Sunday, June 22, 2008

ခြင်္သေ့ကြီး မျက်လုံးနီနေပြီ

ဒီကနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိပံ္ပနည်းကျ ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာရှင်တွေက နေ့စဉ်လိုလို စိုးရိမ်တကြီး သတိပေးနေပေမယ့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဘာသာရေးအရ၊ သက်ဝင် ယုံကြည်မှုအရ မြန်မာ အပါအဝင် အာရှတိုက်သား အများစုရဲ့ ရာသီဥတု အပေါ် ယူဆချက်တွေက အများအားဖြင့် တူညီကြပါတယ်။

မီးအကြီးအကျယ် လောင်တာ၊ တောလဲသံကြီးတွေ မြည်ဟီးပြီး မြေငလျင်တွေ လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းဝင်တာ၊ အဲဒါတွေရဲ့ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးတွေ ဆိုက်တာ၊ လူပေါင်း သိန်း၊ သန်းချီ သေကြေပျက်စီးတာတွေဟာ ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခဏာတွေအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်တာတွေဟာ လူတွေရဲ့ အမှားကြောင့်ဆိုတာ အားလုံး လက်ခံထားကြသလို သဘာဝ ကပ်ဘေးတွေ ရက်ဆက်ဆိုသလို ကြုံတွေ့ရတာ၊ မထင်မှတ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ကြုံရတာတွေဟာ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ဓမ္မနဲ့အညီ မအုပ်ချုပ်တာ၊ လူတွေအချင်းချင်း သစ္စာတရား ကင်းမဲ့ပြီး ဒုစရိုက်တွေ ပေါများလာတာ၊ လူ့ကျင့်ဝတ်တွေ ဖောက်ပြားပြီး မောဟ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းတာတွေကြောင့် ကောင်းကင်ဘုံကနေ လောကလူသားတွေအပေါ် ပြစ်ဒဏ်ခတ်တာလို့ ဘာသာရေးဆိုင်ရာ တရားတော်တွေအရ ကောက်ချက်ဆွဲကြပါတယ်။

အထူးသဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ မိုးထဲလေထဲ ပြည်သူ့ အကျပ်အတည်းတွေအတွက် လမ်းမတွေ ထွက် ကြွချီပြီး မြို့ရွာတွေအနှံ့ မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တဲ့အပေါ် မြန်မာစစ်အစိုးက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး သံဃာတော်တွေကို စာသင်တိုက်တွေကနေ မောင်းထုတ်ခဲ့တာ၊ ဖမ်းဆီး ထောင်ချခဲ့တာတွေအပေါ် ဗုဒ္ဓဘာသာဝင် လူထုဟာ သွေးပျက်ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရပါတယ်။

ဓမ္မတရားကို ဖောက်ပြန်ပြီး ပြည်ရဲ့ ဦးခေါင်း၊ လက်ရုံးနဲ့ မျက်လုံးတွေ သုတ်သင်ခံရပြီဆိုတဲ့ အချိန်မှာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရတော့မယ်လို့ လူတွေက တထစ်ချ ယုံကြည်ခဲ့ကြပါတယ်။

ဒီလို အခြေအနေတွေ ကြုံရတဲ့အခါမှာ မြန်မာပြည်သူတွေဟာ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရတဲ့ အတိတ်ကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြီး ဒီကနေ့ ရှင်ဘုရင်ရူး ရူးနေတဲ့ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေအတွက် နေဝင်ချိန်ဟာ ၂ဝဝ၈ မကျော်တော့ဘူးလို့ ခန့်မှန်းလာကြပါတယ်။ အတိတ် တဘောင်တွေ၊ ဗေဒင်ယတြာတွေနဲ့အတူ လူထုဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ္စာတရားရဲ့ ထာဝရ မှန်ကန်ခြင်းကို ဆုပ်ကိုင်ကြပါတယ်။

အနီးစပ်ဆုံး ဆွဲယူပြတဲ့ ဥပမာတွေကတော့ မြန်မာလူမျိုးတွေရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် နန်းတွင်းက မင်းညီမင်းသားတွေ အစုလိုက် အပြုံလိုက် သုတ်သင်မှုရဲ့ နောက်ဆက်တွဲ နိုင်ငံအနှံ့ လုံခြုံမှုလျော့ရဲပြီး စီးပွားပျက် ကပ်ဆိုက်မှု၊ အထက်မြန်မာနိုင်ငံအနှံ့ ကျောက်ရောဂါကပ် တမဟုတ်ချင်း ပျံ့နှံ့ပြီး သီပေါရဲ့ တဦးတည်းသော သားတော် သေဆုံးခဲ့မှု၊ ပါတော်မမူခင် ကောင်းကင်တခွင်လုံး သွေးတွေ ပက်ကြဲထား သလို နီရဲနေခြင်း၊ မိုးကြိုးပစ်ခြင်း၊ အချိန်အခါမဟုတ် လျှပ်ပြက်ကာ လေပြင်းတိုက်ခြင်း စသည့် နိမိတ်များအကြောင်း ပါးစပ်စကားနဲ့တဆင့် သယ်ဆောင်ခဲ့ပါတယ်။

ဒုတိယမြောက် ထင်ရှားတဲ့ ဥပမာကတော့ အာဏာရှင် ဦးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ ပုဂံမြေက တန်ခိုးကြီးဘုရားတွေ အများအပြား ၁၉၇၅ ခုနှစ်မှာ ကြီးမားတဲ့ ငလျင်ဘေးကြောင့် မြေပြင်ပေါ် ပြားပြားဝပ်ခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာ မန္တလေးမြို့မှာ မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြည်သူအများစုက နိမိတ်တွေအဖြစ် လက်ခံခဲ့ကြပါတယ်။ ရလဒ်ကတော့ ၁၉၈၈ ခုနှစ်မှာ ကြီးမားတောင့်တင်းပြီး ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ (မဆလ) တပါတီကြီးနဲ့အတူ ဦးနေဝင်း တယောက် တပြည်လုံးရဲ့ ဆန့်ကျင်မှုကြောင့် ရာဇပလ္လင်ပေါ်ကနေ ဆင်းခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမတိုင်မီ ကောင်းကင်တခွင်ဟာ ညအခါမှာ သွေးကဲ့သို့ နီရဲနေတယ်လို့ လူကြီးသူမတွေက နိမိတ်တွေအဖြစ် ယုံကြည်ခဲ့ပါသေးတယ်။

တရုတ်ပြည်ရဲ့ တုနှိုင်းမဲ့ ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်က လူသိန်းနဲ့ချီ သေကြေခဲ့ရတဲ့၊ ကြီးမားတဲ့ ငလျှင်ကြီး လှုပ်ခတ်အပြီး လအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်တယောက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာလို့ သူ့လက်အောက် ဒုက္ခပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေက တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။

လူတွေဟာ သိပ်ကို အားကိုးရာမဲ့လာတဲ့အခါ၊ ခိုးကိုးရာမဲ့လာတဲ့အခါ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ နိမိတ်ပုံတွေကို ပိုမိုလက်ခံလာကြတာ ဓမ္မတာပါ။

ဒီနေရာမှာ သိပံ္ပနည်းကျ နိုင်ငံရေး ဖလော်ဆိုဖီတွေကို ခဏ ဘေးချိတ်ထားပြီး ပြည်သူတွေအားလုံး တညီတညွတ်တည်း စိတ်ဝင်စားနေကြတဲ့ ဒီ နိမိတ်တွေအကြောင်းက ပိုပြီး အရေးပါလာတာကတော့ ငြင်းလို့ မရပါဘူး။ မနှစ်က စက်တင်ဘာလမှာ သံဃာတွေ ဝါးရင်းတုတ်နဲ့ ရိုက်ခံရတာ၊ သေနတ်နဲ့ ပစ်သတ် ခံရတာတွေဖြစ်ပြီး လူထုအများစုက ဒီလိုအခြေအနေတွေကို မသိစိတ်ကနေ ထင်ကြေးပေးခဲ့ပါတယ်။

ဒီနှစ်ဆန်းမှာ မန္တလေးမှာ မီး အကြီးအကျယ် လောင်ခဲ့တာ၊ မေလမှာ ဧရာဝတီနဲ့ ရန်ကုန်မှာ မုန်တိုင်းကျပြီး လူ သိန်းနဲ့ချီ သေဆုံးခဲ့တာတွေဟာ ဒီထင်ကြေးကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။ လူထုဟာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေကြပေမယ့် အများစုကတော့ အုပ်ချုပ်သူတွေဟာ ဘုန်းတန်ခိုးပြည့်စုံမှ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ကျဉ်းနိုင်မယ်၊ အုပ်ချုပ်သူတွေ တရားပျက်တဲ့အခါ တိုင်းပြည်ဟာ အန္တရာယ် အသွယ်သွယ်၊ ကပ်ဆိုးတွေအဖုံဖုံ ကြုံရမယ်လို့ ယုံကြည်နေကြတုန်းပါပဲ။

အသေချာဆုံး ဖြစ်လာမယ့် ဘေးကတော့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဟာ နာဂစ်ဒဏ်ကြောင့် မှောက်သွားပါပြီ။ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ဘေးက လအနည်းငယ်မှာ ပေါ်ပေါက်လာဖို့က သေချာနေပါတယ်။ ပြည်ကတော့ တင်းနေပါပြီ။

တချိန်တည်းမှာပဲ မုတ်သုန်ရာသီရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မုန်တိုင်းတွေက မြန်မာ့ပင်လယ်ပြင်အနီးမှာ နိမိတ်တွေ ပြနေသလို မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုဖြစ်ရပ်တွေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖို့ ဖြစ်လာနေတော့တာပါပဲ။ မြန်မာ့သမိုင်းတလျှောက် ရာဇပလ္လင်ထက် ခွေးတက်လို့ သွေးပျက်စရာတွေ များစွာ ဖြစ်ခဲ့ဖူးပါတယ်။ လူထုဟာ ကောင်းကင်ဘုံရဲ့ နိမိတ်ကို ယုံကြည်တယ်ဆိုရင် ရင်ဆိုင်ရမယ့် ဘေးတွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီမိုကရေစီဟာ အသင့်ချက်ထားပြီးသား ထမင်းအိုးတအိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ ထမင်းအိုးတအိုး ဖြစ်ဖို့အတွက် စိတ်ဓာတ်တွေ ပြင်ထားဖို့ လိုပါတယ်။ ခေတ်သစ်တည်ဖို့ အရှိန်ယူထားဖို့ လိုပါတယ်။

“ခြင်္သေ့ကြီး မျက်လုံးနီနီ ... ပုဂံပြည်ကြီး ပျက်လတ္တံ့”... ဆိုတဲ့ အတိတ်ဘောင်တွေကို ယုံကြည် ကြသေးတယ်ဆိုရင် ပြည်သစ်တည်ဖို့ အားတွေမွေးကြဖို့ အချိန်ရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခြင်္သေ့ကြီး မျက်လုံးနီနေလို့ပါပဲ။ ။

နေသန်မောင်
(မဇ္ဈိမ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

No comments: