သတင်း - ဧရာဝတီ
စစ်အစိုးရက တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် ထိုင်းမြန်မာ နယ်စပ်တလျှောက်တို့တွင် လေကြောင်းရန် ကာကွယ်ရေးနှင့် ကြည်းတပ် စစ်အင်အားများကို တိုးချဲ့ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။
“မွန်ပြည်နယ်မှာ မြန်မာတပ်တွေ အသင့်အနေအထား ပြင်ဆင်ထားတယ်” ဟု မွန်လူ့အခွင့်အရေး အဖွဲ့မှ အူးမွန်က ပြောသည်။ “တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ မွန်ပြည်နယ်ထဲမှာ စစ်အစိုးရ စစ်တပ်တွေ ဖြန့်ချထားတယ်” ဟုလည်း ၎င်းက ပြောသည်။ “တပ်ရင်း ၁၀ ရင်းပါဝင်တဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် ၁၉ က စစ်စခန်းတွေ ရေးမြို့နယ် ကောဇာရွာ အတွင်းမှာ တပ်စွဲထားတယ်”ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံခြားတပ်များ မြန်မာပြည်တွင်းသို့ ဝင်လာပါက တုံ့ပြန်ရန်အတွက် တနင်္သာရီတိုင်း ကမ်းရိုးတန်း တလျှောက်နှင့် မွန်ပြည်နယ်တွင် စစ်အင်အား ဖြည့်တင်းထားခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာသူများက ပြောဆိုသည်။ မွန်ဒေသခံများ၏ အဆိုအရ သထုံမြို့နယ် အခြေစိုက် အမြောက်တပ်ရင်း ၆၀၆ မှ လေကြောင်း ကာကွယ်ရေးနှင့် ရေဒါစစ်စခန်းများကို မေလ နှောင်းပိုင်းမှ စတင်၍ မွန်ပြည်နယ် ဘုရားသုံးဆူအနီး အနန်းကွင်း ကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။ တချိန်တည်းတွင်ပင် နာဂစ်ဆိုင်ကလုန်း ဒဏ်ခံရသည့် ဧရာဝတီတိုင်း အတွင်း၌လည်း မေလနှောင်းပိုင်းမှ စတင်၍ စစ်အစိုးရက စစ်တပ်များ ဖြန့်ချထားကြောင်း သိရသည်။
ပဲခူးတိုင်း ပြည်မြို့အခြေစိုက် ခြေလျင်တပ်မ ၆၆ နှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်အခြေစိုက် တပ်မ ၁၁တို့မှ တပ်သား ၃၀၀၀ ခန့်ကို မေလ နောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းသို့ ပို့ဆောင်ခဲ့သည်ဟု လပွတ္တာ ဒေသခံတဦးက ပြောသည်။ လပွတ္တာမြို့နယ် အတွင်းရှိ မုန်တိုင်း ဒုက္ခသည်များကို ဆန်အပါအဝင် တခြားသော လေဘေးအကူပစ္စည်းများ ဖြန့်ဖြူးရေး အတွက် ခြေလျင်တပ်စခန်း ၆ ခု မှ တာဝန်ယူထားသည်ဟုလည်း ၎င်းက ပြောသည်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များ အကူအညီပေးရေး ၃ ရက်ခန့် သွားရောက်ပြီး ယမန်နေ့က ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မုန်တိုင်းဒဏ် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကလည်း ပြင်စလူကျွန်းနှင့် လပွတ္တာတို့ အပါအဝင် မြစ်ဝကျွန်းပေါ်တွင် စစ်တပ်များ ချထားကြောင်းနှင့် ရန်ကုန်- ဒေးဒရဲ ကားလမ်းပေါ်တွင်လည်း လုံထိန်းတပ်များ ချထားကြောင်း ပြောဆိုသည်။
ထိုင်းနိုင်ငံ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ယင်းကဲ့သို့ ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် စစ်အစိုးရက စစ်တပ်များ ဖြန့်ချထားခြင်းသည် နိုင်ငံခြားတပ်များက လူသားချင်း စာနာမှုဆိုင်ရာ ကြားဝင် စွက်ဖက်လာပါက တုံ့ပြန်ရန် တပ်လှန့် နှိုးဆော်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။ “အိမ်နီးချင်း နိုင်ငံတွေမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်တဲ့အခါတွေမှာလည်း နယ်စပ်မှာ ဒီလို တပ်လှန့်တာမျိုးတွေ အရင်ကလည်း လုပ်ခဲ့တာရှိတယ်”ဟု ဦးဌေးအောင်က ပြောပြသည်။
လွန်ခဲ့သော၂၀၀၁ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်ပြဿနာဖြစ်ပြီးနောက်ပိုင်း စစ်အစိုးရက မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် လေကြောင်း ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းအတွင်း အမှတ် ၅၀၅ အမြောက်ကြီး စခန်းဌာနချုပ် လက်အောက်ခံ အမြောက်တပ်ရင်း ၁၂ ရင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းတွင် မြိတ်မြို့နယ် အခြေစိုက် အမှတ် ၆၀၆ အမြောက်ကြီး စခန်းဌာနချုပ် လက်အောက်ခံ အမြောက်တပ်ရင်း ၁၁ ရင်း စသည့် အမြောက်တပ်ရင်းများကို ဖြန့်ချထားခဲ့ကြောင်း လေ့လာသူများက ပြောဆိုသည်။
Tuesday, June 3, 2008
ထိုင်း- မြန်မာ နယ်စပ်တွင် မြန်မာစစ်တပ် အင်အားတိုးချဲ့ချထား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment