူ့ကို ကားထုပြီး အကြောင်းကြားတော့ သူက ဒီလိုပုံစံအတိုင်းဆို ပို့လို့မရဘူးတဲ့၊ အဲတော့ မင်းတို့ ဒီမှာပဲ ကျန်ခဲ့ပေါ့၊ သူဌေး လာခေါ်လိမ့်မယ်ဆိုပြီး ကျနော်တို့ကို လိမ်ပြီးတော့ တောထဲမှာ ထားခဲ့တယ်။ သူ့နေရာကနေ ကျနော်တို့ကို ထားခဲ့တဲ့ နေရာမှာ ကျနော်တွက်ကြည့်တာ နှစ်နာရီလောက်ကြာတယ်။ ကျနော် နာရီမှတ်ထားတာက နေလည့် ၁နာရီကနေ စထွက်တာ ၃နာရီ ပတ်ဝန်းကျင် ရောက်တယ်။ ၄နာရီကျရင် မင်းတို့ကို သူဌေးလာကြိုမယ်ဆိုပြီးတော့ ကျနော်တို့ကို ထားခဲ့ပြီး သူတို့က ပြန်သွားတယ်။ ကျနော်တို့နှစ်ယောက်လည်း အဲဒီမှာ တောထဲမှာ လည်တည်လည်တည်နဲ့ ဟိုမေး ဒီမေး အဲလို မျှော့တွေပေါ့ သူတို့ မျှစ်ချိုးတဲ့ မျှော့တွေ ဘာတွေရှိတယ်။ အဲဒီလူမျိုးတွေကို မေးစမ်းပြီးတော့ ကျနော်တို့ လျှောက်ရင်း လျှောက်ရင်းနဲ့ နောက်ပိုင်း ကားလမ်းမကြီးကို တွေ့တယ်။

ရွာလည်နေတဲ့ သူတို့နှစ်ယောက်ဟာ ကားလမ်းမကြီးပေါ် ရောက်တဲ့အခါ မဲဆောက်ကိုပဲ ပြန်ကြဖို့ ဆုံးဖြတ်ပြီး လာသမျှ ကားတွေကို တားခဲ့ပါတယ်။ ဒါပေမယ့် ကားတွေက တစီးမှ ရပ်မပေးတဲ့အတွက် ဆက်လျှောက်တဲ့အခါမှာ ပုလိပ်ဂိတ်ကိုကျော်ပြီး ရွာတရွာကို ရောက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ထမင်းဆာတာနဲ့ ဘုန်းကြီးကျောင်း တကျောင်းဆီဝင်ပြီး ဘုန်းကြီးဆီက ထမင်းတောင်းစားပါတယ်။ ဘုန်ကြီးက ထမင်းမကျွေးခင် ရွာလူကြီးတွေဆီ အကြောင်းကြားလိုက်လို့ အဖမ်းခံရပြီး နောက်တနေ့မှာ မဲဆောက်ကို ပြန်ပို့ခံရပါတယ်။ အဲဒီနောက် မြ၀တီဘက်ခြမ်း မြန်မာဘက်ကမ်းသို့ အသွန်ခံခဲ့ရပုံတွေကို အခုလို အသေးစိတ် ဆက်ပြောပြပါတယ်။

(အသံ) ကားတွေတွေ့တော့ ကျနော်တို့ တားတာပေါ့၊ မဲဆောက်ပြန်တဲ့ ကားတွေတားလည်း တစီးမှ ရပ်မပေးဘူး။ အပေါ်တက်တဲ့ကား တားလည်း တစီးမှ ရပ်မပေးဘူး။ ကျနော်တို့ကို အဲဒါနဲ့ ကုန်ကားတစီးက ခေါ်ရော။ လာတဲ့ ဘယ်သွားမလဲတဲ့၊ ကျနော်တို့ ဘန်ကောက်သွားမလို့ပေါ့။ ဒါပေမယ့် အခုမသွားချင်တော့ဘူး မဲဆောက်ပဲ ပြန်မယ်ဆိုတော့ သူတို့ ဘန်ကောက်ကို ပို့ပေးမယ်တဲ့၊ မင်းတို့ တယောက်ကို ငါးရာပေးတဲ့၊ ကျနော်တို့လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူးလို့ပြောတော့ သူက ကျနော်တို့ကို ချပစ်ခဲ့ရော။ ပြန်ဆင်းတဲ့ဆိုပြီး ပြန်မောင်းထုတ်တယ်။ အဲဒါနဲ့ ကျနော်တို့လည်း မထူးဘူးဆိုပြီးတော့ အဲဒီ ပုလိပ်ဂိတ်ကို ရှာ ရှာ ရှာ ရှာနဲ့ ပုလိပ်ဂိတ်ကို မရောက်ဘူး၊ မရောက်တော့ အဲဒါနဲ့ သူတို့ပြောတာတော့ အတာလို့ ပြောတာပဲ၊ အတာလား ရဟိုင်းလား မသိပါဘူး၊ အဲဒီနေရာကိုရောက်တော့ ပုလိပ်ဂိတ်တွေ့တယ်။ ကျနော်တို့လည်း ၀မ်းသာသွားတာပေါ့နော်။ ဒီရွာရောက်ရင် ကျနော်တို့တော့ အဖမ်းမခံတော့ဘူး ဆိုပြီးတော့ အဲဒီပုလိပ်ဂိတ်ကို ကျနော်တို့ ခပ်တည်တည်နဲ့ လျှောက်သွားတယ်၊ ပုလိပ်တွေလည်း မဖမ်းဘူး၊ နောက် ဘုန်းကြီးတပါးဆီကို ရောက်သွားတော့ ဗိုက်ဆာလို့ သွားတောင်းစားတာ၊ ဘုန်းကြီးက ဖုန်းဆက်လိုက်တယ်နဲ့ တူပါတယ်။ တအောင့်လောက်ဆို ရွာသူကြီးအဖွဲ့တွေ ဘာတွေပေါ့ အစုံပဲ ရောက်လာတယ်။ ရောက်လာတော့ အဲဒါနဲ့ ကျနော်တို့ကလည်း အဖမ်းခံတယ်။ ကျနော်တို့ ပြန်မလို့ပေါ့ မဲဆောက်ကို၊ အဲဒါနဲ့ အဲဒီမှာ ကျနော်တို့ တညအိပ်ပြီးတော့ မဲဆောက်ကို ပြန်လာတာ။ သူတို့ ကားနဲ့ ပို့ပေးတယ်၊ ဒီတောမောရုံးကို၊ ပို့ပေးပြီး ကျနော်တို့ကို အဲဒီနေ့ပဲ ၃နာရီထိုးပဲ ကျနော်တို့ကို တောမောရုံးထဲ တံမြက်စည်းတွေ ဘာတွေ လှဲခိုင်းတယ်၊ လှည်းခိုင်းပြီး ကျနော်တို့ကို ချက်ချင်း လက်ဗွေနှိပ်ပြီး ဟိုဘက်ကမ်း သွားသွန်ပစ်လိုက်တယ်။ တောမောရုံးထဲမှာ ရှိတဲ့လူတွေနဲ့ပေါ့။

