Monday, June 2, 2008

မြန်မာစစ်အစိုးရကို ကမ္ဘာ့ခုံရုံးတင်ရန် အချိန်ကျပြီ

အယ်ဒီတာ့အာဘော် (ကရင်သတင်းစဉ်)

မြန်မာနိုင်ငံ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မေလ(၂)ရက်နေ့နှင့် (၃)ရက်နေ့က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ မြန်မာပြည်သူ တသိန်းကျော် သေဆုံးခဲ့ရပြီး ၂သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မုန်တိုင်းဒဏ် အကြီးအကျယ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ အသက်မသေ ရှင်ကျန်ခဲ့သည့် လေဘေးဒုက္ခသည် ၂သန်းကျော်တို့မှာလည်း အမိုးအကာ၊ အ၀တ်အထည်၊ အစားအသောက်နှင့် သောက်သုံးရေ ပြဿနာများကို ရင်ဆိုင်နေကြရပြီး ၀မ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် အူရောင်ငန်းဖျားရောဂါများကို ခံစားနေကြရသည်။ မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရသည့် ဧရာဝတီတိုင်းရှိ မြစ်များ၊ ချောင်းများ၊ လယ်ကွက်များ၊ အိမ်ပျက်များတွင် လူသေအ လောင်းများ၊ ကျွဲနွားတိရိစ္ဆာန် အသေကောင်များ မြင်မကောင်းအောင် ပုပ်ပွလျက်ရှိပြီး သုဿာန်တစပြင်လို ဖြစ်နေသည်။

မြန်မာပြည်သူလူထု တသိန်းကျော် သေဆုံးပြီး ၂သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် အဓိက တရားခံမှာ မြန်မာစစ်အစိုးရပင် ဖြစ်သည်။ မြန်မာပြည်ကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မ၀င်ရောက်မီ မြန်မာနိုင်ငံကို ပြင်းထန်သည့် မုန်တိုင်းတခု ၀င်ရောက်တိုက်ခတ်နိုင်သည်ဟု အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို အသိပေး အကြောင်းကြားထားသည်။ အလားတူ သတင်းကို မြန်မာနိုင်ငံ မိုးလေ၀သဋ္ဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလွင်က ပျဉ်းမနား နေပြည်တော်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများထံ အချိန်မီ အကြောင်းကြားခဲ့သည်။ သို့သော် ထိုသတင်းကို စစ်အစိုးရက မှန်မှန်ကန်ကန် ထုတ်ပြန်ခြင်း မပြုဘဲ သတင်းထိမ်ချိန်ထားခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏ မေ(၁၀)ရက်နေ့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကြီးအား ရက်ရွှေ့ဆိုင်းရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်တွင်လည်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူလူထုအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မပြုသည့်အပြင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ လူသားချင်းဆိုင်ရာ အကူအညီများကို ငြင်းဆန်ခြင်း၊ နိုင်ငံတကာမှ ကယ်ဆယ်ရေး လုပ်သားများကို မြန်မာပြည်အတွင်း ၀င်ရောက်ခွင့်မရရန် ဗီဇာပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာစစ်အစိုးရ၏ ထိုလူမဆန်သည့် လုပ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံတကာမှ ခေါင်းဆောင်များ ပြည်သူများက အကြီးအကျယ် အံအားသင့်ခဲ့ရသည်။

ထိုအချိန်တွင် မြန်မာစစ်အစိုးရ စစ်ဗိုလ်ချုပ်တို့ အဓိက လုပ်ဆောင်နေသည်မှာ မေလ(၁၀)ရက်နေ့ လူထုဆန္ဒခံယူပွဲ ကျင်းပရေးပင် ဖြစ်သည်။ မြန်မာပြည်သူများ အတိဒုက္ခရောက်နေသည့်အတွက် လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းရန် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက တောင်းဆိုသည့် ကြားမှပင် စစ်အစိုးရက မေလ(၁၀)ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးကို အတင်းအကျပ် ပြုလုပ်ခဲ့ပြီး မြန်မာပြည်သူ (၉၂)ရာခိုင်နှုန်းကျော်က ၎င်းတို့ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ထောက်ခံကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရှုတ်ချခဲ့ကြပြီး လေဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား နိုင်ငံတကာမှ အကူအညီများကို လက်ခံရန်နှင့် ကျွမ်းကျင်သည့် ကယ်ဆယ်ရေး ၀န်ထမ်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရေးကို ဖိအားပေး တောင်းဆိုခဲ့သည်။ ခွင့်မပြုပါက ကုလသမဂ္ဂတပ်များ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန်ကိုပင် နိုင်ငံတချို့က စဉ်းစားနေသည့်အတွက် နိုင်ငံတကာ အကူအညီနှင့် ကယ်ဆယ်ရေး ၀န်ထမ်းတချို့ကို အကန့်အသတ်များဖြင့် စစ်အစိုးရ ၀င်ရောက်ခွင့်ပြုခဲ့သည်။ သို့သော် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် နေရာဒေသများကို ကယ်ဆယ်ရေး ၀န်ထမ်းများ သွားလာခွင့်နှင့် မှတ်တမ်းတင်ခြင်းများကို ကန့်သတ် ပိတ်ပင်ထားသည့်အပြင် နိုင်ငံတကာမှ အကူအညီများကို လက်ဝါးကြီးအုပ်ထားပြီး အနည်းငယ်ခန့်ကိုသာ ၎င်းတို့ကိုယ်တိုင် ပြည်သူလူထုများကို အကူအညီပေးနေသယောင် လုပ်ဆောင်ပြနေသည်။ နိုင်ငံတကာမှ ကူညီသည့် ငွေကြေးနှင့် အလှူပစ္စည်းများစွာကို ဂိုဒေါင်ကြီးများဖြင့် သိမ်းဆည်းထားပြီး ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချရန် ကြိုးပမ်းနေကြသည်။

မြန်မာပြည်သူများ အိုးမဲ့အိမ်မဲ့ စားရာမဲ့ သောက်ရာမဲ့ ဘ၀ဖြင့် အသက်ရှင်ရန် အခက်အခဲ အကြပ်အတည်း ဆိုက်ရောက်နေသည်ကိုပင် စစ်အစိုးရက ဂရုမထားဘဲ ၎င်းတို့အာဏာတည်မြဲရေး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ အဓိက အလေးပေး လုပ်ဆောင်နေခြင်းမှာ မြန်မာပြည်သူများကို မျက်ကွယ်ပြုလိုက်ခြင်း ဖြစ်သည်။ ပြင်းထန်သည့် မုန်တိုင်းကြီး ကျရောက်နိုင်သည်ကို အချိန်မီ သိပါလျက်နှင့် ပြည်သူလူထုကို သတင်းမှန် မပေးခြင်းသည် ပြည်သူလူထုကို သေတွင်းထဲသို့ ပို့ပေးနေခြင်းဖြစ်သည်။ ဤသို့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှသည့် စစ်အစိုးရကို ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာ့ခုံရုံးတင်၍ အရေးယူ အပြစ်ပေးရန် အချိန်ကျနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

1 comment:

Unknown said...

the right decision. the right time. Start now