စာပေ၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များ၊ ကယ်ဆယ်ရေးခရီး ထွက်ကြစဉ်
ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ
ဧရာဝတီ | မေ ၃၁၊ ၂၀၀၈
မေး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။ဧရာဝတီ | မေ ၃၁၊ ၂၀၀၈
ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေ စပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ပဲ မရောက်သေးတာ … ဒါလည်း ကျနော်သာ မရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေ ရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲ အပိုင်ထဲမှာ ရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ … ကျေးရွာအစုကြီး ၃ စု။
ဘိုကလေး အပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု … အဲဒါမျိုးတွေကို ကျနော်တို့ အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာ ရှိတယ်၊ ဘာအကူအညီမှ မရကြသေးဘူး။ နိုင်ငံတော်အဆင့်က ပေးတဲ့ အကူအညီတင် မဟုတ်ဘူး … ယူအန်ဆီကလည်း မရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။
မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေ ဘယ်လောက် သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက် ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။
ဖြေ။ ။ ကျနော် ဥပမာတခု ပြောပြမယ်။ မငေးကြီး ဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် … အဲဒီတထောင်မှာ ၇၀၀ က ဘာမှ မကျန်အောင်ကို လုံးဝ ပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက် သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိ ရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။
ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာ ဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရက ပေးတဲ့ ဆန်နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်က လာလှူတဲ့ ခေါက်ဆွဲခြောက် တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ …။
ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု … အဲဒီနေရာတွေကို ရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှ လာမပေးဘူး … အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါး ဖြစ်နေတယ်။
အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် … အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ … သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့ အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး … ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိက အဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှ မရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေ လုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီး သောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်း တသောင်း။
မေး။ ။ အစိုးရ ရနေတဲ့ … လက်ခံထားတဲ့ နိုင်ငံတကာက အကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။
ဖြေ။ ။ အဲဒါတွေက … ကယ်ဆယ်ရေး စခန်းတွေ ရှိတယ်ဗျ။ လပ္ပတ္တာမှာ ရှိတယ်၊ ဘိုကလေးမှာဆိုလည်း ရှိတယ် … အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့ နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲ ရှိတယ်။ ရွာတွေမှာ ရောက်နေတဲ့ လူတွေကတော့ ဘာမှမရကြဘူး။
မေး။ ။ ယူအန်က ပြောတယ်။ လွန်ခဲ့တဲ့ အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ … အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ မှန်တယ်လို့တော့ ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေး နေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် … ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ … ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်း မပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ … စိတ်မကောင်းစရာ အကြောင်းလေးတခု ကျနော် ဖြတ်ပြောပြမယ် … အဘွားကြီး တယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်း ကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက် သေသွားတယ် ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီး ကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။
မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတဲ့လူတွေ ဘယ်လောက် တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လို အခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။
ဖြေ။ ။ ၃ မျိုး တွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံ ရွှေပုဂံပေါ့ဗျာ … ဘာမှကို အပြောမခံဘူး၊ ဒေါသတွေ ကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့ လူတွေကို တွေ့ရတယ်။ ဒုတိယ တမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့ အခက်အခဲကြီးကို ပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာ ပြောကာနဲ့ ငိုနေတဲ့ လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲ မလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ … တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါ ပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါ ထည့်ပြီး တယောက်ချင်းစီကို ပေးတယ်။ အဲဒီလို ပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး … ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ် ဆိုတာမျိုးတွေ ရှိတယ်။
မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့ နေရာတွေမှာ နိုင်ငံတော်က ဘာတွေ လုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ ဘာမှ လုပ်မပေးဘူး။ ရတာက အခုန ကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင် တယောက် ဝေသွားတဲ့ ခေါက်ဆွဲခြောက် တထုပ်ပဲ ရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ ရောက်သွားတဲ့ အချိန်အထိ …
မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ ပို့ရသလဲ။ လှေတွေနဲ့ သွားတာလား။
ဖြေ။ ။ ဟုတ်တယ် … လှေနဲ့ သွားရတာ။
မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။
ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ … နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက် တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီး လုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက်အန္တရာယ်ကို တာဝန်မယူဘူးတဲ့ … မယူလဲနေ၊ သေချင် သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ် အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး … သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့ အမိန့်လေ … သွားလာရေး ခက်ခဲ့တဲ့ နေရာတွေကို သွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိက အလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလို လှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာ ပါတယ်။
အဲဒီအမိန့် ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေ ၀င်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ … ကျနော်တို့ သရုပ်ဆောင်တွေက ရွာတွေဆီ ယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့ လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။
မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား … နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေ ရွှေရောင်းသမ်းပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။
ဖြေ။ ။ အဲဒီအိပ်မက်ကလေး ကောင်းသားပဲလို့ ကျနော်ပြောချင်တယ် … ဟဲ ဟဲ ဟဲ … ဖားရှာ၊ ငါးရှာ ရှာလို့ ရမလားတော့ မသိဘူး … ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး … နာဂစ်ရနံ့ ဆိုတာရှိသေးတယ် … အဲဒီညှီနံ့ကြီးက ပြန်လာရင် ပါလာတာပဲ၊ ဘယ်သူမှ မခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလို နေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ … ငါးဖမ်းမယ့်အစား အလောင်းတွေ ဖဲ့စားမှ ရတော့မယ်။
မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြိုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။
ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးက ပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး … အလောင်းတွေ များလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းက အလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် … စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက် သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။
မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေ အများစုနေကြတယ် … သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် … အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် … သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။
အရေးပေါ် လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့် အနေနဲ့ ဒီနေ့က စပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆို စိုက်လို့ရအောင် ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။
မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။
ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် … ရွာတွေက ပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့ လူတွေနဲ့ သင်ပေးတယ်။
မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီ မရကြဘူးလို့ ပြောကြတာတွေလည်း ရှိတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ တိုင်းရင်သားမှ မဟုတ်ပါဘူး … ဗမာလည်း မရကြပါဘူး … ဘယ်သူမှ မရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ … ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ ခေါ်တဲ့ လက်တွန်း လယ်ထွန်စက်ပေါ့ … အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧက ပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်း ရှိတယ်။ ကျွန်းညိုကြီး တိုက်နယ်ကို အဓိက နေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် … အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီက မြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံး လိုသေးတယ်။
မေး။ ။ အိမ်နီးချင်း နိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေး အဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။
ဖြေ။ ။ တခြားနိုင်ငံတွေကတော့ မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက် လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ ရှိတယ်။ မနေ့က ပြန်သွားတယ် … စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ်။ ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။
မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေ ရပါသလဲ ခင်ဗျ။
ဖြေ။ ။ ရောက်လာတယ် … အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ … အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့ အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ … ရှမ်းလူမျိုးတွေ။
မေး။ ။ ရန်ကုန်မြို့ အခြေအနေကိုလည်း ပြောပြပါဦး။
ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့ အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။
မေး။ ။ ပြည်ပက လူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။
ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့ အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ ရွာတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ဖို့ အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်း ရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် … အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လို လူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေ လုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။
အိမ်တလုံး ဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး … အဲဒီလို အိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …။
ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေ ရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ ရောက်တဲ့ လပ္ပတ္တာက ရွာတွေ၊ ကျနော်တို့လူတွေ ရောက်တဲ့ ငပုတောက ရွာတွေ … ကျနော်တို့မှာ မြေပုံတွေ ရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် … တခြား အန်ဂျီအိုဖြစ်ဖြစ် … သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် … အဲဒါကို ကျနော်က မကြိုက်တာ။ ဒုက္ခသည်ကို ကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူး ပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လဲ။ ဒါမှမဟုတ် သွားလာနေတဲ့ လူတွေကို အကူအညီ ပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့လောက် ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီ မပေးဘူး … မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။
မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ ကိစ္စကကော ခင်ဗျ။
ဖြေ။ ။ တကယ်တမ်း ပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ … ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေ ပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး … တောင်းမှာပေါ့၊ သိပ် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး … ဘီစကစ်တွေ ကားပေါ်က ပစ်ချလို့ လမ်းဘေးမှာ လူးလှိမ့်ပြီး လုနေတာတော့ မရှိပါဘူး … ကားတိုက်ပြီး သေကုန်မှာပေါ့။
မေး။ ။ အမေရိကန်က ပြောနေတုန်း ရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာ သွားလို့ရတဲ့ ရှပ်ပြေး မော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် … ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကို လာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ … ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ … ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ … သတင်းတွေ နားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေ အရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်း ပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာ မဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။ ။
No comments:
Post a Comment