ကယ်ရီအဖွဲ့နဲ့ လမ်းမခွဲခင်တုန်းက တောလမ်းခရီးမှာ ကြုံတွေ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ အသက်အန္တရာယ် ရှိခဲ့ပုံတွေကိုလည်း သူက အခုလို ဆက်ပြောပြခဲ့ပါသေးတယ်။

(အသံ) ဒါ ကျနော်က တောထဲမှာရောက်တာ ယောင်္ကျားလေး ဖြစ်နေလို့၊ တချို့မိန်းကလေးတွေဆိုလို့ရှိရင် အဲဒီမှာ ဇွဲကျွတ်တောင် ဆိုတာရှိတယ်။ အဲဒီတောင်မှာဆိုရင် တချို့မိန်းကလေးတွေဆိုရင် မတက်နိုင်ကြဘူး။ အားကြီးပဲ တက်တဲ့အဖွဲ့က၊ တဖွဲ့နဲ့ တဖွဲ့တွေ့တယ်လေ။ တော်တော်လေး တက်ရတယ်။ ယောင်္ကျားလေးတွေတောင်မှ တော်တော်ကြီး အားအင်တွေ ကုန်ခမ်းသွားတာ။ ဆေးဝါးသောက်မှသာလျှင် ဒီတောင်ကို တက်နိုင်မှာ၊ မသောက်ရင်တော့ လမ်းတ၀က်မှာတင် မောပြီးတော့ ဟိုနင်းဖြစ်တယ်။ အဲဒီလို နေရာမျိုးမှာ တချို့အမျိုးသမီးလေးတွေကိုဆိုရင် ကျနော်တို့ ဒီနိုင်ငံအခေါ်အရ မြင်းဆေးဘာတွေကျွေး၊ ကျွေးပြီးတော့မှ တက်ခိုင်းတယ်။ တချို့မိန်းကလေးတွေ ဆိုရင်လည်း ဘ၀ပျက်တယ်။ အဲဒါမျိုးတွေ ကြုံရတယ်၊ နောက် တချို့ကျတော့ တောင်ပေါ်ကိုမတက်နိုင်တော့ တောင်ပေါ်ကနေ ပြုတ်ကျတာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေ ကျရင်လည်း ပွဲချင်းပြီးပဲ။ အဲဒါမျိုးလေးတွေတော့ ကျနော်တို့ တွေ့ခဲ့ရတယ်။ ဘာဖြစ်လို့ တွေ့ခဲ့ရလဲဆိုတော့ ကျနော်တို့ သွားတဲ့ နေရာတလျှောက်မှာ ပုပ်စော်က နံဟောင်နေတာ၊ နောက်ပြီးတော့ ကျနော်တို့ လူသေတွေလည်း ဘယ်လိုပြောမလဲပေါ့နော် အရိုးခေါင်းတွေပေါ့ အဲဒါမျိုးတွေ တွေ့ခဲ့ရတယ်။

သောတရှင်များ ကြားခဲ့ရတာတွေကတော့ ဘန်ကောက်အိပ်မက်ကို သုံးကြိမ်းသုံးလီ အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာအလုပ်သမားတဦးရဲ့ တောလမ်းခရီးရှည် စွန့်စားခန်းအကြောင်းပဲ ဖြစ်ပါတယ်။ သူက နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ်သနစ်တွေနဲ့ ကြုံတွေ့ပြီး သေကံမရောက် အသက်မပျောက်ခဲ့ပေမယ့် ဘန်ကောက် အိပ်မက်မက်ကြတဲ့ သူနဲ့ဘ၀တူ မြန်မာအလုပ်သမားတွေထဲက ဘယ်သူတွေ ‘သေ မြေကြီး’ဖြစ်ပြီး ဘယ်သူတွေ ‘ရှင် ရွှေထီး’ ဖြစ်ခဲ့ကြသလဲ ဆိုတာတွေကိုတော့ အလျဉ်းသင့်တဲ့အခါ ကျနော် ဆက်လက် တင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။

No comments: